Friday, January 29, 2010

စိတ်အလို လက်မလိုက်နိုင်ဖြစ်နေရပြီး သဝေမထိုးနိုင်တဲ့ ကျွန်တော်


ခေါင်းစဉ်ကိုဖတ်ပြီး ဘာတွေအဆန်းထွင်ပြန်ပြီလဲလို့ မတွေးကြစေချင်ပါ။ ဒီကောင်ဉာဏ်ကြီး ဘယ်တွေကို သဝေထိုးနေလို့ အခုကျမှ သဝေမထိုးနိုင်ဘူး ပြောနေရတာလဲလို့ ဆန္ဒတွေ မစောလိုက်ပါနဲ့ဦးနော်။ အဖြစ်က ဒီလိုခင်ဗျ…. ဒီလို။

ပန်းကန်မကွဲဘူး၊ လက်ကွဲသွားတယ်
မနေ့ညနေက ကော်ဖီခွက်တွေဆေးရင်း ကျကွဲမယ့်ခွက်တစ်လုံးကို ကပျာကယာ လက်လှမ်းလိုက်မိရာက ကျွန်တော့်ရဲ့ လက်သန်းကို ကြွေခွက်ကွဲရှသွားပါတယ်။ အစကတော့ ဘာဖြစ်သွားမှန်းမသိပါဘူး။ ဘေစင်မှာ ပန်းကန်ဆေးနေရင်းနဲ့ ခွက်တစ်လုံးပြုတ်ကျမလို ဖြစ်သွားတဲ့အတွက် လက်လှမ်းလိုက်တယ်။ ခွက်ကအောက်ပြုတ်မကျသွားဘဲ ဘေစင်ထဲကို ပြန်ကျလာတယ်။ ဒါပေမယ့် ခလွမ်ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်လက်ကနေ သွေးတွေချက်ချင်း စီးကျလာခဲ့တယ်။ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ခါတိုင်းတွေလိုပဲ အပေါ်ယံရှပ်ထိတာလောက်ပဲ ထင်တဲ့အတွက် သွေးထွက်နေတဲ့လက်ကို ရေဆေးပြီး ပလာစတာကပ်မယ်ပေါ့။ ဒါပေမယ့် ရေသာဆေးနေရတယ်၊ သွေးထွက်တာက မရပ်တဲ့အတွက် သေချာကြည့်မိတော့မှ အပေါ်ယံ အရေပြားတင်မဟုတ်ဘဲ အသားပါ,ပါသွားတာကို တွေ့ရပါတယ်။ သွေးကလည်း ဘာထွက်သလဲမမေးနဲ့။ ဘေစင်နဲ့ ရေချိုးခန်းကြမ်းပြင်မှာ တပေါက်ပေါက်နဲ့ကို ကျနေတော့တာ။ ကော်ဖီခွက်က လက်ကိုင်မရှိတော့တာကို အဲဒီကျမှ တွေ့တယ်။ ခွက်မှာကျန်ခဲ့တဲ့ လက်ကိုင်အကျိုးက လက်သန်းကို စောင့်ထိုးလိုက်သလို ဖြစ်သွားတာပါ။ ကွဲနေတဲ့လက်သန်းကို ပုဆိုးနဲ့ အသာအုပ်ပြီး သူငယ်ချင်းကို လှမ်းအော်ရတယ်။ သေတ္တာထဲမှာရှိတဲ့ ဆေးပစ္စည်းထုတ်ထဲက ပလာစတာလေးထုတ်ပြီး ကပ်ပေးဖို့ပါ။ ကွဲသွားတာက ကြီးတဲ့အပြင် သွေးကမတိတ်တဲ့အတွက် ပလာစတာကပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ ဂွမ်းလည်း အတော်ကုန်သွားတယ်။ နောက်ဆုံးတော့ ဂွမ်းနဲ့ခဏပိတ်ပြီး ပတ်တီးစည်းထားလိုက်တယ်။

လက်တစ်ဖက်မြှောက်နေရတယ်
ရေချိုးလို့ မရတော့တဲ့အတွက် ကောင်းနေတဲ့ ညာဖက်လက်ကလေးနဲ့ပဲ မျက်နှာသစ်ပြီး အ၀တ်အစားလဲရတယ်။ တော်တော်ကို ခက်ခက်ခဲခဲ အ၀တ်အစားတွေကို ၀တ်လိုက်ရတယ်။ ရာသီဥတုက အေးတဲ့အပြင် လက်ကလည်း သွေးမတိတ်ဘဲ နည်းနည်းစီကိုက်လာတဲ့အတွက် ဆေးခန်းပြမှဖြစ်မယ်ဆိုပြီး ဆေးခန်းကို ပြေးရတော့တာပေါ့။ အစကတော့ တစ်ယောက်တည်းသွားမလို့ပါပဲ။ လမ်းသွားရင်းနဲ့မှ ထိခိုက်ရှနာဆိုတော့ သေချာပေါက် အရက်ပြန်ဆေးမှာပဲဆိုပြီး ငယ်ငယ်ကလေးဘ၀တုန်းက အနာကို အရက်ပြန်ထည့်တဲ့အချိန်မှာ ဘေးကနေ လေမှုတ်ပေးတာလေးကို သတိရမိပြီး ညီငယ်တစ်ယောက်ကို ၀င်ခေါ်သွားလိုက်တယ်။ လက်ကိုအောက်ချထားရင် သွေးကျပြီး ကိုက်နေတဲ့အတွက် ဘယ်ဖက်လက်တစ်ခုလုံးကို အပေါ်ကို မ,ထားရတယ်။

ဆေးခန်းမှာ တာဝန်ကျသူနာပြုက စည်းလာတဲ့ပတ်တီးကို ဖြေလိုက်တဲ့အထိ သွေးမတိတ်သေးဘူး။ ဒီလောက် ရာသီဥတုက အေးနေတာကို သွေးကလည်း ထွက်ပဲထွက်နိုင်လွန်းတယ်။ အရက်ပြန်နဲ့ဆေးတယ်၊ ကျွန်တော်ထင်သလို စပ်ဖို့နေနေသာသာ သိတောင်မသိလိုက်ဘူး။ ဂွမ်းအဖြူနဲ့ပဲ သုတ်နေတယ်ထင်နေတာလေ။ အရက်ပြန်စိမ်ထားမှန်း ပြီးမှသိတာ။ လက်ကလည်း ထုံနေတာကိုး။ စစ်ဆေးပြီး အရိုးကိုမထိကြောင်းပြောပါတယ်။ ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်တယ်။ သောက်ဆေးလည်း ပေးလိုက်တယ်။ နက်ဖြန်မနက်တော့ ပြန်လာပြပါတဲ့။

ဘလော့ဂ်ကို ပစ်ထားရဦးမလား
သူငယ်ချင်းတွေကပြောတယ်။ တစ်ပတ်လောက်တော့ ပို့စ်အသစ်တွေ မဖတ်ရတော့ဘူးပေါ့တဲ့။ "အင်း… ဟုတ်တယ်" လို့ ပြန်ဖြေလိုက်ပေမယ့် ခေါင်းထဲမှာစဉ်ထားတဲ့ အကြောင်းအရာတွေက အများကြီးဖြစ်တဲ့အတွက် စိတ်ညစ်မိတာတော့ အမှန်ပဲ။ လက်ကောင်းနေတုန်း ဒီလောက်အချိန်ရသလို တင်ပေးနေတာတောင် စိတ်ကျေနပ်တာ မဟုတ်ဘူး။ အခုလိုသာ ပို့စ်မတင်ဘဲ နားလိုက်ရရင် အတော်လေးတော့ ကမောက်ကမတွေ ဖြစ်ကုန်တော့မှာပဲလို့ တွေးနေမိတယ်။ ဒါပေမယ့် စာဖတ်ဖို့အချိန် ပိုရလာမှာသေချာတဲ့အတွက်တော့ ကျေနပ်သွားတယ်။ အရင်လို အချိန်လုပြီး စာဖတ်စရာ မလိုတော့ဘူးပေါ့။

သဝေမထိုးဘဲ တစ်ရက်လေးတောင် မနေနိုင်ပေါင်
အခုမနက်အိပ်ရာနိုးတော့ ဘာလုပ်ရမလဲစဉ်းစားတယ်။ အစကတော့ စာဖတ်ဖို့ပါပဲ။ ဒါပေမယ့် စိတ်ကမရပါဘူး။ ကွန်ပျူတာရှေ့ကိုပဲ ရောက်တာပါပဲ။ အဲဒါနဲ့ ဒီပို့စ်ကို စရိုက်ဖြစ်သွားပါတယ်။ ဘယ်ဖက်လက်မှာ လက်သန်းက ပတ်တီးထူကြီးနဲ့ လုံးဝလှုပ်လို့မရတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး ဖြစ်နေတယ်။ ပြီးတော့ လက်သန်းနေရာက ကီးဘုတ်ရဲ့ တကယ့်နေရာမှာ လက်တင်ရတာဆိုတော့ ပိုဆိုးတယ်။ A ရယ်၊ Shift Key ရယ်၊ ဇော်ဂျီမှာဆိုရင်တော့ သဝေထိုးရယ်၊ Dead Key ရယ်ကို နှိပ်လို့မရတဲ့အတွက် စာရိုက်တဲ့နေရာမှာ အတော်လေးကို ဒုက္ခရောက်တယ်ဗျ။

အဲဒါကြောင့် ကျွန်တော်က ခေါင်းစဉ်မှာ သဝေထိုးလို့မရဘူးလို့ ပြောခဲ့တာပါ။ ကျွန်တော့်လက်သန်းလေး အနားယူနေရတယ်လေ။ အဲဒီတော့ ကျွန်တော် သဝေမထိုးနိုင်တော့ဘူးပေါ့ဗျာ။ လက်သန်းရဲ့တာဝန်ကို လက်သူကြွယ်ကို ပေးလိုက်ရတာပေါ့။ အင်း ပုံမှန်အတိုင်း စဉ်းစားကြည့်ရင် လက်သန်းက ဘာမှအသုံးမ၀င်သလောက်ပဲဗျ။ အခုလို စာရိုက်တဲ့ကီးဘုတ်နေရာကျတော့လည်း တစ်ချောင်းဆိုတစ်ချောင်း လစ်ဟာသွားတာနဲ့ အရမ်းကိုသိသိသာသာကြီး ဒုက္ခရောက်သွားတယ်။ လက်သန်းက အလုပ်မလုပ်နိုင်တဲ့အတွက် သူ့အစား အနီးစပ်ဆုံးဖြစ်တဲ့ လက်သူကြွယ်က တာဝန်ယူရတာပေါ့။ သူကတော့ အလုပ်နှစ်မျိုး ထမ်းဆောင်ရတာပေါ့လေ။ ကျွန်တော်တို့ လူမှုဝန်းကျင်မှာလည်း အဲဒီလို အဖြစ်အပျက်တွေ ရှိတာပဲမဟုတ်လား။

နောက်မှပေါက်တဲ့ရွှေကြာ
သြော်… ကဘောက်တိကဘောက်ချာတစ်ခု ပြောပြရဦးမယ်။ လက်သန်းအစား လက်သူကြွယ်ကိုသုံးပြီး စာရိုက်တာ အတော်ကို အဆင်ပြေနေပြီ။ ဘယ်လောက်တောင် အဆင်ပြေသလဲဆိုရင် အခုဆို လက်သူကြွယ်ကိုနှိပ်တိုင်း သဝေထိုးနဲ့ ဆလိမ်ချည်းပဲ ပေါ်နေတယ်။ မူလစာလုံးတွေဖြစ်တဲ့ ယပင့်၊ တ၀မ်းပူတို့ မပေါ်တော့ဘူး။ (ဥပမာပြောရရင် ကျွန်တော်ဆိုတဲ့ စကားလုံးရဖို့ သုံးခါလောက် ပြန်နှိပ်ရတယ်။ ကျွန်ဆော် ဆိုတာချည်းပဲ ဖြစ်နေလို့။ ရတယ်ဆိုရင်လည်း ရဆယ်လို့ပဲ ဖြစ်နေတယ်။ ရယ်ချင်လိုက်တာဗျာ။

ကဲ… စကားကြောရှည်နေတာ တော်ပါပြီဗျာ။ နေ့စဉ်တင်ပေးတဲ့ပို့စ်တွေ နည်းသွားမှာ အသေအချာပါပဲ။ မတင်ဘဲကတော့ နေနိုင်မှာ မဟုတ်တာသေချာတယ်။ အဲဒီအတွက် ကျွန်တော်အဆင်ပြေသလောက်ဆော့ တင်ပေးသွားမှာပါ။ ဒီပို့စ်ကို ရိုက်ဖို့အတွက် ၄၅ မိနစ်လောက် အချိန်ပေးလိုက်ရတာကိုဆော့ မကျေနပ်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စိတ်ပဲရှိတာ.. လက်ကမှ မလိုက်နိုင်တာကိုး။ စိတ်အလို လက်မလက်နိုင် ဖြစ်နေကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၉ ရက်၊ သောကြာနေ့။
နံနက် ၆ နာရီ ၃၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics