Tuesday, February 02, 2010

နိုင်ငံတည်ဆောက်ရေးနှင့် E.Q


လူတစ်ဦး၏ အောင်မြင်မှုသည် ထိုသူ၏ ဉာဏ်ရည်ဉာဏ်သွေးအပေါ် အဓိကတည်မှီနေသည်ဟု ပညာရှင်များ ယခင်က ယူဆကာ လူတစ်ဦး၏ အလားအလာကို ဉာဏ်ရည်ပြကိန်း IQ ဖြင့် တိုင်းတာခဲ့ကြသော်လည်း နောက်ပိုင်းတွင် စိတ်ခံစားချက်ဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး EI (Emotional Intelligence) သည် လူတစ်ဦး၏ စွမ်းဆောင်နိုင်စွမ်းအင် များစွာအရေးကြီးကြောင်း သိမြင်လာကြပြီး စိတ်ခံစားချက်ပြအညွှန်းကိန်း EQ (Emotional Intelligence Quotient) ရေပန်းစားလာခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်များသည် သာမန်ခေါင်းဆောင်များနှင့် အဓိက ကွာခြားသည့်နေရာမှာ EQ တွင်ဖြစ်ပြီး အောင်မြင်မှု၏ ၈၅ ရာခိုင်နှုန်း ဖြစ်သည်ဟု သုတေသနများက ဆိုသည်။

EQ ကို အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships "မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင်ခံစားချက်များအား သဘောပေါက်နားလည်ပြီး မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း" ဖြစ်သည်။

အဓိကအားဖြင့် မိမိနှင့် အခြားသူများ၏ နှလုံးသားကို ဦးနှောက်ဖြင့် နားလည်ခြင်းသည် EQ ပင် ဖြစ်သည်။

နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ တစ်ကိုယ်တော်ကြဲရုံဖြင့်မရဘဲ နေရာဒေသအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးနှင့် လူပုဂ္ဂိုလ်အမျိုးမျိုး၊ Stakeholders ခေါ် သက်ဆိုင်သူအမျိုးမျိုး ပူးပေါင်းဆောင်ရွက်မှ ရနိုင်သည့် Collective Effort ဖြစ်သောကြောင့် ဆိုင်ရာပုဂ္ဂိုလ်များ EQ မြင့်မားပါမှ နိုင်ငံတည်ဆောက်ရေးပန်းတိုင်သို့ ပိုမိုချောမွေ့စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။

အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ ကြီးမားသော အခက်အခဲများ၊ စိန်ခေါ်မှုများကြားထဲမှ မဖောက်ဖူးသေးသောလမ်းကို ဖောက်ရခြင်း၊ မသွားဖူးသေးသောလမ်းကို လျှောက်ရခြင်း Road Untravelled ဖြစ်ခြင်းကြောင့် နှလုံးသားခံစားချက် ပြင်းပြင်းထားရှိသူများသာ ဇွဲဝီရိယအားဖြင့် လက်မလျှော့တမ်း လုပ်ဆောင်နိုင်ကြရာ ထိုသူများအဖို့ "ဦးနှောက်" ထက် "နှလုံးသား" ရှေ့ရောက်သွားသော အကြိမ်များစွာ ရှိမည်မှာ သေချာပါသည်။

သို့သော် မြန်မာနိုင်ငံသားများ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည့် အချိန်ကာလတွင် IQ သာမက EQ ပါ မြင့်မားသော ပုဂ္ဂိုလ်ကြီးများကြောင့် ဆန့်ကျင်ဘက်အစွန်းများမှ ပုဂ္ဂိုလ်များအပါအ၀င် မျိုးချစ်ပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် လွတ်လပ်ရေးကြီးကို မလွတ်တမ်း ရယူနိုင်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတည်ဆောက်ရေးတွင် မိမိနှင့် အခြားသူများ၏ နှလုံးသားကို ဦးနှောက်ဖြင့် နားလည် အလုပ်လုပ်ရန် အလွန်အရေးကြီးကြောင်း The Voice က အထူးဖော်ပြလိုပါသည်။

အယ်ဒီတာ (၂၅-၁-၁၀)

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၃ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics