Friday, February 26, 2010

ကမ္ဘာ့အနိဋ္ဌာရုံအားလုံးရဲ့ တရားခံ - လူထုစိန်ဝင်း


ခုတလော အားကစားဂျာနယ်တွေဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို စိတ်ပျက်စရာလည်း ကောင်းလှတယ်။ စိတ်ဝင်စားစရာအကြောင်းကတော့ ကိုယ်နှစ်သက်သဘောကျတဲ့ ဘောလုံးသမားတွေ ဘယ်အသင်းက ဘယ်အသင်းကို ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းမျိုးဖြစ်တယ်။ စိတ်ပျက်စရာ အကြောင်းကတော့ ဘောလုံးသမားတွေကို လူသားလို သဘောမထားကြတော့ဘဲ သက်မဲ့ကုန်ပစ္စည်းများသဖွယ် ရောင်းဝယ်ဖောက်ကား လုပ်နေကြတဲ့ကိစ္စ ဖြစ်တယ်။

ဈေးကွက်ပရိယာယ်တွေ
အခုရက်ပိုင်းတွေက ဘောလုံးသမားအပြောင်းအရွှေ့ လုပ်ခွင့်ရှိတဲ့ကာလ ဖြစ်လေတော့ ဘောလုံးအသင်းတိုင်း မလိုသူတွေရောင်းထုတ်၊ လိုသူတွေကို လိုက်ဝယ်လုပ်နေကြပါတယ်။ အဲဒီလိုလုပ်ကြရာမှာ ကလပ်အသင်းတွေက ကိုယ်ရောင်းထုတ်ချင်တဲ့ ဘောလုံးသမားကို ဈေးကောင်းရလေအောင် မရောင်းချင်သလို အင်တင်တင်လုပ်ပြလေ့ ရှိကြသလို၊ ဘောလုံးသမားတွေကလည်း သူတို့ လစာကောင်းကောင်း ရစေဖို့အတွက် ဘယ်နိုင်ငံ၊ ဘယ်အသင်းတွေက သူ့ကို ဘယ်လိုမက်လုံးတွေပေးပြီး ကမ်းလှမ်းနေကြောင်း သတင်းလွှင့်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

လူကုန်ကူးမှုလို
တစ်ခါတလေကျတော့ ကာယကံရှင်ဘောလုံးသမားကိုယ်တိုင်တောင် မသိလိုက်ရဘဲနဲ့ အရောင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘောလုံးလောက အရောင်းအ၀ယ်ကိစ္စတွေဟာ တစ်ခါတစ်ခါမှာ စက်ဆုပ်စရာကောင်းလောက်အောင် လိမ်ညာလှည့်စားကြတာ၊ မသမာကြတာတွေ မြင်တွေ့ရလေတော့ ဘောလုံးသမား အရောင်းအ၀ယ်ကိစ္စဟာ တရားဝင်ခွင့်ပြုထားတဲ့ "လူကုန်ကူးမှု"မျိုး ဖြစ်နေသလားလို့တောင် အတွေးရောက်မိပါတယ်။

ငွေဝယ်ကျွန်ပမာ
ဘောလုံးသမားကိုယ်တိုင် မသိလိုက်ရဘဲ၊ ဆန္ဒလည်းမရှိပါဘဲနဲ့ အရောင်းခံလိုက်ရတာမျိုးတွေ မြင်တွေ့ရတော့လည်း ဘောလုံးသမားတွေဟာ "ငွေဝယ်ကျွန်"တွေလို ဖြစ်နေပါပေါ့လားဆိုပြီး ရင်ထုမနာ ဖြစ်ရပါတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ တစ်ကမ္ဘာလုံးမှာ အားကစားစစ်စစ်ဆိုတာမျိုး မရှိတော့ဘဲ အားကစားစီးပွားရေးလုပ်ငန်း ဆိုတာမျိုးတွေချည်း ဖြစ်နေကြပြီမဟုတ်လား။ ဒီတော့လည်း မနှစ်မြို့တာတွေကို မေ့ထားပြီး မကြည့်ရမနေနိုင်တဲ့ ဘောလုံးပွဲတွေကို ကြည့်နေရတော့တာပါပဲ။

ကုဋေကြွယ်သူဌေးကြီးတွေ
ဘောလုံးလောကနဲ့ အားကစားလောကကြီးတစ်ခုလုံး စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်လာတဲ့အတွက် ဘောလုံးသမားတွေနဲ့ အားကစားသမားတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် ၀င်ငွေကောင်းကောင်း ရနေကြပြီး ထိပ်တန်းရောက်သူတွေဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေတောင် ဖြစ်နေကြပြီ မဟုတ်ဘူးလားလို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ လစာအမြင့်ဆုံးရ ဘောလုံးသမားတစ်ယောက်ရဲ့ တစ်လ၀င်ငွေဟာ အမေရိကန်သမ္မတ ဒါမှမဟုတ် အင်္ဂလိပ်ဝန်ကြီးချုပ်များရဲ့ တစ်နှစ်တွက် လစာငွေထက်တောင် များပါသေးတယ်။

ကြွက်မိဖို့အဓိက
အားကစားသမားတိုင်းရဲ့ စိတ်ထဲမှာ ကြီးစိုးနေတာက အနိုင်ရဖို့ဆိုတဲ့ စိတ်တစ်ခုတည်းပဲ။ ဘယ်နည်းနဲ့ နိုင်ရ နိုင်ရ နိုင်ဖို့အဓိကပဲ။ ကြောင်ဖြူတာမည်းတာကို အလေးမထားဘူး၊ ကြွက်မိဖို့ အဓိကပဲ။ "ဖဲပလေး"တို့၊ "အားကစားစိတ်ဓာတ်"တို့၊ "လူကြီးလူကောင်းပီသမှု" ဆိုတာတွေ ဆိတ်သုဉ်းကုန်ပြီ။ ဒီခေတ်မှာ အဲဒီစိတ်ဓာတ်တွေအကြောင်း ပြောတဲ့သူဟာ "လူနုံ" "လူအ" ပဲ။ "သိက္ခာနဲ့ ရိက္ခာဝယ်လို့ မရဘူး" ဆိုတဲ့ စကားပဲ ဒီနေ့ နေရာတိုင်းမှာ ကြားနေရတယ်။

အနိဋ္ဌာရုံကမ္ဘာ
အားကစားလောကအကြောင်းပြောလို့ တခြားလောကတွေအကြောင်း ပြောစရာမရှိတာ မဟုတ်ပါဘူး။ ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံး ဘယ်ထောင့်၊ ဘယ်နေရာပဲကြည့်ကြည့် ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြီးငယ်တွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ၊ အရှက်ကင်းမဲ့စွာ လိမ်ညာလှည့်စားမှုတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေကြတာတွေကိုချည်း မြင်တွေ့နေရပါတယ်။ ပြောရမယ်ဆိုရင် အားလုံးအနိဋ္ဌာရုံတွေချည်းပါပဲ။

ပညာစီးပွားရေး၊ ကျန်းမာစီးပွားရေး
ဒီအနိဋ္ဌာရုံအားလုံးရဲ့ အရင်းအမြစ်က ဘာလဲလို့ ဆန်းစစ်ကြည့်တော့ နေရာတကာ "အလွန်အကျွံ စီးပွားရေးဆန်လွန်းမှု" (hypercommercialization) ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ အားကစားက စီးပွားရေးလုပ်ငန်းကြီး ဖြစ်သလို ပညာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ ကျန်းမာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ လူမှုဖူလုံရေးကလည်း စီးပွားရေးလုပ်ငန်းကြီး အရာအားလုံး ပိုက်ဆံရဖို့အဓိကဆိုပြီး လုပ်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ရဲ့ မီဒီယာလုပ်ငန်းတွေလည်း ရှေးကလို တိုင်းပြုပြည်ပြုသာသနာပြု (missionary) လုပ်ငန်းမဟုတ်တော့ဘဲ ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်နေကြပြီလေ။

မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး
လူထုစိန်ဝင်း
စာမျက်နှာ- ၁၂၇ မှ ၁၂၉

No comments:

Post a Comment

 
Web Statistics