Thursday, January 28, 2010

ပြောရဦးမယ် နိုင်ငံတော်သီချင်းကိစ္စ


ဒါတွေကို အရင်ဖတ်ပါ-
၁။ နိုင်ငံတော်သီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲ
၂။ နိုင်ငံတော်သီချင်းဆောင်းပါးအတွက် တွေးခဲ့မိတာလေးတွေ
၃။ နိုင်ငံတော်သီချင်းရှင်းတမ်း

7Day News ဂျာနယ်မှာပါခဲ့တဲ့ "နိုင်ငံတော်သီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲ"ဆိုတဲ့ ဆောင်းပါးကစခဲ့တဲ့ ဇာတ်လမ်းဟာ ကျွန်တော့်အတွက် အခုထိ မပြီးသေးပါဘူး။ အဲဒီဆောင်းပါးကို ကျွန်တော်တင်ပေးခဲ့စဉ်ကတည်းက နောက်ဆက်တွဲ ရေးသားခဲ့သလို ဆောင်းပါးပါအကြောင်းအရာတွေဟာ ကျွန်တော်ဖတ်ဖူး၊ သိဖူးထားတာတွေနဲ့ မတူခြားနားပြီး တစ်မျိုးဖြစ်နေတယ်ဆိုတာဟာ စောင့်ကြည့်ဂျာနယ်မှာပါလာတဲ့ "နိုင်ငံတော်သီချင်းရှင်းတမ်း" ဆိုတဲ့ဆောင်းပါးကြောင့် ပိုလို့သေချာသွားသလို အသက်ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ လုံးဝကြီးစိတ်ကျေနပ်သွားတာ စိတ်ရှင်းသွားတာတော့ မဟုတ်ပါဘူး။ အခုအချိန်ထိ ရင်ထဲမှာ အလိုမကျနဲ့ တစ်မျိုးကြီးဖြစ်နေဆဲပါ။ ကျွန်တော်ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ် မဟုတ်သေးတာတော့ အသေအချာပါပဲ။ ဘာပြောချင်တာလဲဆိုတော့ နိုင်ငံတော်သီချင်းကို ရေးတဲ့သူနဲ့ပတ်သက်ပြီး အခြားသော မူကွဲဆောင်းပါး၊ အကြောင်းအရာ ရှိသေးတယ်ဆိုတာပါပဲ။ ဆောင်းပါးတွေ ဘယ်လောက်ပဲရေးရေး အားလုံးရဲ့အဖြေဟာ တစ်ခုတည်းဆိုရင် အကြောင်းမဟုတ်ပါဘူး။ ရေးသမျှဆောင်းပါးအကုန်လုံးက တစ်ယောက်တစ်မျိုးစီ မှန်နေကြတာဆိုရင်တော့ ဒါဟာ တစ်မျိုးဖြစ်ရုံတင် မဟုတ်တော့ပါဘူး။ အားလုံးက၀ိုင်းဝန်းစဉ်းစား အဖြေရှာဖို့ အရေးကိစ္စဖြစ်တယ်လို့ ဆိုချင်တာပါ။

ပထမဆုံး ဘာမှမပြောခင် ဒီဆောင်းပါးကိုဖတ်ချင်လွန်းတဲ့အတွက် ကျွန်တော်ကြုံခဲ့ရတာလေးတွေကို ပြောပြချင်သေးတယ်။ မှတ်တမ်းလေးလည်း ဖြစ်ချင်တာကြောင့်ပါ။ တစ်ရက်မှာ ညီငယ်တစ်ယောက်က ပြောလာတယ်။ အစ်ကိုကြီးရဲ့ ဘလော့ဂ်မှာ နိုင်ငံတော်သီချင်း ဘယ်သူရေးသလဲဆိုတဲ့ဆောင်းပါးကို ဖတ်ရတယ်ပေါ့။ နောက်ပြီးဆက်ပြောတာက စောင့်ကြည့်ဂျာနယ်မှာ နိုင်ငံတော်သီချင်းရှင်းတမ်းဆိုပြီး ဆောင်းပါးတစ်ပုဒ်ပါလာတယ်။ အစ်ကိုဖတ်ပြီးပြီလားပေါ့။ ကျွန်တော်လည်း အတော်ပျော်သွားတယ်။ မဖတ်ရသေးဘူးပေါ့။ ကျွန်တော့်ကွန်ပျူတာထဲမှာ လိုက်ရှာနေပြီး မတွေ့သေးတဲ့ ဆောင်းပါးများဖြစ်နေမလားဆိုပြီး အတော်ပျော်သွားတယ်။ ကျွန်တော်အပတ်စဉ် ၀ယ်ယူဖတ်ရှုတဲ့အထဲမှာ စောင့်ကြည့်ဂျာနယ်မပါတဲ့အတွက် သူ့ဆီမှာရှိတဲ့ ဂျာနယ်ကို ကျွန်တော့်ကို ခဏငှားပါဦး။ အဲဒီဆောင်းပါးကို မိတ္တူကူးပြီးရင် ပြန်ပေးပါ့မယ်လို့ တောင်းဆိုလိုက်ပါတယ်။ သူကလည်း စိတ်ချပါဆိုပြီး ကတိတွေ အထပ်ထပ်ပေးသွားပါတယ်။ စိတ်ထဲမှာ စိတ်မချပေမယ့် မဖြစ်စလောက် မျှော်လင့်ချက်၊ ယုံကြည်မှုလေးနဲ့ သူဘယ်နေ့များ အဲဒီဂျာနယ်လာပေးမလဲလို့ မျှော်ခဲ့ရတာပေါ့။ ဂျာနယ်လာပေးဖို့ဝေးစွ၊ အဲဒီလိုပြောပြီးတဲ့နေ့ကလည်းက ကျွန်တော်နဲ့ မတွေ့တော့တာ အခုဒီပို့စ်ကို ရေးနေတဲ့အချိန်အထိပဲ ဆိုပါတော့။ သူ့အကြောင်းနဲ့သူ ရှိမှာပါလေ။

စကားဆက်ရရင် အဲဒီဆောင်းပါးကို မဖတ်ရသေးလို့ လူကစိတ်ထဲမှာ မကြည်မလင်ဖြစ်နေပါတယ်ဆိုမှ The Voice Weekly အတွဲ ၆ အမှတ် ၁၂ မှာ ကောက်နုတ်ချက်ကဏ္ဍကနေ အဲဒီဂျာနယ်မှာပါတဲ့ ဆောင်းပါးကောက်နုတ်ချက်ကို ထည့်ပေးလိုက်တော့ ပိုဆိုးသွားတယ်။ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်ဖတ်ချင်တာဖတ်ရမည်ဆိုတာကို နားလည်သွားလိုက်တယ်။ ကိုယ့်ဘာသာကိုယ်ဖတ်ချင်တာကို သူများကိုအားကိုးတကြီးနဲ့ စောင့်မျှော်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အတော်ဒေါသထွက်သွားမိတယ်။ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားရတော့တာပေါ့။ အနီးစပ်ဆုံးဖြစ်နိုင်တာကို အရင်စလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်နေ့စဉ် ဂျာနယ်ယူနေကျဆိုင်မှာ လက်ကျန်ဂျာနယ်ဟောင်း ရှိ၊ မရှိ မေးကြည့်တော့ ကျွန်တော်ကြိုပြီးမျှော်မှန်းထားသလိုပါပဲ၊ မရှိပါဘူးတဲ့။ အဲဒီနေ့ကဆို နောက်အပတ်စဉ်ထုတ် စောင့်ကြည့်ဂျာနယ်တောင် ထွက်ပြီးနေပြီ။ ဒါနဲ့ပဲ အဲဒီဂျာနယ်ကို ပုံမှန်အပတ်စဉ်ယူတဲ့လူ မရှိဘူးလားဆိုတော့ ရှားရှားပါးပါး တစ်ဦးတည်းသာ ရှိပါတယ်တဲ့။ အဲဒါကလည်း ဟိုတယ်တစ်ခု ဖြစ်နေတယ်။ ကျွန်တော်လည်း စာအုပ်ဆိုင်ကိုပဲ အကူအညီတောင်းရတော့တာပေါ့။ အရင်အပတ်က စောင့်ကြည့်ဂျာနယ်ကို ခဏဖြစ်ဖြစ် ငှားပေးလို့ရမလားပေါ့။ မိတ္တူကူးချင်တာလေး ရှိလို့ပါပေါ့။ စာအုပ်ဆိုင်ကလည်း လိုလိုလားလားပါပဲ။ အဲဒီဟိုတယ်က ဂျာနယ်လာယူရင် ခဏငှားပေးဖို့ ကူညီပြောပေးပါမယ်တဲ့။ အဲဒီဆောင်းပါးကို ကျွန်တော်ဖတ်ရတော့မယ်ဆိုတာကို သေချာပေါက် ယုံကြည်သွားတယ်။

မနေ့ညနေက ဂျာနယ်သွားယူတော့ စာအုပ်ဆိုင်ရောက်တဲ့အချိန်မှာ ကျွန်တော်အကူအညီတောင်းထားတဲ့ စောင့်ကြည့်ဂျာနယ်ကို ချက်ချင်းထုတ်ပေးပါတယ်။ မိတ္တူကူးပြီးရင် နက်ဖြန်မနက်စောစော ပြန်ပေးစေချင်ပါတယ်တဲ့။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ ကျေးဇူးတင်စကားတောင် ပြောမိသလားဆိုတာကို ကိုယ့်ဘာသာကိုယ် မမှတ်မိဘူး။ ပိုက်ဆံပါမလာတဲ့အတွက် လက်ဘက်ရည်ဆိုင်အထိ သွားပြီးခါမှ သူငယ်ချင်းဆီကနေ ပိုက်ဆံခဏချေး၊ ကပ်လျက်က မိတ္တူဆိုင်မှာ စိတ်နာနာနဲ့ မိတ္တူနှစ်စုံတောင် ကူးပစ်လိုက်တယ်။ ကံများကောင်းချင်တော့လည်း မိတ္တူဆိုင်က စာရွက်နှစ်ရွက်ပဲကူးတာကို ပိုက်ဆံယူရမှာ အားနာလို့ထင်ပါရဲ့။ မပေးပါနဲ့ဆိုပြီး အလကားကူးပေးလိုက်တယ်။ ကျွန်တော်လိုချင်တာကို ရသွားတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတာ ဘာနဲ့မှကို မတူပါဘူးဗျာ။ ငှားထားတဲ့ဂျာနယ်ကို နက်ဖြန်အထိ မစောင့်တော့ဘဲ မြို့ထဲအထိတစ်ခေါက်ပြန်ပြီး တကူးတကကို ပြန်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ မှတ်မှတ်ယယကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ငှားပေးတဲ့ဟိုတယ်က လူကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးစမ်းပါဆိုပြီး သေသေချာချာကို မှာခဲ့ပါတယ်။ အခုခင်ဗျားတို့ ဖတ်နေရတဲ့ "နိုင်ငံတော်သီချင်းရှင်းတမ်း" ဆိုတဲ့ဆောင်းပါးက အဲဒီလိုရပြီးမှ ပြန်တင်ပေးခဲ့ရတာခင်ဗျ။ ကျေးဇူးတင်ခံချင်လို့ မဟုတ်ပါဘူး။ တန်ဖိုးမထားမှာ စိုးတဲ့အတွက်ပါ။ တန်ဖိုးထားစေချင်တာပါ။

အခုကိစ္စကို ဘာကြောင့်ဒီလောက် သည်းသည်းမည်းမည်းဖြစ်နေရသလဲဆိုရင် နိုင်ငံတော်သီချင်းကိစ္စမို့ပါ။ ကျွန်တော်တို့ မွေးစကနေ သေဆုံးသွားသည်အထိ မြန်မာတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သီဆိုသည်ဖြစ်စေ၊ စာသားတွေကို ရွတ်သည်ဖြစ်စေ၊ ရင်ထဲ၊ အသည်းထဲကနေ ကြက်သီးမွေးညင်းထလောက်အောင် ပြောင်မြောက်လှတဲ့၊ ကျွန်တော်တို့နိုင်ငံရဲ့ အထိမ်းအမှတ်သီချင်းဖြစ်တဲ့ ဒီနိုင်ငံတော်သီချင်းကို ဘယ်သူရေးတာပါဆိုပြီး အတိအကျမပြောနိုင်ဘဲ သီဆိုခဲ့ရတယ်၊ သေသွားတဲ့အထိ ဆိုသာဆိုခဲ့ရတယ် ဘယ်သူရေးမှန်းမသိသွားဘူးဆိုပြီး အသေမဖြောင့်ဖြစ်မှာ စိုးတာကြောင့်ပါ။ နောက်ဆုံး သားသမီးမြေးမြစ်တွေကို ပြောပြမယ်ဆိုရင်တောင် အဲဒီသီချင်းက ဘယ်လိုအဓိပ္ပါယ်ရှိတယ်ဆိုတာပဲ ရှင်းပြနိုင်မှာပေါ့။ တကယ်လို့များ အဲဒီကလေးတွေက "အဲဒီသီချင်းကို ဘယ်သူရေးခဲ့တာလဲ ဖေဖေ/ဘိုးဘိုး/ဘိုးဘိုးကြီး" ဆိုပြီး မေးလာခဲ့ရင် မခက်ချေဘူးလားဗျာ။ ခင်ဗျားတို့ရဲ့ သားသမီးမြေးမြစ်တွေကရော မမေးကြဘူးလား။ မေးလာခဲ့ရင် ခင်ဗျားဘယ်လိုဖြေမလဲ။

အခုကျွန်တော်တင်ပေးခဲ့တဲ့ News Watch ဂျာနယ်ပါ ဆောင်းပါးနဲ့ 7Day News ဂျာနယ်ပါ ဆောင်းပါးပါ အချက်အလက်တွေဟာ နည်းနည်းပါးပါးမဟုတ်ဘဲ အတော်ကြီးကို ကွဲလွဲနေတာ စိတ်မကောင်းစရာပါ။ အခုနိုင်ငံတော်သီချင်းရှင်းတမ်း ဆောင်းပါးကိုလည်း မူကွဲတစ်ခုအနေနဲ့သာ လိုလိုလားလား ဖတ်ခဲ့၊ မှတ်ခဲ့ရတာပါ။ News Watch မှာ ရေးထားတဲ့ ဆောင်းပါးဟာ အဖိုးတန်ဆောင်းပါးတစ်ပုဒ် ဖြစ်ပါလျက်နဲ့ အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုသလို အချို့နေရာတွေမှာ စာမချောတဲ့အပြင် တချို့တချို့သော စာကြောင်းတွေဆိုရင် ဘယ်လိုနားလည်ရမှန်းကို မသိပါဘူး။ ဥပမာပြရရင် "ဤကိစ္စကိုဆွေးနွေးရန် ဂီတအဖွဲ့ချုပ် အမှုဆောင်များသည် မြိုင်ဇာတ်ရုံအသင်းတိုက်တွင် ကျင်းပသည်" ဆိုတဲ့စာကြောင်းမျိုးက ဘယ်လိုအဓိပ္ပါယ်ပေါက်ပါသလဲ။ ဆောင်းပါးရေးသူက ဘာကိုဆိုလိုသလဲဆိုတာကို ကျွန်တော်နားလည်ပါသည်။ သို့သော် သူရေးထားတာက အဲဒီအဓိပ္ပါယ်မရောက်ပါ။ ကျွန်တော်ကတော့ အယ်ဒီတာတွင် လုံးဝတာဝန်ရှိသည်ဟု မြင်မိပါသည်။ အယ်ဒီတာတစ်ယောက်အနေနဲ့ စာကြောင်းတွေဖတ်လို့ချောအောင် အဓိပ္ပါယ်ပေါက်အောင်လောက်တော့ ပြုပြင်တည်းဖြတ်၊ ဒါမှမဟုတ် မူရင်းစာရေးသူကို ထောက်ပြအကြံပေးတာလောက်တော့ လုပ်သင့်သည်ဟု မြင်မိပါသည်။ သူ့ရဲ့တာဝန်ကိုက အယ်ဒီတာဖြစ်ပါသည်။ စာမူစုတာလောက်၊ စိစစ်ရေးတင်တာလောက်၊ စာမူခထုတ်ပေးတာလောက်ကိုသာ အယ်ဒီတာ့တာဝန်ဟု မှတ်ထင်နေသလားလို့ ကျွန်တော်တွေးနေမိသည်။ အခြားဆောင်းပါးများကို ကျွန်တော်မပြောလိုပါ။

အခုနောက်ပိုင်း ဂျာနယ်တွေမှာ စာလုံးပေါင်းအမှားတွေ ပလူပျံနေတာကို ကျွန်တော်မသိချင်ယောင်ဆောင်၍ ဖတ်ပါသည်။ ယခင်လိုတောင် ဂျာနယ်ဖတ်ရင်း မင်နီလိုက်မတားတော့ပါ။ စာလုံးပေါင်းမှားတာကိုတွေ့လိုက် မင်နီတားလိုက်နှင့် ကျွန်တော့်မှာ စာကိုပင် သေချာမဖတ်ရတော့ပါ။ တဖြည်းဖြည်းနှင့် သူတို့ဂျာနယ်တွေကို စာလုံးပေါင်းစစ်ပေးနေသလို ဖြစ်နေသဖြင့် အဲဒီအလုပ်ကို စွန့်လွှတ်ထားလိုက်ရပါသည်။ အဲဒါက အဓိကမဟုတ်ပါဘူးလေဆိုတဲ့စိတ် မွေးလိုက်ရသည်။

အယ်ဒီတာအနေဖြင့် ယခုလို ဆောင်းပါးမျိုးကိုတော့ ဂရုစိုက်သင့်သည်ဟု ထင်ပါသည်။ ထင်ပါသည်ဟု မပြောလိုတော့ပါ။ ဂရုစိုက်ကိုစိုက်ရမည့်ဆောင်းပါးဟု ပြောချင်ပါသည်။ နိုင်ငံတော်သီချင်းကိစ္စသည် မြို့လယ်တိုက်ခန်းက လူပြုတ်ကျလို့ သေသွားတာထက်၊ ၀က်မကြီးက လူကလေးတွေမွေးတာထက်၊ ရုပ်ရှင်မင်းသမီး ဗိုက်ကြီးတာထက်၊ တေးရေးဆရာတွေစုပေါင်းပြီး တေးရေးခတွေ တောင်းတာထက်၊ မြန်မာ့လက်ရွေးစင်အသင်း တောင်ကိုရီးယားက အပျော်တမ်း တက္ကသိုလ်ဘောလုံးအသင်းကို ရှုံးတာထက် အများကြီးအများကြီး နှိုင်းမရအောင် ပို၍ အရေးကြီးပါသည်။ ထို့ထက်ပိုသည်က ယခုဆောင်းပါးသည် အခြားဂျာနယ်တစ်ခုတွင် ဖော်ပြပါရှိပြီးသည့် ဆောင်းပါးတစ်ပုဒ်ကို မှားယွင်းနေကြောင်း ဖြေရှင်းရေးသားထားသည့်အတွက် ပိုမိုဂရုစိုက်ရန်လိုအပ်ခြင်း ဖြစ်ပါသည်။ မိမိဂျာနယ်ပါဆောင်းပါးဖြင့် အခြားဂျာနယ်ပါ ဆောင်းပါးကို မှားယွင်းကြောင်းပြောဆိုသည့် ဆောင်းပါးမျိုးကိုမှ အရေးတယူမလုပ်လျှင် မည်သို့သော စာမူကို အရေးတယူလုပ်ဖို့ စိတ်ကူးရှိသနည်းဟု မေးလိုက်ချင်ပါသည်။ စောင့်ကြည့်ဂျာနယ်၏ အယ်ဒီတာ ဘယ်သူလဲဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော်ကလည်း ဘာကောင်မှမဟုတ်ပါ။ သို့သော် ကောင်းစေချင်သည့်အတွက် ထောက်ပြဝေဖန်ပေးခြင်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံးဝ(လုံးဝ) မပါကြောင်း သစ္စာဆိုပါသည်။

ယခုဆိုလျှင် "နိုင်ငံတော်သီချင်းရှင်းတမ်း" ဆိုသည့် ဆောင်းပါးတစ်ပုဒ်တည်းဖြင့် အဆိုပါဂျာနယ်ကို ကျွန်တော်စိတ်ဝင်စားမိသည့်အတွက် နောက်လာမည့် ဖေဖော်ဝါရီလတွင် ထိုဂျာနယ်ကို အစမ်းယူမည်ဖြစ်ကြောင်း စာအုပ်ဆိုင်ကို ပြောထားလိုက်ပါသည်။ နောက်ထပ်တစ်ခု ထောက်ပြလိုသေးသည်။ ရှေ့ပိုင်းတွင် ဦးစိန်းမောင်ဟု ရေးထားသည်၊ နောက်တတိယနောက်ဆုံးပိုဒ်ရောက်တော့ ဦးစိန်မောင် ဖြစ်သွားသည်။ ၀စ္စနှစ်လုံးပေါက်လေး ကျန်တာများကွာလို့ မပြောကြပါနှင့်။ လူတစ်ယောက်၏ နာမည်သည် သူ၏ အသက်ပင်ဖြစ်ပါသည်။ သူနေထိုင်ကျင်လည်ခဲ့ရာ ဘ၀တစ်လျှောက်လုံးတွင် ကောင်းတာ၊ ဆိုးတာမှန်သမျှကို အဆိုပါနာမည်ဖြင့် မှတ်တမ်းကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ဦးစိန်မောင် နှင့် ဦးစိန်းမောင်သည် လုံးဝကို ကွဲပြားခြားနားပါသည်။ ယခုဆောင်းပါးရေးသူ "တေဇအောင်"ကို ကျွန်တော်က "တေဇာအောင်"ဟု မှားရေးမိလျှင် လက်ခံကြပါမည်လားဟု တွေးမိသည်။

နောက်ဆုံးအပိုဒ်တွင် သမိုင်းဟူသည်…………. စသည်ဖြင့် အစချီကာ ဤစာမူကို ဘယ်သူတွေရဲ့ပြောပြချက်တွေ အပေါ်မှာ မူတည်ပြီး ရေးသားထားကြောင်း ပြောထားပါတယ်။ အဲဒီအထဲမှာ ဆောင်းပါးရှင်ညွှန်းထားတဲ့ စာရေးဆရာကြီး (ဦး)သုခမိန်ဆိုတာ ဘယ်သူမှန်း ကျွန်တော်မသိပါဘူး။ တူရိယာဂီတအဖွဲ့ချုပ် အမှုဆောင်စာရင်းမှာလည်း အဲဒီနာမည်ကို မတွေ့ပါဘူး။ အဖွဲ့လိုက်ခွဲပြီး သီချင်းရေးကြတဲ့အထဲမှာလည်း အဲဒီနာမည် မပါ,ပါဘူး။ ၀ိုင်အမ်ဘီသခင်တင် အထိမ်းအမှတ်ပွဲမှာ သီချင်းဆိုတဲ့လူ၊ တီးတဲ့လူ စာရင်းမှာလည်း မတွေ့ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ အဲဒီပုဂ္ဂိုလ်ကို ညွှန်းထားသလဲဆိုတာကို ဖြေရှင်းသင့်လှပါတယ်။ အမှုဆောင်ထဲက တစ်ဦးဦးရဲ့ သား၊ သို့မဟုတ် ညီ၊ သို့မဟုတ် တစ်နည်းနည်းတော်စပ်သူလား၊ ဒါမှမဟုတ် အဲဒီအချိန်က သီချင်းရေးစပ်ရာမှာ တာဝန်ရှိသူတစ်ဦးဦးလား ဆိုတာမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံတော်သီချင်းရေးတဲ့သူကိစ္စ ဒီလိုတွေ ဖြစ်နေတာကို လုံးဝကို စိတ်မချမ်းသာပါ။ နိုင်ငံတော်သီချင်း၏ သက်တမ်းသည် အနှစ်(၈၀)သာ ရှိပါသေးသည်။ အနှစ်(၈၀၀) မဟုတ်ပါ။ ထိုမျှကာလသာရှိသေးသော သမိုင်းအချက်အလက်ကိုပင် ဘယ်ဟာအမှန်ဟု ကျွန်တော်တို့တွေ တိတိကျကျ၊ သေသေချာချာ မသိပါဘဲလျက် ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်ဆိုပြီး မြန်မာ့သမိုင်းစဉ်များကို ဖတ်နေ၊ မှတ်နေရသည်မှာ တစ်မျိုးကြီးဖြစ်ရသည့်အပြင် ရင်နာလှပါသည်။ တိတိကျကျမှတ်တမ်းမထားဘဲ သမိုင်းမှတ်တမ်းအားနည်းသော ကျွန်တော်တို့လူမျိုး၏ စရိုက်တွေကို ပြင်ဆင်သင့်ပြီထင်ပါသည်။ အချိန်မီပါသေးသည်။

မြန်မာနိုင်ငံတော်ကြီးတွင် မွေးဖွားလာသည်မှ သေဆုံးသွားသည်အထိ ယနေ့မြန်မာလူမျိုးအားလုံး၊ နောင်မြန်မာလူမျိုးအားလုံး မြတ်နိုးဂုဏ်ယူစွာ သီဆိုနေကြရဦးမည့် နိုင်ငံတော်သီချင်းကို မည်သူရေးခဲ့သည်၊ သို့မဟုတ် မည်သို့ဖြစ်ပေါ်လာသည်ကို တစ်ဦးချင်းတစ်ယောက်ချင်းမဟုတ်ဘဲ တာဝန်ရှိသူများက ဦးဆောင်၍ ရှေ့မီနောက်မီပုဂ္ဂိုလ်များအနေဖြင့် မနှေးအမြန် ၀ိုင်းဝန်းအဖြေရှာ ဖြေရှင်းပေးခြင်းဖြင့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သင့်ကြပါကြောင်း အကြံပြုတိုက်တွန်း ရေးသားအပ်ပါသည်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၈ ရက်၊ ကြာသပတေးနေ့။
နံနက် ၇ နာရီ ၁၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics