Thursday, January 28, 2010

Old Trafford မှာ သရဲနီတွေရဲ့ ခြောက်လှန့်ခြင်းကို ခံလိုက်ရတဲ့ မန်စီနီနဲ့ မန်စီးတီး


manutdcarlingcup.jpg
ပြိုင်ပွဲ - ကာလင်းဖလား ဆီးမီးဖိုင်နယ် (ဒုတိယအကျော့)
နေရာ - အိုးလ်ထရက်ဖို့ဒ်၊ မန်ချက်စတာ။
ယှဉ်ပြိုင်သည့်အသင်းများ - မန်ချက်စတာယူနိုက်တက် Vs မန်ချက်စတာစီးတီး

ပွဲရလဒ်
ပထမအကျော့ - မန်ချက်စတာစီးတီး ၂ ဂိုး - ၁ ဂိုး မန်ချက်စတာယူနိုက်တက်
ဒုတိယအကျော့ - မန်ချက်စတာယူနိုက်တက် ၃ ဂိုး - ၁ ဂိုး မန်ချက်စတာစီးတီး
နှစ်ကျော့ပေါင်း - မန်ချက်စတာယူနိုက်တက် ၄ ဂိုး - ၃ ဂိုး မန်ချက်စတာစီးတီး

ကားလင်းဖလားပြိုင်ပွဲနဲ့ အနီးဆုံးနေရာကို အရောက်လှမ်းသွားတဲ့ မန်ချက်စတာယူနိုက်တက်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကားလင်းဖလား ဆီမီးဖိုင်နယ် (ဒုတိယအကျော့)ပွဲစဉ်မှာ မန်ယူက မန်စီးတီးအသင်းကို ၃ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး - ၃ ဂိုးဖြင့် ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာနဲ့ တွေ့မယ်။

အမှားမရှိသလောက်နည်းခဲ့တဲ့ မန်ယူနောက်တန်း
မနေ့ညကပွဲမှာ အဓိကပြောစရာဖြစ်ခဲ့တာကတော့ အမှားအနည်းဆုံးနဲ့ ကစားသွားနိုင်ခဲ့တဲ့ မန်ယူနောက်တန်းပါပဲ။ ဂိုးသမား ဗန်ဒါဆားက ဂိုးပေါက်ကို တာဝန်ယူခဲ့ပြီး သူ့ရှေ့ကခံစစ်တံတိုင်းကြီးတွေအဖြစ် ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ရာဖေးလ်တို့ ကစားခဲ့ကြပါတယ်။ မန်စီးတီးရဲ့ အသက်ဖြစ်တဲ့ တောင်ပံနှစ်ဖက်က ဘယ်လာမီနဲ့ ရိုက်ဖီးလစ်တို့ကို မန်ယူရဲ့ ရာဖေးလ်နဲ့ အီဗရာတို့က အကောင်းဆုံးဟန့်တား ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ညာတောင်ပံခံစစ်ကစားခဲ့တဲ့ ရာဖေးလ်ဟာ ဘယ်လာမီကို လုံးဝကို ဘောလုံးမထွက်နိုင်အောင် ခပ်ကြမ်းကြမ်းပိတ်ဆို့ကစားပြီး ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ရာဖေးလ်ကို မကျော်နိုင်ခဲ့တဲ့အတွက်လည်း ဘယ်လာမီဟာ စိတ်တိုပြီး မမှားသင့်တာတွေမှား၊ မလုပ်သင့်တာတွေလုပ်ပြီး ဘောလုံးတွေဆုံးခဲ့ရပါတယ်။

ဖာဂူဆန်မှန်သွားတဲ့ အလယ်တန်းလူထုတ်ပုံ
gal3454af9b14143dbaded1.jpg
ပွဲမစခင်က အလယ်တန်းမှာ ၅ ယောက်အထိ ထားကစားတဲ့ ဖာဂူဆန်ရဲ့ နည်းဗျူဟာကို လုံးဝကို နားမလည်နိုင်ခဲ့ဘူး။ ဂစ်၊ ဖလက်ချာ၊ ကားရစ်၊ နာနီနဲ့ ပေါစခိုးလ်တို့ရဲ့ အလယ်တန်းအတွဲကို ဟုတ်မှဟုတ်ပါ့မလားလို့ သံသယနဲ့ စိုးရိမ်ခဲ့ရတယ်။ ဒါပေမယ့် ဖာဂူဆန်ဟာ ဖာဂူဆန်ပါပဲဆိုသလိုပါပဲ။ မနေ့ညကပွဲကို အဓိကထိန်းချုပ်မောင်းနှင်သွားတာက မန်ယူအလယ်တန်းပါ။ အထူးသဖြင့် သက်ကြားအိုနှစ်ယောက်ဖြစ်တဲ့ ပေါစခိုးလ်နဲ့ ဂစ် နှစ်ယောက်စလုံး ငယ်မူခြေသွေးအပြည့်နဲ့ အကောင်းဆုံးကစားသွားနိုင်ခဲ့တာဟာ အများကြီးစကားပြောသွားခဲ့ပါတယ်။ မန်စီးတီးက ဘယ်ရီက ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ ဂစ်က မန်ယူတိုက်စစ်ကို အကောင်းဆုံးပုံဖော်ပေးသွားနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ရဲ့လုပ်ရပ် မှန်ကန်ခဲ့တယ်ဆိုတာကို မန်ယူသွင်းသွားတဲ့ ၃ ဂိုးမှာ ၂ ဂိုးက အလယ်တန်းကစားသမားတွေဖြစ်တဲ့ ပေါစခိုးလ်နဲ့ ကားရစ်သွင်းသွားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါတောင် ဖလက်ချာအနေနဲ့ သေချာပေါက်အပိုင်ဂိုးရမယ့် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားလို့သာပါ။

ဂိုးသွင်းခြေမှန်မှန်နဲ့ ပြိုင်ဘက်တွေအတွက် တစ္ဆေဖြစ်လာတဲ့ ၀ိန်းရွန်းနီ
ဖာဂူဆန်ရဲ့ နည်းဗျူဟာအရ မနေ့ညကပွဲမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတဲ့ ရွန်းနီဟာ ပြိုင်ဘက်တွေအားလုံး ထိတ်တလန့်လန့်နဲ့ သတိထားရတော့မယ့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာနေပါပြီ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ဟားလ်စီးတီးကို တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့တယ်။ မနေ့ညကပွဲမှာလည်း ပွဲသိမ်းလက်သီးဖြစ်တဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးကို နာကျင်အချိန်ပို ၂ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တယ်။ ရွန်းနီရဲ့ခေါင်းတိုက်ချက်မှာ မန်စီးတီးရဲ့ အိပ်မက်တွေအားလုံး တစစီလဲပြိုသွားခဲ့ရတယ်။ စီရော်နယ်လ်ဒိုကို တမ်းတနေသူတွေအားလုံး ပါးစပ်တွေပိတ်ပြီး "ရွန်းနီ... ရွန်းနီ.... ရွန်းနီ..." လို့ အော်လိုက်ကြစမ်းပါ။ အခုဆိုရင် ရွန်းနီဟာ မန်ယူရဲ့ အိုက်ကွန်ဖြစ်နေပြီဆိုတာကို ဘယ်သူများငြင်းချင်သေးတာလဲ။ အသင်းပြောင်းမှာကိုလား... စိတ်ပူမနေပါနဲ့။ ရွန်းနီဟာ စီရော်နယ်လ်ဒို မဟုတ်ပါဘူး။ ဘက်ဟမ်းမဟုတ်ပါဘူး။ မန်ယူအတွက် ဂိုးတွေသွင်းပေးဖို့ ရွန်းနီရှိနေဦးမှာပါ။

မန်ယူရဲ့ ပထမဂိုး
သက်ကြားအိုကြီး ပေါစခိုးလ်က ၁၈ ကိုက်ထိပ်ကနေ ဂိုးသမားဂစ်ဗင်းရဲ့ ညာဖက်ထောင့်ကို မြေနိမ့်ဘော ကန်သွင်းသွားတယ်။ ဂိုးရှေ့မှာ ရှုပ်ရှက်ခတ်နေတာကို ဆက်မတိုးဘဲ နောက်ကိုဘောလုံးချပေးလိုက်တဲ့ ကားရစ်ရဲ့ အကွက်မြင်မှုကြောင့်ပါ။

မန်ယူရဲ့ ဒုတိယဂိုး
ခြေပေါ်ခဲ့တဲ့ နာနီက အံ့သြဖွယ်ရာဖန်တီးပေးမှုအဖြစ် ဖလက်ချာကို ချပေးရာမှာ ဖလက်ချာရင်ဘတ်နဲ့ထိန်းပြီး တိုက်ရိုက်ကန်သွင်းဖို့ လုပ်ပေမယ့် အချိန်မမီခဲ့ဘူး။ နောက်တန်းနဲ့ငြိပြီး ပျက်တော့မယ့်ဘောလုံးကို ဖလက်ချာက မရအရခြေဖျားလေးနဲ့ထိုးပြီး ကားရစ်ကို ချပေးလိုက်တယ်။ ကားရစ်ကလည်း စကေးလ်ကိုက် လှလှပပပဲ ဂိုးသမားနဲ့ နောက်တန်းတွေကြားကနေ အသာလေးမြေလိမ့်ဘော ကန်သွင်းလိုက်တယ်။

မန်စီးတီးက တိဗက်ဇ်ရဲ့ ချေပဂိုး
ရာဖေးလ်ကိုထုတ်ပြီး ဘရောင်းနဲ့ လဲလိုက်တဲ့အချိန်မှာ လှုပ်ခွင့်ရသွားတဲ့ ဘယ်လာမီက လွတ်လွတ်လပ်လပ် ကန်တင်ပေးလိုက်တာကို အီဗန်ခေါင်းတိုက်နေတဲ့ကြားက တိဗက်ဇ်က နောက်ပြန်ခြေနဲ့ပေါက်သွင်းသွားတာပါ။ ဘာပဲပြောပြော သရဲနီတပ်သားဟောင်းကြီးခမြာ နှစ်ပွဲပေါင်းမှာ မန်ယူအသင်းဘက်ကို ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကိုတော့ ချီးကျူးမိပါတယ်။

မန်ယူရဲ့ တတိယအနိုင်ဂိုး
gal9e9246d4989dc7423661.jpg
တိဗက်ဇ်ဂိုးသွင်းလိုက်တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီနဲ့ သရေပွဲဖြစ်တော့မယ်လို့ အားလုံးက ထင်မှတ်လိုက်ကြတယ်။ ပင်နယ်တီကန်ရတော့မယ်ပေါ့။ ဒါပေမယ့် ဖိအားဝင်သွားပြီဖြစ်တဲ့ မန်စီးတီးတို့ ကစားကွက်ပျက်သွားတာကို အခွင့်ကောင်းယူပြီး မန်ယူက တရစပ်မနားဘဲ တိုက်စစ်ဆင်တာမှာ ထောင့်ကန်ဘောဖြစ်သွားတယ်။ ဗလင်စီယာနဲ့ ဂစ် အပေးအယူလုပ်ပြီး ဂစ်ကန်တင်ပေးလိုက်တာကို ၀ိန်းရွန်းနီက မလွတ်တမ်း လှလှပပ ခေါင်းခုန်တိုက်သွင်းကာ မန်စီးတီးကို ကားလင်းဖလားလမ်းကြောင်းပေါ်ကနေ ကန်ထုတ်ပစ်လိုက်ပြီး အက်စတွန်ဗီလာနဲ့ ဗိုလ်လုပွဲမှာတွေ့မယ်လို့ အခိုင်အမာ နာမည်ရေးထိုးလိုက်တယ်။

စိတ်မကောင်းဘူး၊ ကန့်ကွက်တယ်
စိတ်မကောင်းတာက မနေ့ညကပွဲမှာ မန်စီးတီးက ဘယ်လာမီ ထောင့်ကန်ဘောကန်မယ်အလုပ်မှာ မန်ယူပရိသတ်က ပေါက်လိုက်တဲ့ အကြွေစေ့ထိမှန်သွားလို့ပါ။ ခေါင်းပေါက်၊ ထိပ်ပြဲမဖြစ်ပေမယ့် ကိုယ့်ကွင်းမှာလာကန်တဲ့ ဧည့်သည်ကစားသမားကို ဒါမျိုးလုပ်တာကိုတော့ မန်ယူပရိသတ်ဖြစ်ပေမယ့် ကျွန်တော်လက်မခံပါဘူး။ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှုပြင်းထန်သည်ဖြစ်စေ အားပေးတဲ့နေရာမှာပဲ ပြိုင်ဆိုင်စေချင်ပါတယ်။ အခုလိုမျိုး ကိုယ်ထိလက်ရောက် အကြွေစေ့နဲ့ပစ်တာမျိုးကတော့ လုံးဝကို မဖြစ်သင့်တဲ့အပြင် အင်မတန်မှကို ဘောလုံးအားကစားလောကအတွက် အရုပ်ဆိုးစေတဲ့အတွက် ကန့်ကွက်ပါတယ်။ အကြွေစေ့မှန်ပြီး ဘယ်လာမီလဲကျနေချိန်မှာ နောက်ထပ် ဘီယာပုလင်းနှစ်လုံး ၀င်လာပါသေးတယ်။ အဲဒီဘီယာပုလင်းတွေများ ဘယ်လာမီရဲ့ခေါင်းကိုမှန်ခဲ့ရင် ခေါင်းပေါက်မှာ အသေအချာပါပဲ။ ကိုယ့်မန်ယူအသင်းသားကို အခြားကွင်းသွားကန်တဲ့အခါ အဲဒီလိုမျိုး လုပ်ခဲ့ရင် မန်ယူပရိသတ်တွေ ကြိုက်မှာမဟုတ်ပါဘူး။ သူများကစားသမားတွေကိုလည်း အဲဒီလိုမလုပ်ဖို့လိုပါတယ်။

ဒါမှ ဒါဘီအစစ်
ဒါဘီပွဲများစွာ ကြည့်နေကြရပါတယ်။ တစ်ခါတစ်လေ ပြိုင်ဆိုင်မှုပြင်းထန်သလို၊ တစ်ခါတစ်လေ အိပ်ငိုက်ရတဲ့အထိ ပျင်းဖို့ကောင်းပါတယ်။ ဒါပေမယ့်လို့ မန်ချက်စတာဒါဘီကတော့ ဘာနဲ့မှမတူတဲ့ ရသတွေကို အမြဲတမ်းပေးတဲ့ ယှဉ်ပြိုင်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ သူတို့နှစ်သင်း ဆုံတွေ့ကြတိုင်း ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ အမြဲတစေ စိတ်လှုပ်ရှားစရာကောင်းလေ့ ရှိပါတယ်။ မနေ့ညကပွဲမှာလည်း ပွဲပြီးတဲ့အထိ ပရိသတ်ကို ရင်တဖိုဖိုဖြစ်အောင် လုပ်ပြသွားခဲ့ပါတယ်။

အိပ်ရေးပျက်ရကျိုး နပ်ပါတယ်
ဘာပဲဖြစ်ဖြစ် မနေ့ညက (အမှန်ဆိုရင် ဒီနေ့မနက်ဖြစ်ရမှာ၊ မနက် ၂း၃၀ နာရီမှာ ထကြည့်ရတာကိုး) ယှဉ်ပြိုင်ခဲ့တဲ့ ကားလင်းဖလား ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပွဲစဉ်ကို ချမ်းချမ်းစီးစီး မှောင်နဲ့မည်းမည်းမှာ အိပ်ရေးပျက်ခံပြီး ထကြည့်ခဲ့ရတာ၊ ၂ ပေစလောင်းတွေ၊ TATA လိုင်း၊ MRTV-4 တွေက မလွှင့်တဲ့အတွက် ၈ ပေစလောင်းရှိတဲ့ သူငယ်ချင်းအိမ်ကို နှင်းတောထဲမှာ ၁၀ မိနစ်လောက် ဆိုင်ကယ်စီးပြီး သွားကြည့်ခဲ့ရ၊ ပြန်လာခဲ့ရတာတွေဟာ ပေါစခိုးလ်၊ ကားရစ်နဲ့ ရွန်းနီတို့ရဲ့ ဂိုးတွေကြောင့် ပျော်ရွှင်မှု၊ ၀မ်းမြောက်မှု၊ ကျေနပ်မှုတွေ ဖြစ်ခဲ့ရတာတွေနဲ့ ယှဉ်လိုက်တော့ ဘာမှမပြောပလောက်တဲ့ မြူမှုန်လေးတွေ ဖြစ်သွားတော့တာပါပဲ။

Bravo Manchester United!

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၈ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics