Wednesday, January 27, 2010

ကျန်းမာသောနှစ်သစ် ၂၀၁၀ အတွက် စားသုံးသူအခွင့်အရေး သို့မဟုတ် ပညာရှင်များ တားမြစ်ထားသော အစားအသောက် ခုနစ်မျိုး - ဆက်ပိုင်လင်းခန့် (ဆေး-၂)


ကောင်းသောနှစ်သစ် ၂၀၁၀ မှာ သင့်ရဲ့ကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့ အောက်ပါအစားအသောက် ခုနစ်မျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးပညာရှင်များက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

(၁) ခရမ်းချဉ်သီး စည်သွတ်ဘူးများ (ခရမ်းချဉ်သီးဆော့စ်များ ပါဝင်သည်)
စည်သွတ်ဘူးတွေ ထုတ်ပိုးရာမှာ Bisphenol-A (ဘစ်ဖီနော-အေ) လို့ခေါ်တဲ့ ဓာတုပစ္စည်းကို သံဖြူဘူးတွေရဲ့ နှုတ်ခမ်းသားမှာ သုတ်လိမ်းအသုံးပြုကြပါတယ်။ ဒီဓာတုဒြပ်ပေါင်းဟာ မျိုးဆက်ပွား ကျန်းမာရေးပြဿနာများ၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ အ၀လွန်ရောဂါတွေကို ဖြစ်စေတယ်လို့ ဆေးပညာရှင်တွေ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒီလိုစည်သွတ်ဘူးတွေထဲမှာမှ ခရမ်းချဉ်သီးတွေရဲ့ အက်ဆစ်ဓာတ်က ခန္ဓာကိုယ်ထဲကို ဘစ်ဖီနော-ဘေ ပိုမိုရောက်ရှိစေတယ်လို့ ဆိုပါတယ်။

ဖြေရှင်းနည်း - သံဖြူစည်သွတ်ဘူး မဟုတ်တဲ့ ဖန်ပုလင်းတွေနဲ့လာတာတွေကို ရွေးချယ်ဝယ်ယူပါ။

(၂) ပြောင်းဖူးအဆန်ကျွေး၍ မွေးမြူထားရာမှ ရရှိသော အမဲသား
နွားဆိုတဲ့ သတ္တ၀ါမျိုးတွေဟာ အရွက်စားတဲ့သဘာဝပဲရှိပြီး အဆန်တွေစားတဲ့ သဘာဝမရှိပါဘူး။ ဒါပေမယ့် ယနေ့ခေတ် နွားမွေးမြူသူတွေက နွားတွေကို ကြီးထွားမှုမြန်ဆန်လာအောင် ပြောင်းဖူး၊ ပဲပိစပ် စတဲ့သီးနှံတွေ ကျွေးလာကြပါတယ်။ အရွက်စားတဲ့ နွားတွေရဲ့အသားမှာ အနှံစားတဲ့နွားတွေရဲ့ အသားထက် ဘီတာကယ်ရိုတင်း (ဗီတာမင်အေ)၊ ဗီတာမင်အီး၊ အိုမီဂါသရီးအဆီများ၊ CLA လို့ခေါ်တဲ့ အကျိုးပြုအဆီများနဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် စတဲ့ သတ္ထုဓာတ်များ ပေါများစွာ ပါဝင်တာကို တွေ့ရပါတယ်။ အနှံစားတဲ့ နွားတွေမှာတော့ ဒါတွေနည်းပါးပြီး နှလုံးရောဂါဖြစ်စေတဲ့ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ပြည့်ဝဆီ (Saturated Fats) များ သာမန်ထက် ပိုမိုများပြားစွာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖြေရှင်းနည်း - စူပါမားကတ်တွေမှာရောင်းတဲ့ အမဲသားတွေမှာ အဆိုပါ နွားနှစ်မျိုးရဲ့ အသားတွေကို ခွဲခြားတံဆိပ်ကပ်ပြီး ရောင်းချကြပါတယ်။ မတွေ့ရင် ဆိုင်တာဝန်ခံများကို မေးနိုင်ပါတယ်။

(၃) မိုက္ကရိုဝေ့ဖ်နည်းဖြင့် ပြုလုပ်ထားသော ပေါက်ပေါက်
Perfluoro Octanoic Acid (PFOA) လို့ ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးဟာ ပလတ်စတစ်အိတ်တွေထဲမှာ ပါဝင်ပါတယ်။ မိုက္ကရိုဝေ့ဖ်နဲ့ ပြုလုပ်ထားတဲ့ ပေါက်ပေါက်တွေကို ပလတ်စတစ်အိတ်တွေထဲ ထည့်လိုက်ရင် တခြားစားစရာတွေထက်ပိုပြီး PFOA တွေကို အငွေ့ပျံစေပြီး စုပ်ယူမှုပိုကောင်းကာ ခန္ဓာကိုယ်ထဲ ပိုမိုရောက်ရှိစေတယ်လို့ ဆိုပါတယ်။ ဒီပစ္စည်းရဲ့ ဆိုးကျိုးကတော့ သားသမီးရရှိရေးကို နှောင့်ယှက်တယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။

ဖြေရှင်းနည်း - ဖြစ်နိုင်ရန် ပလတ်စတစ်အိတ်ထဲ ပေါက်ပေါက်တွေကို ကြာကြာထည့်မထားပါနဲ့။ ဒါမှမဟုတ် တခြားထည့်စရာ တစ်ခုခု ပြောင်းထည့်ပြီးစားပါ။

(၄) အော်ဂဲနစ်သီးနှံမဟုတ်သော အာလူး
အော်ဂဲနစ်နည်းနဲ့ မဟုတ်တဲ့ အာလူးတွေဟာ ကြီးထွားချိန်မှာ မှိုသတ်ဆေး ဖျန်းရလေ့ရှိပြီး အာလူးပေါ်ချိန်နီးရင်လည်း ပေါင်းသတ်ဆေးဖျန်းရပြန်ပါတယ်။ ဒါတွေကို အော်ဂဲနစ်မဟုတ်တဲ့ အာလူးတွေက တခြားသီးနှံတွေထက် စုပ်ယူထားကြလို့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

ဖြေရှင်းနည်း - တတ်နိုင်ရန် အော်ဂဲနစ်အာလူးတွေကိုပဲ ရွေးချယ်ဝယ်ယူစားသုံးပါ သို့မဟုတ် ရေထဲမှာစိမ်ထားပြီး အနည်းဆုံး ငါးခါလောက် အချိန်ကြာကြာ ဆေးသင့်တယ်လို့ ဆိုပါတယ်။

(၅) မွေးမြူရေးဆယ်လမွန်ငါးများ
ဆယ်လမွန်ငါးတွေရဲ့ သဘာဝအရ ပင်လယ်မှာ မကြီးပြင်းရဘဲ ဒီလိုမွေးမြူရေးအနေနဲ့ မွေးထားရင် ကြက်၊ ငှက်တွေရဲ့ အညစ်အကြေး၊ ကင်ဆာဖြစ်စေတဲ့ ဓာတ်သတ္ထုတွေ၊ ပိုးသတ်ဆေးတွေကို အလိုအလျောက် စုပ်ယူမိစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့ ဗီတာမင်ဒီ ပါဝင်မှုပမာဏကိုလည်း လျော့နည်းစေတယ်လို့ သိရပါတယ်။

ဖြေရှင်းနည်း - Alaska Salmon လို့ တံဆိပ်ကပ်ထားတဲ့ ငါးတွေကတော့ အကောင်းဆုံး သဘာဝငါးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် Fresh Atlantic လို့ ကပ်ထားရင်တော့ လုံးဝ မ၀ယ်ပါနဲ့။ ဒါဟာ မွေးမြူရေးငါးသာ ဖြစ်ပါတယ်။ အတ္တလန္တိတ်ရေပြင်မှာ ဘယ်သူ့ကိုမှ ဆယ်လမွန်ငါးဖမ်းခွင့် မပေးထားလို့ပါ။

(၆) ဟော်မုန်းများထိုး၍ ထုတ်လုပ်ထားသော နို့နှင့်နို့ထွက်ပစ္စည်း
နို့ထုတ်လုပ်သူများဟာ မျိုးရိုးဗီဇနည်းနဲ့ ပြုလုပ်ထားသော နွားကြီးထွားရေးဟော်မုန်း (recombinant Bovine Growth Hormone, rBGH) ကိုသုံးပြီး သူတို့ရဲ့ နို့စားနွားတွေကို နို့ပိုထွက်အောင် လုပ်ပါတယ်။ ဒီဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ နွားဆီက ရောဂါပိုးများနဲ့ "ပြည်"များ နွားနို့ထဲမှာ ပါလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေရှည်သောက်သုံးသွားရင် ဆီးကျိတ်၊ ရင်သားနဲ့ အူမကြီးကင်ဆာများပါ ဖြစ်နိုင်ကြောင်း သိရပါတယ်။

ဖြေရှင်းနည်း - နို့နဲ့ နို့ထွက်ပစ္စည်းတွေဝယ်ရင် rBGH-free, rBST-free ဆိုတဲ့ လေဘယ်များပါတာတွေကို ရှာဝယ်ရင် စိတ်ချရပါတယ်။

(၇) အော်ဂဲနစ်သီးနှံမဟုတ်သော ပန်းသီး
အသီးအနှံများရဲ့ ပိုးသတ်ဆေးနဲ့ ထိတွေ့မှုအများဆုံးပြိုင်ပွဲသာလုပ်ရင် ပန်းသီး ပထမရမှာ သေချာပါတယ်။ သာမန်ပန်းသီးတွေ၊ အထူးသဖြင့် ကိုင်းကူးကိုင်းဆက်နည်းနဲ့ စိုက်ထားတဲ့ ပန်းသီးတွေဟာ ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်နည်းလွန်းလို့ ခဏခဏ ပိုးသတ်ဆေးဖျန်းရလွန်းလို့ ဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးတွေဟာ ကင်ဆာအမျိုးမျိုးနဲ့ ပါကင်ဆန်ရောဂါလို့ခေါ်တဲ့ ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်စေနိုင်လို့ ကြောက်စရာပါပဲ။

ဖြေရှင်းနည်း - နံပါတ်(၄)က အာလူးနဲ့ အတူတူပါပဲ။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics