Sunday, January 31, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁)
ဇာတ်ကားအမည် - အကြင်နာလေညင်း
အောင်ဗပါဝါ ရေးညွှန်းရိုက်ကူးသည်။
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ သင်ဇာဝင့်ကျော်၊ မယ်လိုဒီ၊ ဇော်ဇော်အောင်၊ ကြူကြူသင်း
မှတ်ချက်
ဇာတ်ကားသစ်မရှိတဲ့အတွက် အဟောင်းတွေထဲက မကြည့်ရသေးတာတွေကို ပြန်ရှာပြီးကြည့်ဖြစ်တာပါ။ ကာရန်တွေ၊ နဘေတွေနဲ့ အောင်ဗပါဝါရဲ့ ထုံးစံအတိုင်းပဲပေါ့။

(၂)
ဇာတ်ကားအမည် - ပုံပြင်ရိုင်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - လွမ်းဝေအောင်
တွဲဖက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ပြေတီဦး၊ နေဆန်း၊ မေကဗျာ၊ ဟန်နီထွန်း၊ ကိုကိုဦး
မှတ်ချက်
ဇာတ်ကားသစ်မရှိတဲ့အတွက် အဟောင်းခွေထဲက ပြန်ရှာကြည့်ဖြစ်တာတစ်ခုပါ။ ဂျပန်ခေတ်ကို ဇာတ်နောက်ခံထားပြီး ပျိုးသွားတဲ့ဒီဇာတ်လမ်းဟာ နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နိဒါန်းကောင်းပြီး စာကိုယ်လိုသွားတယ်။ နိဂုံးကျတော့ တော်တော်ကို ပေါ့သွားတဲ့ စာစီစာကုံးတစ်ပုဒ်ကို ဖတ်နေရသလိုပဲ။

ဇာတ်ကားအမည် - မှားနေကျနေရာ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မောင်ယုယ
ဒါရိုက်တာ - နီဝင်ထွန်း၊ ကျော်ကျော်
သရုပ်ဆောင်များ - မင်းအုပ်စိုး၊ ပွင့်နဒီမောင်၊ ဇော်ဇော်အောင်
မှတ်ချက်
ဇာတ်ကားသစ်မရှိတဲ့အတွက် အဟောင်းထဲက ငှားကြည့်ဖြစ်တဲ့ အခွေတစ်ခွေပါ။ ကျွန်တော်နေခဲ့ဖူးတဲ့ ကလောမြို့ရှုခင်းတွေကို တ၀ကြီးကြည့်လိုက်ရတာကလွဲရင် ပေးချင်တဲ့ message ကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက်ဖြစ်အောင် မပေးနိုင်ခဲ့ဖူး။

ဇာတ်ကားအမည် - သမုဒ္ဒရာရပ်ဝန်းဒေသ
ဇာတ်လမ်း၊ ၀တ္ထု - သီရိမျိုး (မြန်မာစာ)
ဇာတ်ညွှန်း - အောင်SS
ဒါရိုက်တာ - မျိုးဇော်အောင်
သရုပ်ဆောင်များ - ရန်အောင်၊ မေသန်းနု၊ ထွဋ်အာကာလင်း၊ ဘုဏ်းမြတ်၊ မိုးပြည့်ပြည့်မောင်၊ ဇူဇူးမောင်
မှတ်ချက်
သရုပ်ဆောင်အသစ်တွေကို ဇာတ်လမ်းကောင်းကောင်း၊ ၀ါရင့်တွေနဲ့တွဲပြီး တင်ပေးချင်တဲ့ ရည်ရွယ်ချက်လေးက ကောင်းပေမယ့် ဇာတ်လမ်းကမကောင်းဘူးဖြစ်နေတော့ ကြည့်ရင်းနဲ့ အိပ်ငိုက်ခဲ့ရတယ်။ သရုပ်ဆောင်သစ်တွေ မကောင်းပေမယ့် ဇာတ်လမ်းကောင်းနေရင် သူ့အလိုလိုဆွဲခေါ်သွားမှာပဲလေ။ အခုတော့ ဇာတ်လမ်းက မဖြစ်နိုင်တာကို တမင်ကို မရမက ရိုက်ပြသွားတာမျိုးဖြစ်သွားတယ်။

(၁)
ဇာတ်ကားအမည် - လိပ်ပြာစေတဲ့လမ်း
ဇာတ်ညွှန်း - သီဟစိုး
ဇာတ်လမ်းနှင့် ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - ပြေတီဦး၊ ၀ိုင်းစုခိုင်သိန်း၊ လင်းလက်ဟိန်း၊ ဇင်မျိုး၊ ကျော်သူအောင်၊ ကေတုမတီမျိုးအောင်၊ ကိုကိုဦး၊ နိုင်လူ၊ ထူးသာ၊ ဘဂျမ်း၊ ဦးဝင်းမြိုင်
မှတ်ချက်
ဒါရိုက်တာ ၀ိုင်း ပေးချင်တဲ့ message ကို အပြည့်အ၀ကို ရခဲ့တဲ့ဇာတ်ကားပေါ့။ ဇာတ်လမ်းပျိုးကတည်းက ခပ်ဆန်းဆန်းလေး ပျိုးထားခဲ့တယ်လေ။ နိဒါန်းပျိုးတာလေးက နည်းနည်းလေးဆန်းတော့ နိုင်ငံခြားဇာတ်လမ်းတစ်ခုကိုများ မှီငြမ်းထားသလားလို့ တွေးမိသေးတယ်။ ကျွန်တော်က နိုင်ငံခြားဇာတ်လမ်းတွေ သိပ်မကြည့်ဖြစ်တဲ့အတွက် မသိပါဘူး။ ရန်ကုန်ဆိုတာ…. ဆိုတဲ့စကားပြောလေးနဲ့စပြီး ဇာတ်လမ်းကို ဆွဲခေါ်သွားလိုက်တာ ဘာဖြစ်မှာလဲ၊ ဘာဖြစ်မှာလဲနဲ့ တွေးပြီးစောင့်ကြည့်ရတဲ့အထိပါပဲ။ ကေတုမတီမျိုးအောင်နဲ့ ကိုကိုဦးကို ပြန်သုံးထားတဲ့ ဒါရိုက်တာရဲ့ စိတ်ကူးတစ်ခုတည်းနဲ့တင် အတော်လေးကို အမှတ်ပေးနေမိတယ်။ ဒီနေ့ခေတ် လူကြမ်းသရုပ်ဆောင်တွေကို ပျင်းတောင်ပျင်းသေးတယ်၊ ငါတို့မအိုသေးဘူးလို့ ပြောသွားကြသလိုပါပဲ။ ဒီဘက်ဗီလိန်တွေထဲမှာ တူတူတန်တန် ကျွန်တော်ကြည့်လို့ရတာ မင်းရဲဆက်တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက အတင်းကာရော၊ မျက်လုံးတွေပြူးပြ၊ ဖြဲခြောက်ကြနဲ့ မမိုက်ပါဘူးဗျာ။ ဒီဇာတ်ကားမှာတော့ ကေတုမတီမျိုးအောင်နဲ့ ကိုကိုဦးက လူကြမ်းဇာတ်ကောင်စရိုက်တွေကို အပီပြင်ဆုံး သရုပ်ဆောင်ပြသွားပါတယ်။

ဒီဇာတ်ကားကို ဒီတစ်ပတ်ရဲ့ ကျွန်တော်အကြိုက်ဆုံးဇာတ်လမ်းအဖြစ် အမှတ်ပေးလိုက်မိပါတယ်။ အမှတ်ထင်ထင်ဖြစ်နေခဲ့တဲ့ ဒိုင်ယာလော့ခ်လေးက ဒီလိုပါ-
"အူမ,မတောင့်ရင် သီလမစောင့်နိုင်ဘူးဆိုတဲ့ စကားဟာ အလကားဗျ၊ အဲဒါ ဆင်ခြေပေးနေတာ… တကယ့်တကယ်ကလေ... ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သီလကို စောင့်နိုင်အောင် ကြိုးစားရမယ်။ အဲဒါ အကောင်းဆုံး ဘ၀နေနည်းပဲ"

ငှားကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ လက်တို့လိုက်ပါတယ်နော်။

(၂)
ဇာတ်ကားအမည် - မာနလှိုင်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ မိုးဟေကို၊ ထွန်းအိန္ဒြာဗို၊ ဇင်မျိုး
မှတ်ချက်
ဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတဲ့ဇာတ်လမ်းပါ။

ဇာတ်ကားအမည် - မှားခွင့်
ဇာတ်လမ်း - သမီးမြတ်ကျော်
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
သရုပ်ဆောင်များ - ကောင်းခန့်၊ စိုးမြတ်သူဇာ၊ မေသက်ခိုင်၊ ဇော်ဝင်းနိုင်၊ လူမုန်း၊ အောင်ဇော်မင်း၊ စိုင်းအောင်တင့်၊ ညီဂျော်၊ ကျော်စိုး၊ မျိုးမျိုးခိုင်၊ အိမ့်ကြာဖြူ၊ ပိုင်ကိုထက်၊ ၀င်းမြိုင်၊ ခင်လေးဆွေ၊ ရဲမြညွန့်အဖွဲ့၊ ဒေါ်မြင့်အဖွဲ့
မှတ်ချက်
ဝင်းထွန်းထွန်းဆိုတဲ့ နာမည်ကိုမြင်လိုက်တာနဲ့ ဇာတ်ကားတွေမှာ ၀တ္ထု-မောင်လှမျိုး(ချင်းချောင်းခြံ) ဆိုပြီး စာတန်းထိုးတာကို တွေ့လိုက်ရသလိုပဲ ရင်ထဲမှာ နင့်သွားတယ်။ ဇာတ်နာတော့မယ်ဆိုတာ သိနေတာကိုး။ ၀င်းထွန်းထွန်းဆိုတဲ့ နာမည်ဟာ အဲဒီလောက်အထိ ပေါက်သွားပါပြီ။ ဒီဇာတ်ကားကတော့ အစ်မကြီးဇာတ်ပါ။ စိုးမြတ်သူဇာက အဲဒီဇာတ်ကောင်စရိုက်ကို ပုံဖော်သူပေါ့။ ကောင်းခန့်ကတော့ သရုပ်ဆောင်သစ်တွေထဲမှာ အမြန်ဆုံးအသားကျပြီး ရင့်ကျက်လာတဲ့မင်းသားလို့ မြင်မိတယ်။ သူ့ထက်အရင်ပေါ်တဲ့ မင်းသားသစ်တွေက ဒုံရင်းပဲ သွားနေတဲ့အချိန်မှာ ကောင်းခန့်ရဲ့သရုပ်ဆောင်မှုတွေ တက်လာတာက သိသာလှပါတယ်။ အစ်မဖြစ်သူကို နာကြည်းမုန်းတီးနေတဲ့ မောင်ငယ်တစ်ယောက်စရိုက်ကို တတ်နိုင်သလောက် သရုပ်ဆောင်ပြသွားပါတယ်။ ဇာတ်လမ်းရည်ရွယ်ချက်လေး မဆိုးလှပေမယ့် ဇာတ်အိမ်က အခိုင်ကြီးမဟုတ်တဲ့အတွက် နည်းနည်းပေါ့နေတယ်။ အထူးသဖြင့် မောင်ဖြစ်သူက အစ်မဖြစ်သူကို နားလည်သွားတဲ့အခန်းကို အခြားတစ်မျိုးမျိုးနဲ့ ပြသင့်တာပေါ့။ ပြီးတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စိုးမြတ်သူဇာကို အသေသတ်မယ် (ဇာတ်လမ်းက သတ်မှာကိုပြောတာ) ဆိုတာ သိနေတော့ ပေါ့သွားတာပေါ့။ ကြည့်မယ်ဆို ကြည့်ပျော်မယ့်ဇာတ်ကားတစ်ခုပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၁ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၇ နာရီ ၅၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics