Wednesday, January 13, 2010

အကောင်းမြင်ပါ


သင်၏ အကောင်းဆုံးသော လုပ်ကိုင်ဆောင်ရွက်နိုင်မှု (၃)ခု၏ စာရင်းကို ရေးချလိုက်ပါ။ အခြားသူများအား သင်၏အကြောင်းကို ဖော်ပြခိုင်းပါ။ နမူနာ ပြရလျှင် သင်သည် ရက်ရက်ရောရော သဘောကောင်းသူဖြစ်သည် သို့မဟုတ် ကြင်နာသနားတတ်သူဖြစ်သည် သို့မဟုတ် အမှန်တရားကို ချစ်မြတ်နိုးတန်ဖိုးထားသူဖြစ်သည် စသည်ဖြင့် တစ်ခုခု ဖြစ်နိုင်ပါသည်။ အဆိုပါစာရင်းကို သင်နှင့်အတူတကွ အမြဲတမ်းသယ်ဆောင်ထားပြီး သင့်အနေနှင့် နှစ်လိုဖွယ်ရာ မကောင်းသော အတွေးများ ကြုံတွေ့ရသည့်အခါတိုင်း အဆိုပါစာရင်းကို ပြန်လည်ဖတ်ရှုကြည့်ပါ။

နေ့စဉ်မှတ်တမ်းထားရှိပြီး အားလုံးသော အသေးအမွှားပင်ဖြစ်စေ၊ နှစ်လိုဖွယ်ရာမရှိသည့် အဖြစ်အပျက်များကိုပင်ဖြစ်စေ မှတ်တမ်းတင်ရေးသားထားပါ။ ထို့နောက် ထိုအကြောင်းအရာများထဲမှ ကောင်းသောအကြောင်းအရာများကို သင်၏အဖော် သို့မဟုတ် သူငယ်ချင်းတစ်ဦးဦးနှင့် နေ့တိုင်းပြောပြပါ။ ဟာသ သို့မဟုတ် ပျော်ရွှင်ကြည်နူးဖွယ်ရာ တစ်ခုနှင့် ပတ်သက်ပြီး သင်လုပ်ခဲ့သော အရာများကို စာရွက်ပေါ်တွင် ရေးချပါ။ သင်၏ ဒိုင်ယာရီကို အပတ်စဉ် ပြန်လည်ဖတ်ရှုကြည့်ပြီး ဘယ်လိုတိုးတက်မှုတွေ ရှိခဲ့သလဲ။ နောက်တစ်ပတ်အတွက် သင်ရည်ရွယ်ထားသည့် လုပ်ငန်းများ ရောက်ရှိအောင်မြင်အောင် ဘယ်လို စီမံကိန်းချခဲ့သလဲဆိုတာတွေကို ပြန်လည်လေ့လာပါ။

အတိတ်တုန်းက ကြုံတွေ့ခဲ့ရသည့် ကြည်နူးဖွယ်ရာ အဖြစ်အပျက်လေးတွေကို ပြန်လည်ခံစားကြည့်ပါ။ ပြီးတော့ အနာဂတ်အတွက် ပျော်ရွှင်ကြည်နူးဖွယ် အကြံအစည်လေးတွေကိုလည်း ရေးချကြည့်ပါ။

နှစ်သက်ဖွယ်ရာမကောင်းသော ခံစားမှုများအကြောင်း ပြန်ပြောပြခြင်းကို ရှောင်ကြဉ်ပါ။

သင်၏စိတ်ကို ကြံစည်တွေးခေါ်ခြင်း၊ အပြုသဘောပါသည့် တာဝန်များဆောင်ရွက်ရန် စိတ်ကူးခြင်း စသည်တို့ဖြင့် ပြည့်နေအောင် လုပ်ပေးထားပါ။ ဘာတစ်ခုမှ မလုပ်ဘဲနေခြင်း၊ ထိုင်၍သော်လည်းကောင်း၊ လဲလျောင်း၍သော်လည်းကောင်း အခြောက်တိုက် စိတ်ကူးယဉ် အိပ်မက်,မက်နေခြင်းကို ရှောင်ကြဉ်ပါ။

စိတ်ဖိစီးမှုဖြစ်သည့်အခါ သင့်ကိုယ်သင် ခိုင်မာစေသည့် အားပေးစကားများကို စာရင်းလုပ်၍ သိမ်းဆည်းထားပါ။ ထိုအားပေးစကားများသည် အံ့သြစိတ်ကို ဖြစ်စေသော၊ ထပ်တလဲလဲဖြစ်သော ရိုးစင်းသည့် စာကြောင်းများ ဖြစ်ရပါမည်။ ဥပမာ- ငါ ဒီကိစ္စကို တကယ့်ကိုပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုသည့် ဖော်ပြချက်မျိုးသည် စိတ်ဖိစီးမှုကို လျော့ပါးသွားအောင် တုံ့ပြန်ပေးနိုင်ပါသည်။

ဘာသာပြန် - T

(Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အတွဲ ၇၊ အမှတ် ၁၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics