မြန်မာနိုင်ငံတွင် ဒေသအာဏာပိုင်ဆိုသော စကားလုံးကို ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်များကို ရည်ညွှန်းလိုသည့်အခါတွင် အများက သုံးစွဲလေ့ရှိပါသည်။ ၁၉၈၈ မတိုင်မီက ၎င်းတို့သည် ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီများ ဖြစ်ခဲ့ကြပြီး ယခုအခါ ပြည်နယ်နှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ခေါ်ပါသည်။
၁၉၈၈ နောက်ပိုင်း ဒေသအာဏာပိုင်များသည် ပြည်သူ့ဝန်ထမ်းများဖြစ်ခဲ့ကြပြီး ၁၉၈၈ မတိုင်မီကမူ တစ်ပါတီစနစ်က ခန့်အပ်သော ပါတီဝန်ထမ်းများဖြစ်ခဲ့ရာ နှစ်ပေါင်း ၅၀ နီးပါး မြန်မာနိုင်ငံ၏ ဒေသန္တရအုပ်ချုပ်ရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောက်ရွက်ခွင့်ဆိုသည်မှာ ဖြစ်နိုင်ခဲသော အရာတစ်ခု ဖြစ်ခဲ့သော်လည်း မကြာမီပေါ်ပေါက်မည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်သူလူထုသည် မိမိတို့ လိုလားသော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်ဆိုသူများကို ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက်ခွင့် ရကြတော့မည်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များရှိ ကိုယ်စားလှယ်များ (အများစု)ဖြင့် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ဒေသအာဏာပိုင်များကို ပြည်သူလူထု ရွေးချယ်တင်မြှောက်သူများ ဖြစ်သည်ဟု ဆိုခြင်းဖြစ်ပါသည်။
အမှန်အားဖြင့် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားအခြေအနေအရပ်ရပ်သည် ဒေသအာဏာပိုင်များအပေါ် မူတည်နေခြင်း ဖြစ်ပါသည်။ တာဝန်ယူတတ်သော၊ တာဝန်ယူရဲသော၊ တာဝန်မရှောင်သော ဒေသဆိုင်ရာအာဏာပိုင်များ ရရှိသော ကာလများတွင် ဒေသခံ ပြည်သူလူထု၏ဘ၀ အဆင်ပြေတတ်ပြီး တာဝန်မယူရဲသော မလုပ်မရှုပ်မပြုတ် လူစားနှင့်တွေ့လျှင် ဒေသခံပြည်သူလူထု၏ ဘ၀မှာ အဆင်မပြေဖြစ်တတ်ပါသည်။
ယခုအခါ အဆိုပါဒေသဆိုင်ရာ အာဏာပိုင်များကို တစ်မြို့နယ်လျှင် နှစ်ဦးကျ ရွေးချယ်တင်မြှောက်သော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ရှိ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကို ပြည်သူက ရွေးချယ်နိုင်သည့်သဘော ဖြစ်သွားပေသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် အခြေခံဥပဒေစာအုပ် စာမျက်နှာ (၁၈၁) ဇယား (၁) ပါ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါဝင်သော ရဲလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ အခွန်အကောက် စသည့်ကိစ္စရပ်များတွင် အာဏာမပိုင်သော်လည်း စာမျက်နှာ (၁၈၈) ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များကို အာဏာပိုင်ကြမည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ အပြောင်းအလဲကြီးတစ်ခုဟု ဆိုနိုင်ပါသည်။
ဒေသခံပြည်သူလူထုသည် ယနေ့အချိန်တွင် မိမိတို့ဒေသအတွက် ဒေသအာဏာပိုင်ကောင်းများ ရရှိရေးအတွက် တစ်မြို့နယ်လျှင် နှစ်ဦးကျ တင်မြှောက်မည့် ကိုယ်စားလှယ်များကို စနစ်တကျ စဉ်းစားရွေးချယ်ရမည့်အချိန် ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်လျှင် ပြည်ထောင်စုအဆင့်ရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ခုကို ယှဉ်ပြိုင်ရန် ရည်ရွယ်သူများကိုသာ တွေ့ရှိနေရသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရဖြစ်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသို့ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ နည်းပါးမည်ကို စိုးရိမ်ရပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများက လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်သည်ကို တွေ့နေရသော်လည်း ပြည်မ,ဟု ပြောရမည့် တိုင်းဒေသကြီးများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု သဘောပေါက်သူနည်းသည်ကို တွေ့ရသည်။
ဤကိစ္စတွင် သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ မြို့မိမြို့ဖများ၊ ရန်ကုန်တွင်ဖွဲ့စည်းထားသော မြို့နယ်အသင်းများက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆပါသည်။ နိုင်ငံရေးပါတီကြီးများ ကွက်ကျော်မြင်၍ တက်ကြွခဲ့ပါလျှင် ဤဒေသအာဏာပိုင်ကိစ္စ စိတ်ပူရန်မလိုသော်လည်း အခုအခါ တက်ကြွ၍ မဟာဗျူဟာမြောက် စဉ်းစားနိုင်သူများ မရှိသလောက်ဖြစ်နေရာ သက်ဆိုင်ရာမြို့မိမြို့ဖများ၊ မြို့နယ်အသင်းများက သက်ဆိုင်ရာမြို့နယ်များကို ကိုယ်စားပြု၍ ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလများ ရွေးချယ်တိုက်တွန်း ကူညီအားပေးကြရန် လိုအပ်သည်ဟု ထင်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များပေါ်အရောက်တွင် ထိုလွှတ်တော်ကိုယ်စားလှယ်များထဲမှ ၀န်ကြီးများ ရွေးချယ် ခန့်ထားမည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် ဥပဒေအာဏာသက်သက် မဟုတ်ဘဲ အုပ်ချုပ်ရေး အာဏာတွင်ပါ ၀င်ရောက်တာဝန် ထမ်းဆောင်ရမည်ဖြစ်၍ ဒေသဆိုင်ရာ အာဏာပိုင်များ ဖြစ်ကြမည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။
ဒေသဆိုင်ရာအာဏာပိုင်များ ရွေးချယ်ရေးကိစ္စကို သက်ဆိုင်ရာ မြို့မိမြို့ဖအသီးသီး၊ ရန်ကုန်ရှိ သက်ဆိုင်ရာမြို့နယ်များတို့က စိတ်ပါဝင်စားစွာ ၀င်ရောက်ကူညီခဲ့ကြပါလျှင် တစ်မြို့နယ်လျှင် နှစ်ဦးကျ ကိုယ်စားလှယ်လောင်းများရရှိရေး၊ ဘာဏ္ဍာငွေရရှိရေးတို့မှာ ခက်ခဲလိမ့်မည်မဟုတ်ပါ။ သို့မဟုတ်ပါက တစ်ယောက်ထဲပြေး ပထမရသည့် အဖြစ်မျိုးကို ကြုံတွေ့ကြရပြီး နောင်တရကြလျှင် နောက်ထပ် ငါးနှစ် စောင့်ရပေလိမ့်မည်။
အတွဲ (၆) အမှတ် (၂၁)
Monday, March 29 - April 4, 2010
စာမျက်နှာ - ၁၇
No comments:
Post a Comment