Wednesday, January 13, 2010

တွေ့ကြုံဆုံလာ တွေးစရာ - ကိုဉာဏ် (ပန်းလောင်မြေ)


တွေးမိတာ (၁)
တစ်နေ့က စာအုပ်ဆိုင်ကိုရောက်တော့ ကလျာမဂ္ဂဇင်းကို မေးမိပါတယ်။ ဒီလထုတ် ကလျာမဂ္ဂဇင်းမှာ ကျွန်တော်ကြိုက်တဲ့ စာရေးဆရာကြီးတွေရဲ့ ဆောင်းပါးတွေပါတာကို ကြော်ငြာတစ်ခုမှာ ဖတ်လိုက်ရလို့ပါ။ အဲဒီအတွက် မေးမိခြင်းပါ။ ဒါပေမယ့် ဆိုင်က အစ်မကြီးပြန်ဖြေတဲ့စကားတွေကို ကြားတဲ့အခါမှာတော့ တိတ်တခိုးသက်ပြင်းတွေချပြီး ပြန်လာခဲ့ရတာပေါ့လေ။

"အဲဒီလို စာပေမဂ္ဂဇင်းတွေက မတင်ဘူးရှင့်၊ ငှားလည်းမငှားရဘူး။ ခုခေတ်က ပုံများများပါတဲ့ မဂ္ဂဇင်းတွေပဲ ငှားရတာ" တဲ့။ ဟုတ်မှာပါ။ စာအုပ်ဆိုင်မှာတင်ထားတဲ့ မဂ္ဂဇင်းတွေကို လိုက်ကြည့်တော့လည်း တကယ်ပဲ ပုံများများ၊ စာရွက်သားအချောစားကြီးတွေနဲ့ ထုတ်ထားလိုက်တာများ တကယ့်ကို အားရစရာပါပဲ။ မျက်နှာဖုံးပုံတွေ၊ အထဲကပုံတွေကလည်း လှမှလှ၊ ကင်မရာအကောင်းစားကြီးတွေနဲ့ ရိုက်ထားတာဆိုတော့ ကွာလတီကလည်း ရှိတော့ပေမပေါ့။ စာအုပ်ကြီးတစ်အုပ်တစ်အုပ်ကလည်း တော်ရုံကလေးတစ်ယောက် သယ်လို့မရလောက်အောင်ကို ထူထဲလေးလံတဲ့ စာအုပ်ကြီးတွေပါ။ ဒါပေမယ့် စာအုပ်တစ်အုပ်လုံးမှာ ဖတ်စရာစာက ၁၀ ပုံ ၁ ပုံတောင် မရှိတာကတော့ ဘယ်လောက်များ အခံရခက်လိုက်သလဲဗျာ။ တကယ့်စာကောင်းပေကောင်းတွေကို အဲဒီလို စာရွက်သား၊ အဲဒီလို ကွာလတီနဲ့များ အဲဒီလိုအထူကြီး လစဉ်များထုတ်ရင် ဘယ်လောက်များ အကျိုးများလိုက်မလဲလို့ တွေးနေမိတာပေါ့။ အတွေးသက်သက်ပါနော်။

သူတို့တင်နေတဲ့ စာအုပ်မျိုးတွေကိုပဲ လူငယ်တွေကတော့ ငှားဖတ်ကြ၊ ကြိုက်ကြပါတယ်တဲ့။ ဟုတ်ပေမပေါ့။ အထဲမှာ မင်းသားချောချောလေးပုံတွေ၊ မင်းသမီးငယ်ငယ်လေးတွေပုံတွေ၊ အ၀တ်အစားကြော်ငြာ၊ အလှကုန်ပစ္စည်းကြော်ငြာ၊ အမျိုးသမီးသီးသန့်သုံးကြော်ငြာ၊ ဆိုင်အမျိုးမျိုးကြော်ငြာ စတဲ့ အမျိုးမျိုးသောကြော်ငြာတွေကို မင်းသား၊ မင်းသမီးအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ လှမှလှလို့ တ,ရအောင်ကို ကြော်ငြာပေးနေတာဆိုတော့ သွားရေတမြားမြားနဲ့ အားပေးကြမှာပေါ့ခင်ဗျာ။ ဖတ်ချင်တဲ့စာကို အဲဒီလိုမျိုး ကုန်းကုန်းကွကွ၊ ကော့ကော့မော့မော့၊ ဟိုက်ဟိုက်ထင်ထင်၊ မရှိ,ရှိတာပြပုံတွေကြားမှာ အသေအလဲကို လိုက်ရှာရတဲ့ ဒုက္ခဟာ ဘယ်လောက်ဆိုးဝါးသလဲဆိုတာကို စဉ်းစားကြည့်ပါတော့ဗျာ။

ဆရာထွန်းလှအောင်ပြောနေကျ စကားတစ်ခွန်းကိုပဲ စိတ်ထဲမှာ အကျယ်ကြီးအော်နေမိတော့တယ်။
"အရိုးကို အရွက်ဖုံးနေကြပြီ"
ဟုတ်တယ်၊ အရိုးကို အရွက်ဖုံးနေကြပြီ ဆရာရေ။

တွေးမိတာ (၂)
တစ်ရက်မှာ လ္ဘက်ရည်ဆိုင်ထိုင်နေတုန်း သူငယ်ချင်းတစ်ယောက်က ရှူးရှူးရှားရှားနဲ့ ၀င်လာပါတယ်။ ဘာဖြစ်လာတာမှန်းမသိတဲ့အတွက် နှုတ်ဆက်တာတွေ၊ စကားပြောတာတွေ လုပ်မနေဘဲ အသာလေး မသိချင်ယောင် ဆောင်နေလိုက်ပါတယ်။ သူ့ဘာသာသူ လ္ဘက်ရည်မှာပြီးတဲ့အချိန်ကျမှ "များနေပြီကွာ" လို့ စပြောပါတယ်။ ကျွန်တော်တို့ကို တိုင်တည်နေတာ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတာမှန်း သိတဲ့အတွက် အလိုက်အထိုက်ပဲ "ဘာဖြစ်လာတာလဲကွ၊ လုပ်စမ်းပါဦး" လို့ ပြန်မေးရတာပေါ့။ အဲဒီတော့မှ ကိုယ်တော်က သူဖြစ်လာပုံကို ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့တာပေါ့။ သူကမှန်နေရဲ့သားနဲ့ ခံလာရတယ်လို့ တွေးထင်နေတာဆိုတော့ သူ့ကိုယ်သူဇာတ်နာအောင် သာသာထိုးထိုးလေး ပြောတာလေးတွေတော့ ရှိမှာပေါ့နော်။

ဒီလိုပါ။ ဆိုင်ကယ်ကို ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ စီးလာတဲ့အတွက် အဖမ်းခံရပြီး ဒဏ်ကြေးဆောင်လာရတာကို မကျေမနပ်ဖြစ်နေတာပါ။ သူကတော့ တကယ့်ကို ဒေါနဲ့မောနဲ့ပြောနေပေမယ့် နားထောင်နေရတဲ့ အခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ အတော်လေးကို ရယ်နေမိတာပေါ့ (စိတ်ထဲမှာပါ)။ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရမယ်၊ မေးသိုင်းကြိုးသေချာတပ်ရမယ်၊ သုံးယောက်စီးလို့မရဘူး၊ ဆိုင်ကယ်စီးရင်း ဖုန်းမပြောရဘူး၊ လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်ကို မောင်းနှင်ခြင်းမပြုရဘူး စသည်ဖြင့် စည်းကမ်းသတ်မှတ်ချက်တွေ ရှိပြီးသားပါ။ သူလည်း အဲဒါတွေကို သိပြီးသားဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒီအသက်အရွယ်၊ ဒီပညာနဲ့ မသိစရာလည်း အကြောင်းမရှိပါဘူး။

အဲဒါနဲ့ ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင် "မင်းကလည်းကွာ၊ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမှာ သိနေတာပဲ၊ ဆောင်းလိုက်ပေါ့၊ မင်းဘာသာမင်း ရှိုးလုပ်ပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ စီးလာလို့ အဖမ်းခံရတာပဲ၊ ဘာဖြစ်နေတာလဲ" လို့ မေးမိတော့ ကိုယ်တော်က ဘာပြန်ပြောတယ်မှတ်လဲ။ "ဆိုင်ကယ်ဦးထုပ်ဆောင်းရမှာတော့ ငါသိတာပေါ့ကွ။ ဦးထုပ်မဆောင်းလို့ ဖမ်းတာကိုလည်း ဘာမှမဖြစ်ပါဘူး။ အခုဟာက ငါ့ရှေ့မှာ ဦးထုပ်မဆောင်းဘဲ စီးသွားတဲ့လူတွေ နှစ်စီးသုံးစီးလောက်ရှိတယ်။ သူတို့ကိုကျတော့ မဖမ်းဘဲနဲ့ ငါ့ကိုကျမှဖမ်းလို့ စိတ်တိုနေတာကွ" တဲ့။

ကျွန်တော်ဘာမှ ထပ်မပြောတော့ပါဘူး။ အတွေးတွေပွားနေမိတယ်။ လူတွေရဲ့အကျင့်ကိုပါ။ လူတွေမှာ "ကိုယ်လုပ်ရင် ကိုယ်ခံမယ်"ဆိုတဲ့စိတ်၊ "မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်"ဆိုတဲ့စိတ်၊ "ဥပဒေကို လေးစားလိုက်နာရမယ်" ဆိုတဲ့စိတ်တွေ ဘယ်တွေကိုရောက်ပြီး ပျောက်ဆုံးသွားကြပြီလဲဆိုတာကိုပါ။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ သူ့ကျတော့ ဘာမှမဖြစ်ဘူး၊ ငါ့ကျမှ ဘာဖြစ်လို့ဖြစ်ရသလဲဆိုတဲ့ လက်ညှိုးထိုးတဲ့အကျင့်ကြီးက မွေးရာပါအကျင့်လိုတောင် ဖြစ်နေပါပြီ။ နဂိုကတည်းကသာ ငါမဟုတ်တာ မလုပ်ခဲ့ရင် ဘာမကောင်းတာမှမဖြစ်ဘူး ဆိုတဲ့စိတ်တော့ မွေးမြူနှလုံးသွင်းမယ်လို့ စိတ်မကူးကြဘူး။ လမ်းပေါ်က ယာဉ်ထိန်းရဲတွေ၊ တာဝန်ရှိသူတွေဟာ ကားမောင်းလာတဲ့လူတိုင်း၊ ဆိုင်ကယ်စီးလာတဲ့လူတိုင်းကို အလကားနေရင်း လိုက်ဖမ်းနေတာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာတဲ့လူ၊ ဖောက်ဖျက်တဲ့လူတွေကိုသာ ဖမ်းဆီးအပြစ်ပေးတာပါ။ နဂိုကတည်းက ကိုယ့်ကို ဖမ်းတာမကြိုက်ရင်၊ အပြစ်ပေးခံရမှာမကြိုက်ရင်၊ ဒဏ်ကြေးမဆောင်ချင်ရင် သတ်မှတ်ထားတဲ့စည်းကမ်းကို တိကျစွာ လိုက်နာလိုက်ပေါ့။ ဘယ်သူကတော့ ဘယ်လိုလွတ်နေတာပဲ မပြောပါနဲ့ ကိုယ့်ဘာသာကိုယ်သာ ကောင်းအောင်လုပ်ပါလို့ပဲ အတွေးစိတ်ကူးမိပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမနေမိပါတယ်။

တွေးမိတာ (၃)
"ဆင်းရဲမွဲတေမှု ပပျောက်ရေး" ဆိုတဲ့ ကြွေးကြော်စကားကို မကြာခဏဆိုသလို ကြားရ၊ ဖတ်ရတတ်ပါတယ်။ ဘယ်နှစ်မှာတော့ ဆင်းရဲမွဲတေမှုရာခိုင်နှုန်း ဘယ်လောက်အထိ လျှော့ချမယ်၊ ဘယ်နှစ်မှာတော့ အပြီးပပျောက်အောင်လုပ်မယ် စသည်ဖြင့် စီမံချက်တွေ၊ အစီအစဉ်တွေချပြီး အကောင်အထည်ဖော်နေကြပေမယ့် ခမ်းခမ်းနားနား ပြောရလောက်အောင် လောက်လောက်လားလား အောင်မြင်ဖြစ်မြောက်သွားတယ်ရယ်လို့ မကြားမိသေး၊ မမြင်မိသေးပါဘူး။

"ဆင်းရဲမွဲတေမှု" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာ၊ ဖတ်လိုက်ရတာနဲ့ လူအများစု မျက်စိထဲမှာ ပြေးမြင်လိုက်တာက တဲကုပ်အိမ်စုတ်စုတ်၊ ဖိနပ်မပါ ခြေဗလာနဲ့ နံရိုးပေါ်အောင်ပိန်လှီနေတဲ့ ကလေးငယ်တွေ၊ ချေး(ချီး)ထပ်နေတဲ့ အ၀တ်အစား စုတ်တီးစုတ်ပြတ်မှာ ဖာထေးရာ ဗရပွဲနဲ့ အရောင်ပျောက်အောင် ၀တ်ထားတဲ့လူတွေ ဖြစ်ပါတယ်။ အပြစ်တော့လည်း မဆိုသာပါဘူး။ အဲဒီလူက ဆင်းရဲတယ်လို့ ပြောလိုက်ရင် အပြောခံရတဲ့လူဟာ ပိုက်ဆံမချမ်းသာတဲ့လူ၊ ၀င်ငွေကောင်းတဲ့ အလုပ်အကိုင်မရှိတဲ့လူ၊ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ ဘာမှမယ်မယ်ရရ မရှိတဲ့လူလို့ နားလည်ထားတတ်ကြတာကိုး။ နှစ်ပေါင်းရာထောင်ချီပြီး အဲဒီလိုမျိုး ခံယူနားလည်ထားကြတာဆိုတော့ အမြစ်တောင်တွယ်နေပါပြီ။

ဒါပေမယ့် ဒီနေ့လို နည်းပညာပေါက်ကွဲတဲ့ခေတ်၊ သတင်းနည်းပညာခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲမှာတော့ အဲဒီလို တစ်မျိုးတည်းကိုပဲ အသေမှတ်တတ်တဲ့ အကျင့်စရိုက်တွေကို ပြင်ဆင်သင့်ကြပါပြီ။ တစ်မျိုးသားလုံးအနေနဲ့ ပြောင်းလဲလာအောင်ကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်သင့်ကြတာပါ။ အဆောက်အဦအသစ်ကြီးတွေ၊ လမ်းတံတားအသစ်ကြီးတွေ၊ စက်ရုံအလုပ်ရုံအသစ်ကြီးတွေ တည်ဆောက်သလိုမျိုး လူအားလုံးရဲ့ အတွေးအခေါ်တွေ၊ ခံယူချက်တွေကို သစ်လွင်ကြီးထွားလာအောင် ကြိုးပမ်းသင့်နေကြပါပြီ။

ပိုက်ဆံမရှိ(ဆင်းရဲ)တာဟာ မကောင်းဘူးလို့ လူတွေအားလုံး နားလည်လက်ခံထားကြတယ်။ ပိုက်ဆံကို ကိုးကွယ်တာ မဟုတ်ပေမယ့် အရာရာနီးပါးလောက်ကို ပိုက်ဆံနဲ့မြန်းမှ လန်းနိုင်တာမို့ လူတွေထွင်ထားတဲ့ပိုက်ဆံက လူတွေကို ပြန်ပြီး ဂုတ်ခွစီးနေတာကိုတော့ နားလည်ပေးလို့ရပါတယ်။

မေးချင်တာက ပိုက်ဆံမရှိ(ဆင်းရဲ)တာမကောင်းဘူးဆိုတော့ အတွေးအခေါ်ဆင်းရဲတာရော ကောင်းသလား၊ စဉ်းစားချင့်ချိန်နိုင်တဲ့ အသိဉာဏ်ဆင်းရဲတာရော ကောင်းသလား၊ ပညာဆင်းရဲတာရော ကောင်းသလား၊ စာရိတ္တဆင်းရဲတာရော ကောင်းသလား၊ နည်းပညာဆင်းရဲတာရော ကောင်းသလား၊ စေတနာ ဆင်းရဲတာရော ကောင်းသလား၊ နားလည်မှု ဆင်းရဲတာရော ကောင်းသလား၊ မေတ္တာတရား ဆင်းရဲတာရော ကောင်းသလား၊ သည်းခံနိုင်မှု ဆင်းရဲတာရော ကောင်းသလား၊ ခွင့်လွှတ်နိုင်စွမ်းတွေ ဆင်းရဲရှားပါးနေတာရော ကောင်းသလား၊ ကူညီရိုင်းပင်းမှုတွေ ဆင်းရဲတာရော ကောင်းသလား၊ ကိုယ်ချင်းစာတရားတွေ ဆင်းရဲနေကြတာရော ကောင်းသလား၊ အများအကျိုးဆောင်လိုစိတ်တွေ ဆင်းရဲနေကြတာရော ကောင်းသလား၊ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်တွေ ဆင်းရဲရှားပါးနေကြတာ ကောင်းသလား၊…….  ဆင်းရဲနေတာ ကောင်းသလား၊ … … …. …. ကောင်းသလား။

သူများတွေကို ဆင်းရဲခြင်းလွတ်ကင်းကြပါစေလို့ ဆုတောင်းမပေးနိုင်သေးပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အတော်ဆင်းရဲပါလားဆိုတဲ့ အတွေးတွေနဲ့ ချမ်းသာအောင် ကြိုးစားနေတုန်းမို့ပါ။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံတစ်ရာပဲ ရှိပေမယ့် သူများကို တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းလှူချင်တဲ့စိတ်တော့ ကျွန်တော့်မှာ ရှိပါတယ်။ အဲဒီစိတ်ကလေးတော့ ကျွန်တော်ချမ်းသာကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၁ နာရီ ၄၆ မိနစ်တွင်ပြီး၏။

1 comment:

  1. Anonymous12:55 PM

    ဘာဆင်းရဲတာမှ မကောင်းပါဘူး ..................

    ReplyDelete

 
Web Statistics