Wednesday, February 24, 2010

ဘောလုံးပွဲ ဒီမိုကရေစီ - တင်ညွန့်


ရိုးသားစွာဝန်ခံရလျှင် ဘောလုံးပွဲကို ကျွန်တော် ယနေ့တိုင် စိတ်ဝင်စား၍ မရနိုင်သူဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အင်္ကျီအရောင်များခွဲပြီး ကန်ကြသည်။ အနီနိုင်ချင်နိုင်မည်၊ အဖြူနိုင်ချင်နိုင်မည်၊ မနိုင်ဘဲ သရေလည်းဖြစ်နိုင်သည်၊ ဂိုးများသည့်ဘက်က နိုင်သည်။ ကျွန်တော့်ဘောလုံးပွဲအသိက ဤမျှသာဖြစ်သည်။ ၀ါသနာမပါသဖြင့်လည်းကောင်း၊ အချိန်မပေးနိုင်သဖြင့်လည်းကောင်း ထိုင်မကြည့်မိ။ ၀ါသနာပါလျှင်တော့ အချိန်ပေးကောင်း ပေးနိုင်မည်ထင်သည်။

ကျွန်တော် တက္ကသိုလ်တက်စဉ်က ဘောလုံးပွဲတစ်ပွဲ မှတ်မှတ်ရရ ကြည့်ဖူးသည်။ နောက်ဆုံးဖိုင်နယ်ပွဲကို ကျွန်တော်တို့ဌာနနှင့် ဓာတုဗေဒဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပါမောက္ခချုပ်ကလည်း နောက်ဆုံးဖိုင်နယ်ပွဲကို ခမ်းနားကြီးကျယ်စွာ အောင်ဆန်းကွင်းတွင် ကျင်းပပေးသည်။ ကျောင်းသားတွေကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ အောင်ဆန်းကွင်းသို့ ဘတ်စ်ကားများဖြင့် အကြိုအပို့လုပ်ပေးသည်။ သိပ္ပံကျောင်းသားတွေက ပွဲကြည့်စင်တစ်ခြမ်း၊ ၀ိဇ္ဇာကျောင်းသားတွေက ပွဲကြည့်စင်တစ်ခြမ်း အားပေးကြရသည်။ ပွဲကြည့်စင်အရှေ့ဘက်ခြမ်းနှင့် အထူးတန်းပွဲကြည့်စင်အပြည့် ကျောင်းသားတွေ လာရောက်အားပေးကြသည်။

ကျွန်တော်သည် ကျောင်းသားဘ၀ကတည်းက ဘောလုံးပွဲကို ၀ါသနာမပါသော်လည်း ကိုယ့်ဌာနဆိုသည့် အသင်းစွဲစိတ်ဓာတ်ဖြင့် လာရောက်အားပေးမိသည်။ အဖြူရောင်တွေ ဂိုးသွင်းနိုင်ရန် အခြေအနေရောက်လျှင် ကိုယ်အားပေးသည့်အသင်း ဖြစ်နေသဖြင့် ၀မ်းသာမိသွားသည်။ အနီရောင်တွေဂိုးသွင်းသွားလျှင် စိတ်ပျက်အားငယ်သလိုလို ခံစားရသည်။ နောက်ဆုံး အဖြူရောင်အသင်းက နိုင်နေသည်။ ပွဲလည်းပြီးတော့မည်။ အနီအသင်းမှ ဘောလုံးသမားတစ်ယောက်နှင့် အဖြူအသင်းမှ ဘောလုံးသမားတစ်ယောက်တို့ အချင်းများကြသည်။ ဒိုင်ကလည်း ထိန်းမနိုင်၊ ထိုးကြ ကြိတ်ကြသည်။ ပွဲကြည့်ပရိသတ် ကျောင်းသားတွေပါ အော်ဟစ်ဆဲဆိုရင်း ကွင်းထဲဆင်းပြီး ၀င်ရောက်ထိုးကြိတ်ကြသည်။ ဆရာတွေလည်း ထိန်းမရတော့။ နောက်ဆုံး ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ထိန်းမှ ပွဲငြိမ်သွားသည်။ သို့သော် ဘောလုံးပွဲကား ဆက်မကန်ဖြစ်တော့။ ချန်ပီယံဒိုင်းကြီးကိုလည်း မည်သူမျှမရ။ နောက်ထပ်နှစ်ပေါင်းများစွာ တက္ကသိုလ်ဘောလုံးပွဲတွေလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

မကြာသေးမီက မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပသွားသည့် ရတနာပုံ FC ပြိင်ပွဲတွင် ရတနာပုံ FC ပရိသတ်၏ အားပေးမှုလွန်ကဲခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရကြောင်း ဂျာနယ်များတွင် ဖတ်လိုက်ရသည်။ ဗထူးကွင်းအတွင်းသာမက၊ ကွင်းအပြင်အထိ ဖျက်ဆီးရမ်းကားမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့ကြရသည်။ ဘောလုံးပွဲတွင် လွတ်လပ်မှု၏ လတ်တလော အခွင့်အရေးကို ကောင်းစွာ အသုံးမချတတ်သဖြင့် အသင်းနှင့် မြို့၏ ဂုဏ်သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။ အမှန်ပြောရလျှင် လူတစ်စု ဒီမိုကရေစီ မဆန်မှုနှင့် နားလည်မှုလွဲခြင်းကြောင့် မန္တလေးလူထုတစ်ရပ်လုံး စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်။

မြန်မာပြည်တွင် ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲအဆင့်၊ ၀န်ကြီးဌာန ဘောလုံးပွဲအဆင့်မှ ပုဂ္ဂလိကပိုင် ဘောလုံးအသင်းများ ထူထောင်ခွင့်ပြုလိုက်သဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးအသင်းတွေ ထူထောင်ကြကြောင့် ဂျာနယ်နှင့် သတင်းစာများတွင် ဖတ်ရပါသည်။ ဘောလုံးသမားတွေ ခေတ်ကောင်း၊ ၀င်ငွေကောင်းလာသည်။ မမျှော်လင့်သည့် ငွေကြေးများ၊ ကစားကြေးများ ရလာကြပြီး ပြိုင်ပွဲတွေကလည်း ခမ်းနားကြီးကျယ်လာသည်။ ပရိသတ်တွေ အားပေးမှုကလည်း မကြုံဖူးလောက်အောင် များပြားထူးဆန်းလှသည်ကို ရုပ်မြင်သံကြားတွင် တွေ့ခွင့်ရခဲ့သည်။ ဤသဘောတရားကို ကျွန်တော့်လို ဘောလုံးပွဲ စိတ်မ၀င်စားသူတစ်ယောက်ကတော့ နိုင်ငံရေးအရ စမ်းသပ်ကြည့်ခြင်းဟု မြင်မိသည်။ တစ်နည်းအားဖြင့် ဘောလုံးပွဲဒီမိုကရေစီဖြင့် ပြည်သူကို စမ်းသပ်ကြည့်ခြင်းဟု သုံးသပ်မိသည်။

၁၉၈၈ ခုနှစ်လောက်ကလည်း ကျွန်တော်တို့ လမ်းမတွေပေါ်ထွက်ကာ ဘောလုံးကန်ကြည့်ကြဖူးသည်။ လူတိုင်း ဘောလုံးကန်ကြည့်ချင်သဖြင့် ကွင်းမသတ်မှတ်နိုင်တော့။ လမ်းတိုင်းသည် ဘောလုံးကွင်းဖြစ်သွားသည်။ ထိုဘောလုံးပွဲတွင် ဒိုင်မရှိ။ ပွဲကြည့်ပရိသတ်နှင့် ကစားသူတွေသာရှိသည်။ ကန်ချင်သည့်အချိန်တွင် ကန်ချင်သလို ကန်ကြသည်။ မြို့တိုင်း နယ်တိုင်း နိုင်ငံအနှံ့ ကန်ကြသည်။ ကစားချင်သလို ကစားသည်။ အားပေးချင်သလို အားပေးကြသည်။ နောက်ဆုံးတွင် ဘောလုံးပွဲဆိုသည်မှာ လုပ်ချင်သလို လုပ်ခွင့်ရှိကြောင်း သတ်မှတ်ထင်မြင် လာကြသည့်အခါ ဘောလုံးပွဲသည် လူဆဲပွဲ၊ လူသတ်ပွဲ၊ လူရိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီး ပွဲသိမ်းသွားရသည်။

နိုင်ငံတိုင်းတွင် ဘောလုံးပွဲတိုင်းလိုလို၌ အလွန်အကြူးဖြစ်မှုများ ရှိနိုင်ပါသည်။ သို့သော် ထိန်းချုပ်ကန့်သတ်မှုများ၊ စည်းကမ်းများနှင့် ဘောင်အတွင်း၌သာ ကစားကြရသလို၊ အားပေးသူတိုင်းကလည်း ဘောင်အတွင်းမှသာ အားပေးခွင့်ရှိသည်။ ပွဲပျက်လျှင် အဖြေမထွက်၊ ရလဒ်ကိုမရ ဖြစ်တတ်သည်ကိုတော့ လူတိုင်းနားလည် သဘောပေါက်ပြီးသား ဖြစ်သည်။ အားပေးသူသည် ကွင်းအတွင်းဝင်ခွင့်မရှိ၊ ကစားသူသည် အားပေးသူကို မထီမဲ့မြင်လုပ်ခွင့်မရှိ၊ ဒိုင်သည် ဘက်လိုက်ပြီး ဆုံးဖြတ်၍မရ၊ ဂိုးသမားသည် ရှေ့တန်းတက်ပြီး ဂိုးသွင်းရန် ကြိုးစားဖို့မလို၊ ရှေ့တန်းကစားသူက ဂိုးလာစောင့်ရန်မလိုဆိုသည့် အခြေခံသဘောတရားလေးတွေ လောက်ကိုတော့ အားလုံးနားလည်ပြီး ကစားခြင်း၊ အားပေးခြင်းပြုနိုင်မှသာ အဖြေတစ်ခုခုကို ရနိုင်မည်ထင်သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ပြောကြားသွားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်တစ်ခုကို ဖော်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက -
"ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်က ပထမစ ဂိုးသွင်းရတယ်ဆိုရင် အတော်အားတက်လာတယ်။ … ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအခါကျရင် လူကိုချတယ်။ ဒါကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။ အဲဒါ Sporting Spirit မရှိဘူး။ ဒါဘာလဲဆိုလို့ရှိရင် ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာတွေ လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး" ဟူ၍ ကြိုတင်ခန့်မှန်း ပြောကြားသွားခဲ့ပါသည်။

၂၀၁၀ အတွက် လက်ရှိအစိုးရအနေဖြင့် "လွှတ်တော်များ ဖွဲ့စည်းပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး" အတွက် ဘောလုံးပွဲဒီမိုကရေစီနည်းကို ကျင့်သုံးပြီး စမ်းသပ်နေသည်ဟု ထင်ပါသည်။ အသင်းတွေထောင်ခွင့်ပြုသည်။ မကြာမီ နိုင်ငံရေးပါတီတွေလည်း တရားဝင်ထူထောင်ခွင့် ပြုရတော့မည်။ ဘောလုံးသမားတွေကို စိတ်ကြိုက်မွေးခွင့်ရှိသည်။ အရည်အချင်းရှိသလောက် ကြေးကောင်းသည်။ နိုင်ငံခြားဘောလုံးသမားများကို ငှားရမ်းသုံးခွင့်အထိ ပေးထားသည်။ ပါတီတွေလည်း မကြာမီ မိမိတို့စိတ်ကြိုက် ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသူများဖြင့် ဖွဲ့စည်းထူထောင်ခွင့် ရတောမ့ည်။ သို့သော် ဥပဒေအရ နိုင်ငံခြားမှ ငှားရမ်းသုံးခွင့်တော့မရှိ။ တစ်သင်းနှင့်တစ်သင်း အားပေးသူ၊ အရောင်၊ အဖွဲ့ဝင်နှင့် ငွေကြေးအရ လွတ်လပ်စွာ ထူထောင်ခွင့်ရသလို ပါတီတွေလည်း ပါတီဝင်များ၊ လမ်းစဉ်၊ မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ ငွေကြေးတို့ဖြင့် ထူထောင်ခွင့်ရကြတော့မည် ဖြစ်သည်။

ဘောလုံးပွဲဆိုသည်မှာ သတ်မှတ်ထားသည့်ကာလ၊ နေ့ရက်၊ အချိန်တွင် ပြိုင်ဆိုင်ကန်ကြရသည်။ သူတို့ပြိုင်မည့်နေ့၊ နေရာသို့ ပရိသတ်များက လာရောက်အားပေးကြရသည်။ သတ်မှတ်ထားသည့် နေ့ရက်အချိန်တွင် အခြေခံဥပဒေကို လိုက်နာသည့် မည်သည့်ပါတီမဆို ရွေးကောက်ပွဲအတွင်းသို့ဝင်ပြီး ပြည်သူ၏ အားပေးမှုခံကာ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ပါတီတွေလည်း တစ်ပါတီနှင့် တစ်ပါတီ အပြိုင်အဆိုင် စည်းရုံးမဲဆွယ်ရင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မည်။ အဓိကမှာ ပရိသတ် (ပြည်သူ) ဖြစ်သည်။

ပရိသတ်သည် စည်းကမ်းရှိစွာ၊ အမြော်အမြင်ရှိစွာ၊ ဒီမိုကရေစီနည်းကျစွာ အားပေးကြရန်သာ လိုတော့သည်။ ဘောလုံးပွဲတစ်ပွဲတွင် ဒိုင်များ၏ အဓိကအဆုံးအဖြတ်ကို ကစားသမားများ လိုက်နာကြရသည်။ မလိုက်နာလျှင် အပြစ်ပေးပြီး ပြိုင်ပွဲမှ ထုတ်ပယ်ခံရတတ်သည်။ နောက်တစ်ချက်က ပရိသတ် ပွဲဝင်ဖျက်လျှင်လည်း၊ ၀င်ဖျက်သည်ကို မထိန်းနိုင်လျှင်လည်း အဖြေမရှိသည့် ရလဒ်တစ်ခု ဖြစ်သွားနိုင်သည်။

ဒိုင်ညစ်မှာကြောက်ပြီး ဘောလုံးပွဲဝင်မကန်ဟု ပြောရန်မလို။ ကွင်းမကြိုက်သဖြင့် ပြိုင်ပွဲမ၀င်ဟု ဆင်ခြေတက်ရန်လည်း မလို။ သတ်မှတ်သည့်အချိန်၊ သတ်မှတ်သည့်နေ့ရက်တွင် သတ်မှတ်သည့်ကွင်းသို့ မရောက်လာသည့်အသင်းသည် အရှုံးသာဖြစ်သည်။ ဗိုလ်လုပွဲအထိ မတက်နိုင်လျှင် ဒိုင်းရမည်ကိုလည်း မှန်းနိုင်မည်မဟုတ်ပေ။ ဒီမိုကရေစီဘောလုံးပွဲကြီး မကြာမီစတော့မည်။ ဘောလုံးပွဲ ဒီမိုကရေစီ သဘောတရားကို ပြည်သူတွေ သဘောပေါက်ထားရန်သာ လိုသည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
Monday, February 22-28, 2010
စာမျက်နှာ - ၁၇

No comments:

Post a Comment

 
Web Statistics