Monday, February 01, 2010

ကလေးတွေကို အိမ်အထိလိုက်သင်ပေးခဲ့တဲ့ Red Devils


nanimadethebest.jpg

Arsenal1 - 3Manchester United
Vermaelen 79'Almunia (og) 32', Rooney 36', Park 51'

ပြိုင်ဘက်ကောင်း (သို့မဟုတ်) ပြိုင်ဘက်ဟောင်းနှစ်သင်း
အင်္ဂလန်ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရှိနေတဲ့ လက်ရှိချန်ပီယံ မန်ယူနဲ့ အမှတ်ပေးဇယား တတိယနေရာက အာဆင်နယ်တို့ ဆုံတွေ့ခဲ့ကြတယ်။ ကစားရမယ့်နေရာက ဂန်းနားတို့ရဲ့ အန်းမရိတ်စ်ကွင်းကြီးမှာ။ ဘယ်သူအသာစီးရနိုင်တယ်ဆိုတာ ဘယ်သူကမှ အတတ်မပြောနိုင်ကြဘူး။ အာဆင်နယ်က အိမ်ကွင်းရလဒ်ကောင်းတဲ့ အသင်း။ မန်ယူအသင်းကလည်း အိမ်ကွင်း၊ အဝေးကွင်း မရွေးတတ်တဲ့ အသင်း။ အနိုင်ရတဲ့အသင်းက ဇယားရဲ့ ဒုတိယနေရာကို ရောက်မယ်။ သရေကျရင် နေရာအဆင့် မပြောင်းလဲနိုင်ပေမယ့် လောလောဆယ် တစ်ပွဲလျော့နဲ့ ထိပ်မှာဦးဆောင်နေတဲ့ ချဲလ်ဆီးကို အမှတ်ပြတ်သွားနိုင်တဲ့အတွက် ချန်ပီယံပြေးလမ်းကြောင်းမှာ နောက်ကျကျန်ခဲ့သလို ဖြစ်သွားနိုင်တယ်။ မန်ယူကလည်း ဘယ်သူမှ မရဖူးသေးတဲ့ (၄)နှစ်ဆက် အမှတ်ပေးချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်သစ်ကို သမိုင်းမှတ်တမ်း ရေးထိုးနိုင်ဖို့အတွက် ဒီနှစ်ရာသီမှာ အမှတ်ပေးဖလားရဖို့ လိုအပ်နေသလို၊ အာဆင်နယ်ကလည်း (၄)နှစ်ဆက် ဖလားမဲ့ခဲ့ရတဲ့ အိပ်မက်ဆိုးထဲကနေ ရုန်းထွက်ပြဖို့ လိုအပ်နေတယ်။ အဲဒီတော့ ဒီပွဲဟာ အကြိတ်အနယ်ရှိမယ်၊ ပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုတာ ဘယ်သူကမှ သံသယမဖြစ်ဘူး။ ဒီတစ်ပတ်အတွက် တစ်ကမ္ဘာလုံးက ပရိသတ်တွေ စောင့်ကြည့်ခံရတဲ့ ပွဲစဉ်တစ်ခုပေါ့။

ကြိုတင်ခန့်မှန်းချက်များ
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်က ပရီမီယာလိဂ်ပွဲကစားခဲ့ရပြီး သရေကျခဲ့တဲ့အတွက် မန်ယူကိုကျော်ဖြတ်ပြီး ဒုတိယနေရာမှာ ရပ်တည်ခွင့် ဆုံးရှုံးခဲ့ရတယ်။ အဲဒီအတွက် အခုမန်ယူနဲ့ပွဲမှာ အမှားခံလို့ မဖြစ်ဘူး။ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် ထိပ်ဆုံးက ချဲလ်ဆီးကိုရော၊ အနီးကပ်ဆုံးပြိုင်ဘက် မန်ယူကိုရော အမှတ်ပြတ်သွားတော့မယ်။ နောက်တစ်ခုက ပထမအကျော့ အဝေးကွင်းသွားကစားခဲ့ရတော့ မန်ယူကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားတဲ့အကြွေးကလည်း ရှိနေသေးတယ်။ အဝေးကွင်းမို့ ရှုံးခဲ့တာလို့ ဖြေစရာရှိပေမယ့် အခုကိုယ့်အိမ်ကွင်းမှာ မန်ယူကိုအနိုင်မရရင်တော့ ပရိသတ်တွေက ကျေနပ်မှာမဟုတ်သလို၊ ကစားသမားတွေလည်း ယုံကြည်မှု ပျောက်ဆုံးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ကစားသမားတွေအများစုဟာ လူငယ်လေးတွေ ဖြစ်နေလို့ပါပဲ။

မန်ယူကတော့ ကားလင်းဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို ကစားခဲ့ရပြီး အပြင်းထန်ဆုံး ဒါဘီပြိုင်ဘက်ကို သုံးဂိုး-တစ်ဂိုးနဲ့ အလဲထိုးခဲ့တယ်။ အဲဒီပွဲရဲ့ ယုံကြည်မှုမှာ အာဆင်နယ်နဲ့ပွဲအထိ ပါလာနိုင်မယ်ဆိုရင် အာဆင်နယ်တို့ လုံးဝကို မလွယ်တဲ့ပွဲပါပဲ။ တစ်ပွဲလျော့နဲ့ (၄)မှတ်ဖြတ်ထားတဲ့ ချဲလ်ဆီးကို ဖိအားလိုက်ပေးနိုင်ဖို့အတွက် ဖာဂူဆန်ကြိုးစားမှာ အသေအချာပါပဲ။ ဒီနှစ်မှရောက်လာတဲ့ အန်ဆယ်လော့တီကို ပရီမီယာလိဂ်အမှတ်ပေးဖလား ကိုင်မြှောက်ခွင့်ပေးဖို့ ဖာဂူဆန်မှာ ဆန္ဒရှိနေမှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။ အဲဒီအတွက် အရေးကြီးလှတဲ့ ဒီပွဲကို ဖာဂူဆန်ဘယ်လို ဗျူဟာတွေနဲ့ တိုက်ပွဲဝင်မလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ အသေအချာပါပဲ။

ကစားသမားအနေနဲ့ မီဒီယာတွေအများစုက ရွန်းနီနဲ့ ဖာဘရီဂတ်စ်တို့ ယှဉ်ပြိုင်ကြမယ့်ပွဲလို့ ခန့်မှန်းကြတယ်။ ရွန်းနီက ဂိုးသွင်းခြေမှန်နေသလို၊ ဖာဘရီဂတ်စ်ကလည်း ဒဏ်ရာကပြန်ကောင်းလာကတည်းက အသင်းကိုအကောင်းဆုံး ပေးဆပ်နေတယ်။ ဒါပေမယ့် ဂိုးသမားချင်းယှဉ်ရင် မန်ယူရဲ့ ဗန်ဒါဆားက အပြတ်အသတ်ကြီး သာနေတယ်။ နောက်တန်းမှာတော့ ဖာဒီနန်နဲ့ ဗီဒစ်မကစားနိုင်တာဟာ မန်ယူအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ။ အလယ်တန်းကတော့ ဖလက်ချာ၊ ပေါစခိုးလ်၊ ကားရစ်တို့နဲ့ အထိုင်ကျပြီး အတွဲမိနေတဲ့ မန်ယူကို ပိုသဘောကျမိတယ်။ အာဆင်နယ်အတွက် အဓိကရုန်းမယ့်သူက အာရှာဗင်ပါပဲ။

ကွင်းမှားရော့လေသလား
ပွဲကစားတော့ ပထမပိုင်းရှေ့ပိုင်းအချိန် အနည်းငယ်လောက် အာဆင်နယ်တို့ အပေးအယူ၊ အချိတ်အဆက်မိမိနဲ့ အတိုလေးတွေပေးပြီး လှလှပပ ကစားနိုင်တယ်။ ပွဲအရှိန်ရလာတာနဲ့အမျှ မန်ယူအလယ်တန်းက ဘောလုံးစီးသွားတယ်။ ပေါစခိုးလ်၊ ကားရစ်နဲ့၊ ဖလက်ချာတို့ အလယ်တန်းဟာ ကွင်းလယ်မှာတင် ဘောလုံးပျက်အောင်၊ ကစားကွက်ပြန်တည်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အထူးသဖြင့် ကွင်းလယ်မှာ ကစားကွက်တည်ပြီး ညာတောင်ပံက နာနီဆီကို ဘောလုံးထုတ်ကစားတဲ့ ကစားကွက်ဟာ အများကြီး အလုပ်ဖြစ်ခဲ့တယ်။ မန်စီးတီးနဲ့ပွဲမှာလိုပဲ နာနီဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တယ်။ ထွက်သွားတဲ့ စီရော်နယ်လ်ဒိုရဲ့ နေရာကို ကျွန်တော်ယူပါ့မယ်လို့ ပြောခဲ့တဲ့ နာနီဟာ ပြီးခဲ့တဲ့ နှစ်ပွဲမှာ တကယ်ကိုပဲ ရော်နယ်လ်ဒိုအလား ကစားပြသွားနိုင်ခဲ့တယ်။ ကျွမ်းကျင်မှု၊ လျင်မြန်မှု၊ အကွက်မြင်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာကို တက်လာတယ်။ အထူးသဖြင့် မန်ယူရဲ့ ကီးပလေယာဖြစ်တဲ့ ရွန်းနီနဲ့ တွဲဖက်ချိတ်ဆက်တာ အကောင်းဆုံးဖြစ်လာတယ်။

မန်ယူကစားကွက်မိသွားတဲ့အချိန်မှာပဲ ပွဲအခြေအနေက လုံးဝကို ပြောင်းသွားတယ်။ မန်ယူအိမ်ကွင်းမှာ ကန်နေသလားတောင် မှတ်ထင်ရတယ်။ မန်ယူရဲ့ ပထမဂိုးပေးလိုက်ရတဲ့အချိန်ကစပြီး အာဆင်နယ်တို့ ပျာယာခတ်သွားလိုက်တာ ဒုတိယပိုင်းမှာ နှစ်သိမ့်ချေပဂိုး ပြန်ရတဲ့အချိန်အထိပါပဲ။

နာနီရဲ့ ပဉ္စလက်ဆန်ဆန် ဖန်တီးမှု
ပွဲချိန် ၃၃ မိနစ်ခန့်မှာ နာနီဘောလုံးရတယ်။ ညာတောင်ပံတစ်လျှောက်ဆွဲသွားတယ်။ အာဆင်နယ်နောက်ခံလူနှစ်ယောက်က သူ့ကို အသေကပ်ထားတယ်။ ဘောလုံးကိုလုဖို့ ကြိုးစားကြတယ်။ အဲဒီအခြေအနေမှာ နာနီက ဘယ်လိုလုပ်လိုက်သလဲ မသိလိုက်ဘူး၊ အာဆင်နယ်နောက်ခံလူ နှစ်ယောက်ကြားကနေ ဘောလုံးရော၊ လူပါ ထွက်လာခဲ့တယ်၊ နောက်ထပ် အာဆင်နယ်နောက်တန်းတစ်ယောက်ကိုလည်း အရူးလုပ်နိုင်ခဲ့တယ်၊ ပြီးတော့ အာဆင်နယ်ဂိုးတိုင်ရဲ့ အဝေးထောင့်မှာရှိနေတဲ့ ပက်ဂျေဆန်ကို လှမ်းတင်ပေးလိုက်တယ်။ ပက်ဂျေဆန်အတွက် သေချာပေါက်ဂိုးရမယ့် အနေအထားပါ။ ဒါပေမယ့် ဂိုးသမား အယ်လ်မူနီယာက အဲဒီဘောလုံးကို ပုတ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဘောလုံးက အပြင်မထွက်ဘဲ ဂိုးပိုက်ကိုပဲ တိုးဝင်သွားခဲ့တယ်။

လှပလွန်းတဲ့ တန်ပြန်တိုက်စစ်ပုံဖော်မှုနဲ့ အံ့သြဖွယ်ကောင်းတဲ့ ရွန်းနီရဲ့ ပရီမီယာလိဂ် ၁၀၀ မြောက်ဂိုး
မန်ယူဂိုးဧရိယာထိပ်မှာ ရလာတဲ့ဘောလုံးကို ပက်ဂျေဆန်က ဆွဲပြေးပြီး ကွင်းလယ်မှာရှိနေတဲ့ ရွန်းနီကိုပေးတယ်။ ရွန်းနီက တစ်ချက်ဆွဲပြေးပြီး ညာတောင်ပံက ပြေးတက်လာတဲ့ နာနီကို အလိုက်သင့်လေး လျှောထိုးပေးလိုက်တယ်။ နာနီကလည်း တောက်လျှောက်ဆွဲပြေးပြီး အာဆင်နယ်ဂိုးရှေ့ကို ချိုးပေးလိုက်တယ်။ ကွင်းလယ်ကနေ လိုက်ပြေးလာတဲ့ ရွန်းနီက တစ်ချက်မှမထိန်းဘဲ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းယူလိုက်ပြီး သူ့ရဲ့ ပရီမီယာလိဂ် ဂိုး ၁၀၀ မြောက်ကို သွင်းယူသွားခဲ့တယ်။

အာဆင်နယ်ကို အမြဲဒုက္ခပေးတဲ့ ပတ်ဂျေဆန်
အရင်ပွဲတွေမှာ ပတ်ဂျေဆန်ကို အနားပေးထားခဲ့တဲ့ ဖာဂူဆန်ဟာ ဒီနေ့ပွဲမှာတော့ ယုံယုံကြည်ကြည်နဲ့ ထည့်သုံးခဲ့ပါတယ်။ ယုံကြည်တာနဲ့ ထိုက်တန်အောင်လည်း ပတ်ဂျေဆန်က အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ရွန်းနီရယ်၊ ကားရစ်ရယ်၊ အီဗရာရယ် ၀မ်းတူးရိုက်ပြီး ဆင်ထားတဲ့ဘောလုံးကို ကားရစ်က ဘယ်တောင်ပံပြေးလမ်းမှာ ရှိနေတဲ့ ပတ်ဂျေဆန်ဆီကို အသာလေးမပြီး တင်ပေးလိုက်တယ်။ ပတ်ဂျေဆန်က တစ်ချက်ထိန်းပြီး တောက်လျှောက်ဆွဲပြေးသွားတယ်။ အာဆင်နယ်ဂိုးဧရိယာထဲ ရောက်ထဲ့အထိ ရွန်းနီကို ချပေးဖို့ ကြည့်နေခဲ့တယ်။ တစ်ဖက်နောက်တန်းနဲ့ ဂိုးသမားကလည်း သေချာပေါက် ရွန်းနီဆီကို ဘောလုံးရောက်မယ်လို့ ခန့်မှန်းထားကြပုံပါပဲ။ အဲဒီမှာပဲ ပတ်ဂျေဆန်က ညာဘက်ကို ကြည့်နေပေမယ့် မထင်မှတ်ထားတဲ့ ဘယ်ဘက်ထောင့်ဂိုးကျဉ်းထဲကို အပြင်းကန်သွင်းလိုက်တယ်။ အာဆင်နယ်တို့အတွက်တော့ ပတ်ဂျေဆန်ဟာ နတ်ဆိုးတစ်ပါးဖြစ်မှာ အသေအချာပါပဲ။

အာဆင်နယ်အတွက် နှစ်သိမ့်သိက္ခာဆည်ဂိုး
ထောင့်ကန်ဘောတင်တာကို မန်ယူနောက်တန်းက ခေါင်းတိုက်ဖျက်ထုတ်ရာမှာ မသေသပ်တဲ့အတွက် ၁၈ ကိုက်ထိပ်က ဗာမယ်လန်းဆီကို ဘောလုံးရောက်သွားတယ်။ ဗာမယ်လန်းကလည်း ဘောလုံးမထိန်းတော့ဘဲ acrobat ကန်ချက်နဲ့ တိုက်ရိုက်ကန်သွင်းတယ်။ အီဗန်ရဲ့ ခြေဖျားနဲ့ထိပြီး ဗန်ဒါးဆား clean sheet မရတော့ဘဲ ဂိုးထဲကို ၀င်သွားတယ်။

သုံးသပ်ချက်
ကျွန်တော့်အမြင်ပြောရရင် ဒီပွဲမှာ အဓိကစကားပြောသွားတာက အသက်အရွယ်နဲ့ အတွေ့အကြုံပါပဲ။ မန်ယူရဲ့ အတွေ့အကြုံရင့် ကစားသမားတွေက အာဆင်နယ်ရဲ့ လူငယ်ကစားသမားတွေကို ပညာပေးသွားတဲ့ပွဲလို့ မြင်ပါတယ်။ ရှုံးနေတဲ့အချိန်မှာ ပြာယာခတ်သွားတဲ့ အာဆင်နယ်လူငယ်တွေကို အနိုင်ကို ဘယ်လိုဖန်တီးရမလဲ၊ ဘယ်လိုထိန်းရမလဲဆိုတာ နောကြေအောင်သိနေတဲ့ သရဲနီတပ်သားတွေက အနိုင်ယူသွားတာ ဆန်းတော့မဆန်းပါဘူး။ ဒီပွဲမတိုင်ခင်အထိ (၉)ကြိမ်စီအနိုင်ရထားခဲ့လို့ မျှတနေတဲ့ ပြိုင်ဆိုင်မှုမှာ အခုတော့ ဖာဂူဆန်က တစ်ပွဲပိုသွားပြီဖြစ်တဲ့အတွက် ခေါင်းတစ်လုံးပိုမြင့်သွားပါတယ်။ မန်ယူအတွက် အနိုင် (၃)မှတ်နဲ့ လုံးဝကို ထိုက်တန်တဲ့ပွဲလို့ ဆိုချင်ပါတယ်။

ဒီနေ့ပွဲအတွက် အကောင်းဆုံးဆုပေးရမယ်ဆိုရင် ကျွန်တော်ကတော့ ရွန်းနီနဲ့ နာနီကို ပူးတွဲပေးလိုက်ချင်ပါတယ်။ သဘောတူကြမယ် ထင်ပါရဲ့နော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics