Wednesday, January 13, 2010

မြန်မာဘောလုံးအကြောင်း မပြောချင်တော့ပါဘူး - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားပွဲ နောက်ဆုံးအကျော့ပွဲစဉ်တွေကို ရောက်လာပါပြီ။ ရတနာပုံအသင်းသာ အခုအကြိမ်မှာလည်း ဗိုလ်စွဲမယ်လို့ ပြောနေ၊ ရေးနေကြတာတွေကို ဖတ်နေ၊ ကြားနေရပါတယ်။ ဖြစ်တန်စွမ်းအရဆိုရင်တော့ အဲဒီလိုပါပဲ။ ဒါပေမယ့်လို့ အမြဲတမ်း စွာကျယ်စွာကျယ်လုပ်ခဲ့တဲ့ ဘောလုံးဂုရုဆရာကြီးတွေ အခုအချိန်မှာ ဘာကိစ္စ နှာစေးနေကြသလဲ မသိဘူး။ မန်ယူဆိုရင် anti လုပ်မယ်ဆိုတဲ့ ပုံစံမျိုးတွေကို အခုတွေ့နေရပါပြီ။ ရတနာပုံအသင်းဆိုရင်း ၀ိုင်းဖဲ့မယ်ဆိုတာတွေချည်းပဲ ဖြစ်နေသလားလို့ပါ။ သြော်.... ကျွန်တော်မပြောချင်တဲ့ကိစ္စက ဒီလို... ဒီလို....။

လက်ရှိအချိန် အသင်းအားလုံးတစ်ပွဲစီကန်ဖို့ ကျန်နေတဲ့အနေအထားမှာ ရတနာပုံအသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ဒုတိယနေရာက ဒယ်လ်တာယူနိုက်တက်ကို (၃)မှတ် ဖြတ်ပြီးတော့ပါ။ ဒယ်လ်တာထက် ဂိုးကွာခြားချက်အသာ (၅)ဂိုး ဖြစ်ပါတယ်။ သွင်းဂိုးလည်း ပိုများပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ဒယ်လ်တာယူနိုက်တက်က ဥဿာအသင်းနဲ့ ကန်ရပါမယ်။ သင်္ချာနည်းအရ ဘယ်သူ့ကိုပဲမေးမေး ဒယ်လ်တာအသင်း နိုင်မယ်ဆိုတာ ကလေးကတောင် ဖြေပါလိမ့်မယ်။ ဘောလုံးဆိုတာ အလုံးကြီးကွ၊ အပြားကြီးကွ ဆိုတဲ့ကိစ္စတွေ မပါပါ။ သင်္ချာနည်းလို့ ပြောခဲ့တယ်နော်။ ရတနာပုံအသင်းက ရန်ကုန်ယူနိုက်တက်နဲ့ ကန်ရမှာပါ။ ရန်ကုန်မြေ၊ ရန်ကုန်ကွင်း၊ ရန်ကုန်ပရိသတ်ရှေ့မှာ ဧည့်သည်အသင်းအနေနဲ့ ကန်ရမယ့်ကိစ္စကို လွယ်ကူတယ်လို့တော့ ဘယ်သူမှ တွေးကြမယ် မထင်ပါဘူး။ ရတနာပုံအသင်း ပွဲကျပ်တယ်ဆိုတာ အားလုံးသိနားလည် လက်ခံထားပါတယ်။ ပြောချင်တာက ရတနာပုံနိုင်မယ်လို့ ဘယ်သူကမှ ၁၀၀% အပြည့်အ၀ အာမ,မခံပေးနိုင်ဘူးဆိုတာပါပဲ။ ဒါဆိုရင် နောက်ဆုံးပွဲစဉ်တွေအပြီးမှာ ရတနာပုံအသင်းနဲ့ ဒယ်လ်တာအသင်းတို့ အမှတ်တူနိုင်တယ်ဆိုတာ အခြေခံဘောလုံးဗဟုသုတလောက် ရှိရင်တောင် သိနိုင်တဲ့ကိစ္စပါ။ အဲဒီအတွက် ရတနာပုံအသင်း ဂရုစိုက်ရမှာက ဒယ်လ်တာအသင်းနဲ့ ဥဿာပွဲစဉ်ပါ။ ထားပါတော့ဗျာ... မတော်တဆများ ရတနာပုံအသင်းက ရန်ကုန်ယူနိုက်တက်ကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးပြီဆိုပါတော့။ ဒယ်လ်တာအသင်းကများ ဥဿာကို (၄)ဂိုးလောက်သွင်းပြီး နိုင်ထားခဲ့ရင် ရတနာပုံတို့ ရေတိမ်နစ်ရုံတင်မဟုတ်ပါဘူး။ ရေမရှိတဲ့ချောင်းမှာ ကိုယ့်ရေသန့်ဘူးနဲ့ကိုယ် နှာခေါင်းစွပ်ပြီး သေတာပါပဲ။

ကျွန်တော်မပြောချင်တာက အဲဒါပဲ။ ဘယ်သူကမှ ဒယ်လ်တာနဲ့ ဥဿာပွဲစဉ်ကို လုပ်ပွဲသဘော မသက်ရောက်အောင် စောင့်ကြည့်ကြပါ။ ဥဿာအသင်းအနေနဲ့ ဒယ်လ်တာအသင်းကို လျှော့မကန်ဖို့ ကြီးကြပ်ပေးကြပါလို့ ဘာလို့မပြောကြ၊ မရေးကြသလဲဆိုတာကို စဉ်းစားလို့ မရတာပါ။ အဲဒီလိုမျိုး လုပ်မယ့်အသင်းတွေမှ မဟုတ်တာလို့ မဖြေကြပါနဲ့ဦးဗျာ။ ခင်ဗျားတို့ပြောနေကျ စကားလုံးလေးတွေနဲ့ ပြောလိုက်ဦးမယ်... ဘောလုံးလေဗျာ... ဘောလုံး..........။ တော်ပါပြီ မပြောတော့ပါဘူးဗျာ...။

(၂)
မကွေးအသင်းက အာဖရိကန်ကစားသမားတစ်ယောက် ထုတ်ပယ်မှုနဲ့ပတ်သက်ပြီး ဘောလုံးစာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရတဲ့အထဲက စိတ်ဝင်စားမိတာလေးကိုလည်း မပြောချင်တော့ပါဘူး။

အဲဒီကစားသမား ပြန်လာ၊ မလာဆိုတာကို သေသေချာချာ သိချင်လို့ အမျိုးသမီးမိတ်ဆွေ မြန်မာမိန်းကလေးတစ်ယောက်က အသင်းက လက်ထောက်နည်းပြကို လာမေးတယ်ဆိုတဲ့အကြောင်းပါ။ ဘုရား... ဘုရား.... လို့ပဲ တ,မိပါတော့တယ်။ မပြောချင်တော့ပါဘူးဗျာ။

(၃)
ပိုက်ဆံရှိတဲ့လူတိုင်း ဘောလုံးအသင်းပိုင်ဆိုင်ရမည်လို့များ ကြွေးကြော်ထားကြသလား မသိပါဘူးဗျာ။ ဆရာမင်းလူရေးတဲ့ အက်ဆေးထဲကလို ဘောလုံးအသင်းထောင်တဲ့ ဖက်ရှင်ခေတ်ကို ရောက်နေပြီထင်ပါရဲ့နော်။ ကိုယ့်ဘာသာအသင်းထောင်၊ ကိုယ်ပေးချင်တဲ့လစာပေး၊ ကိုယ်ခန့်ချင်တဲ့နည်းပြခေါ်ခန့်၊ ကိုယ်ခေါ်ချင်တဲ့ကစားသမားခေါ်၊ ကိုယ်ပေးချင်တဲ့ ဘောနပ်(စ)ပေး၊ ကိုယ်ပေးချင်တဲ့ သက်သာချောင်ချိမှု ကိုယ့်စိတ်ကူးရှိသလိုလုပ်ပေး၊ ကိုယ့်အသင်းလူကြည့်ရင်ပြီးရော လက်မှတ်ဝေလို့ဝေ၊ အင်္ကျီပေးလို့ပေး၊ ရထားတစ်တန်၊ ကားတစ်တန်နဲ့ ခေါ်လို့ခေါ်၊ ကံစမ်းမဲဖောက်လိုဖောက်နဲ့ .... ဟူးးးးးးးးးးးး မောလိုက်တာဗျာ။ လုပ်ချင်ရာသာ လုပ်ကြပါတော့ အရပ်ကတို့ရေ...။ ခေါင်းစဉ်တစ်ခုကိုပဲ အသေဆောင်ထား။ "မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ဆောင်ရွက်နေတာ" လို့။ မပြောတော့ပါဘူးဗျာ။
(ဥရောပအသင်းတွေမှာ ပိုင်ရှင်တွေက တရားမ၀င်ပိုက်ဆံတွေနဲ့ လုပ်ချင်သလိုလုပ်နေလို့ ခဏခဏ ကြိမ်းမောင်းပြစ်တင်နေရတဲ့ ဟိုပလာတီနီဆိုတဲ့ ငနဲကြီးကို မဆီမဆိုင်နဲ့... မျက်စိထဲမှာ မြင်ယောင်မိသေးတယ်)

(၄)
နောက်တစ်ကြိမ်လုပ်မယ့် မြန်မာနေရှင်နယ်လိဂ်ကို (၃)ကြော့ စနစ်နဲ့ ကစားမယ်ဆိုတော့ "အမလေး" လို့ ထအော်မိတယ်။ အခုမှ စလုပ်စမို့ ဟိုလိုရှိပါတယ်၊ ဒီလိုရှိပါတယ်ဆိုတဲ့ ဖြေရှင်းချက်တွေကို ဖတ်ရတာ ငြီးငွေ့သွားလို့ ဖတ်ကိုမဖတ်တော့ဘူး။ ဘာပြောမယ်ဆိုတာ သိနေလို့လေ။ နိုင်ငံ့အားကစားလို့ ပြောလို့ရတဲ့ ဘောလုံးလောကကြီးနဲ့ဆိုင်တဲ့ အရေးကိစ္စကြီးကို စပြီးလုပ်မယ်ဆိုကတည်းက ပြီးပြည့်စုံကောင်းမွန်သော စီမံချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြေညာချက်တွေ လုပ်မထားဘူးဆိုတာ ဘယ်သူ့ကိုမှ အင်တာဗျူးလုပ်စရာမလိုဘဲ သိနေတာခက်တယ်။ မပြောချင်တော့ပါဘူးဗျာ။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်တာ မြန်မာ့သောက်ကျင့်ပဲ ထင်ပါရဲ့။ နောက်တစ်ခု ရှိသေးတယ်။ အခုတစ်မျိုးပြော၊ ပြီးရင် နောက်တစ်မျိုးဖြစ်နေတာမျိုး။ ပိုဆိုးတယ်။ မသိရင် ဂျာနယ်ချင်း ရန်တိုက်ပေးနေသလား အောက်မေ့ရတယ်။ ဒီဂျာနယ်မှာ ဘောလုံးကအ၀ါနဲ့ ကန်မှာပါလို့ ပြောကြောင်း ဖတ်လိုက်ရတယ်။ နောက်ရက်ထုတ်ဂျာနယ်မှာ ဘောလုံးအပြာနဲ့ကန်မှာဟာ အတည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောကြောင်း ပါလာပြန်တယ်။ တကယ်တမ်းကန်တော့ ဘောလုံးအကြားကြီးနဲ့။ (ဥပမာပြောပြတာ။ မပြောချင်တော့လို့ ကိုယ့်ဘာသာတွေးယူတော့နော်)

(၅)
မြန်မာနေရှင်နယ်လိဂ်လုပ်တာကို ၀မ်းသာတယ်။ အားပေးတယ်။ ကျေနပ်တယ်။ ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ်ဆိုတာကြီးကို ပြင်သင့်နေပြီထင်တယ်။ အဲဒီစာသားကြီးကိုမြင်တိုင်း အရက်သောက်ရင်း ဘောလုံးပွဲကြည့်ပါလို့ ဆော်သြနေတယ်လို့ ခံစားရတယ်။ အားကစားနဲ့အရက် မအပ်စပ်ဘူးထင်ပါရဲ့။ ငါးပါးသီလထဲက "သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ပါမယ်" ဆိုတဲ့ သီလကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေတယ်လို့ မြင်မိလို့ပါ။ မပြောချင်တော့ပါဘူးဗျာ။ မြန်မာတို့သည် ယဉ်ကျေးသောလူမျိုးဖြစ်သည်။ ဗုဒ္ဓတရားတော်နှင့်အညီ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ သို့သော် ဘောလုံးပွဲများတွင်တော့ အရက်ကြော်ငြာများကို တရားဝင်ကြော်ငြာနိုင်ပါသည်။ စပွန်ဆာပေးနိုင်ပါသည်လို့ ရေးရမလိုဖြစ်နေပြီ။

မြို့မေတ္တာခံယူမယ့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၂၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics