Wednesday, February 24, 2010

ချစ်တဲ့စကား - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်သူ့မျက်နှာ၊ လပမာဟု
ချိုသာစကား၊ သကာပျားဟု
သွားလာယဉ်ကျေး၊ မဟာသွေးဟု
နုထွေးအသားရေ၊ သိင်္ဂီရွှေဟု
ညွှန်းပေချင်ဘူး၊ ပိုချင်ဘူးကွယ်။

သို့ပေသော်လည်း၊ ကျွန့်အသည်း၌
ကမ္ဗည်းမှတ်တင်၊ တန်ခိုးရှင်ဟု
အသင်ဖမ်းစား၊ ချစ်စွမ်းအားကြောင့်
အခါးမရှိ၊ ချိုပီတိဖြင့်
ရင်ခုန်သံတို့ မြန်ရပြီ။

မဆန်းပေမယ့်၊ မရိုးတဲ့စကား
ချစ်တယ်ဆိုတာကို
ညင်သာတိုးတိတ်၊ ကြည်နူးရိပ်ဖြင့်
မင်းသိအောင် ပြောပြလိုက်မယ်
မျက်စိမှိတ်လို့ နားထောင်ကွယ်...
"မင်းကိုချစ်တယ်"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၁၀ မိနစ်တွင်ပြီး၏။
********
တစ်နေ့က ညီငယ်တစ်ယောက်က "အစ်ကို… ကဗျာမရေးတာ အတော်ကြာပြီနော်" ဆိုပြီး သတိပေးစကား ဆိုလာပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ကဗျာတွေမရေးဖြစ်တာ အတော်ကို ကြာနေပါပြီ။ ရေးချင်စိတ်ရှိပေမယ့် စာရေးစားပွဲမှာ ရေးဖို့ထိုင်လိုက်တိုင်း ဘာရေးရမှန်းမသိ၊ ရေးဖြစ်ရင်လည်း အပြီးမသတ်နိုင်ဘဲ တို့လို့တန်းလန်းနဲ့ ဖြစ်နေခဲ့ရတာ ကြာပါပြီ။ ဟိုးယခင် ကဗျာတွေကို အားတိုင်းရေးနေချိန်တုန်းကတော့ ဘယ်အကြောင်းအရာကို တွေးလိုက်တွေးလိုက် လက်ကသူ့အလိုလိုပဲ ရေးဖြစ်သွားတာပါပဲ။ ဘာမှကြာလိုက်ရတယ်မထင်ပါဘူး။ အခုတော့ ကဗျာတစ်ပုဒ်ရေးဖို့ကို အတော်ကို မလွယ်တဲ့ကိစ္စကြီး ဖြစ်နေပါတယ်။ ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုတွေ ပြောင်းလဲလာခြင်းဟာ အဓိကအကြောင်းရင်းခံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လတ်တလော စိတ်ဝင်စားနေတာတွေက ခံစားချက်ကို ဦးစားပေးရတဲ့ အကြောင်းအရာတွေမဟုတ်ဘဲ အခြားသော သောင်းပြောင်းထွေလာတွေ ဖြစ်နေတဲ့အတွက် ခံစားချက်တွေ ပျောက်ဆုံးနေခဲ့ရတာလည်း ဖြစ်ပါလိမ့်မယ်။ ဒီနေ့တော့ ကဗျာရေးချင်စိတ်ကလေး ရှိတာကြောင့် ချရေးဖြစ်လိုက်တာပါ။ အတော်လေးကို ခေါင်းခြောက်ခဲ့ရတာတော့ အမှန်ပါပဲ။ ရေးချင်တဲ့ အကြောင်းအရာက ရှိနေပေမယ့် စကားလုံးနဲ့ ကာရန်တွေ ပျောက်ဆုံးနေခဲ့တဲ့အတွက်  ခက်ခက်ခဲခဲ ပြီးအောင် ရေးခဲ့ရပါတယ်။ ခံစားကြည့်ပေးပါဦးနော်။ မကြိုက်တဲ့လူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ခံစားချက်ချင်းတူလို့ သဘောကျတဲ့လူတွေများ ရှိခဲ့ရင်တော့ ကျွန်တော် အင်မတန်မှကို ၀မ်းသာရမှာပါ။ သူတို့နဲ့ ထပ်တူပေါ့။

No comments:

Post a Comment

 
Web Statistics