Friday, March 26, 2010

မန္တလေးကို ချစ်လို့ပါ၊ မန္တလေးဆိုတာ မြန်မာပါ - လူထုစိန်ဝင်း


မန္တလေးက မိတ်ဆွေတစ်ယောက် ဖုန်းဆက်လာပါတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ်ဆိုတာ ပြောပြချင်လို့ ဆက်လိုက်တာလို့ ဆိုပါတယ်။ မန္တလေးတောင်ကို လမ်းလျှောက်သွားတော့ တောင်တက်လမ်း တစ်လျှောက်လုံး တမာတွေပွင့်ပြီး တမာနံ့တွေသင်းနေလို့ ဆရာ့ကို သတိရလိုက်မိတယ်လို့လည်း ပြောပါတယ်။

သူ့ခေတ်ကိုယ့်ခေတ် မန္တလေး
သူက မန္တလေးသားစစ်စစ်၊ မန္တလေးကို သိပ်ချစ်တဲ့သူပါ။ ရှေးဖြစ်ဟောင်းတွေ ပြောလို့မကုန်နိုင်အောင်ဖြစ်ပြီး သူ့ခေတ်ကိုယ့်ခေတ် မန္တလေးကို လွမ်းတသသ ဖြစ်နေကြရပါတယ်။ မုန့်ပြစ်သလက်အဖြူထဲကို ဘယာကြော် တစ်ခုချေထည့်ပြီး နှမ်းထောင်းလေး ဖြူးစားရတဲ့အရသာ အကြောင်းပဲဖြစ်စေ၊ လျမ်းစိန်ဟိုတယ်က ခေါက်ဆွဲကြော် သွားဝယ်တဲ့အခါ အင်ဖက်နှစ်ခုအကြား ထည့်ပေးမြဲ ငရုတ်ဆီဆမ်းထားတဲ့ ကြက်သွန်ချဉ် မေ့မကျန်ရစ်အောင် ဂရုစိုက်ရတဲ့ အကြောင်းဖြစ်စေ၊ သင်္ကြန်နီးလို့ ယိမ်းတိုက်ကြတဲ့အခါများမှာ မီးသတ်ဗိုလ်ကြီးသား ဘိုဘိုနဲ့ မတင်အောင်တို့ လက်မလည်အောင် ဖြစ်နေကြရတဲ့ အကြောင်းဖြစ်စေ၊ ၀င်းလိုက်ရုံထဲက အစ်မကြီး မမြရီရဲ့ မုန့်တီလက်ရာ အကြောင်းဖြစ်စေ၊   အောင်ဇေယျာကဖေး အကြောင်းဖြစ်စေ၊ ဈေးချိုထဲက ကျော်လှိုင်ကဖေး အကြောင်းဖြစ်စေ စိတ်ကူးရောက်ရာ အကြောင်းအရာမျိုးစုံကို သူနဲ့အချိန်အခါမရွေး ပြောလို့ရတယ်။

မန္တလေးမှာ မန္တလေးအကြောင်း ပြောမရ
ဒီလို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ရသူက ဒီခေတ်မှာ တော်တော်ရှားတယ်။ မန္တလေးရောက်တုန်းရောက်ခိုက် မင်းသီဟဆိုင်မှာ တစ်မနက်လုံး ထိုင်နေတာတောင် မျက်နှာသိ တစ်ယောက်မှ တွေ့ရတာမဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှ မသိကြဘူး။ တစ်ဝိုင်းတည်းထိုင်တဲ့ မန္တလေးစာပေသမားတွေကလည်း အသက်တော်တော် ငယ်ကြတာဆိုတော့ စကားက ဆက်စပ်လို့ မရဘူး။ ကိုယ်သိတဲ့မြို့မကို သူတို့က ဘာမှသိကြတာ မဟုတ်သလို၊ သူတို့ပြောတဲ့ မြို့မဆိုတာကိုလည်း ကိုယ်က ဘာမှမသိလေတော့ ပြောရတာ ပေါ့ရွှတ်ရွှတ်နဲ့ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြားအကြောင်းအရာတွေဘက် ကူးသွားလည်း ဘာမှမထူးဘူး။ လက်ဖက်ရည်ဆိုင်မှာ မန္တလေးသားတွေနဲ့ ကမ္ဘာကြီးအကြောင်း ပြောလို့ရတယ်။ မန်ယူအကြောင်း ပြောလို့ရတယ်။ မန္တလေးအကြောင်းတော့ ပြောလို့မရဘူး။ ရယ်စရာတော့ အကောင်းသား။

အိပ်မက်ထဲမှာပဲလွမ်း
ဖုန်းဆက်လာတဲ့မိတ်ဆွေကို စိန်ပန်းတွေရော မပွင့်သေးဘူးလားလို့မေးတော့ စိန်ပန်းနဲ့ ငုက သင်္ကြန်ပြီးမှ ပွင့်တာလေ။ အခုတော့ တစ်မြို့လုံး တမာတွေပဲ လှိုင်လှိုင်ပွင့်နေတယ်လို့ ပြန်ဖြေပါတယ်။ ဟုတ်သားပဲ။ ဇွန်လ ကျောင်းပြန်ဖွင့်ချိန်ဆိုရင် မန္တလေးတက္ကသိုလ်ထဲက စိန်ပန်းပင်တွေ ပင်လုံးကျွတ်ပွင့်ပြီး နီရဲနေတာ ပြန်ပြီးသတိရမိတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ်လို့ မိတ်ဆွေပြောတာက အိပ်မက်ထဲမှာပဲ လွမ်းတော့မယ်ဆိုတဲ့ စာတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့်ပါ။ တန်ဆောင်မုန်းလ မန္တလေးမှာ ပွဲဈေးတန်းလျှောက်ချင်လို့ ပွဲရှာတာ တစ်မြို့လုံးသာ နှံ့ရော ပွဲဈေးတန်း ရှာမတွေ့တဲ့အကြောင်း၊ မုန့်တီနဲ့ မြီးရှည်ဆိုင်ကို အတော်လိုက်ရှာရပေမယ့် နေရာတကာ ဆန်ခေါက်ဆွဲဆိုင်နဲ့ အကင်ဆိုင်တွေပဲ တွေ့နေရတဲ့အကြောင်း၊ အဲဒါကြောင့် အိပ်မက်ထဲက ရှေးခေတ်မန္တလေးကိုပဲ လွမ်းနေတော့မယ့်အကြောင်း ရေးခဲ့တာဖြစ်တယ်။

မန္တလေးကို ချစ်လို့၊ နှမြောလို့
မန္တလေးဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ ဗဟိုချက်ပါ။ ဘာသာသာသနာရဲ့ စုလစ်မွမ်းချွန်လည်းဖြစ်တယ်။ လွမ်းစရာတွေ မရှိဘဲ နေပါ့မလား။ မန္တလေးကို ချစ်လို့၊ မန္တလေးကို နှမြောလို့၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးလို့ ၀မ်းပန်းတနည်း ရေးခဲ့တာဖြစ်တယ်။ လွမ်းတာမှ ရင်ထဲနင့်နေအောင်ကို လွမ်းတာပါ။ မုန့်ပြစ်သလက်နဲ့ ဘယာကြော်ကိုလည်း လွမ်းပါတယ်။ မမြင်မတွေ့ရတာ၊ မစားရတာ နှစ်ပေါင်းငါးဆယ်လောက် ရှိပြီဖြစ်တဲ့ သင်္ဘောမကျီးသီး (တရုတ်မကျီးသီး) ကွေးကွေးလေးတွေနဲ့ သင်္ဘောဇီးဖြူသီးနဲ့ သစ်ချိုသီးတွေကိုလည်း လွမ်းပါတယ်။ ခိုတောင်မုန့်တီကို လွမ်းသလို မစီမာ ဇီး(ဆီး)ငန်ပြားကိုလည်း လွမ်းပါတယ်။ ကလေးဘ၀တစ်ခုလုံး ကုန်ဆုံးခဲ့ရတဲ့ ဖားသားလဖုန်းကျောင်းကြီးကိုလည်း လွမ်းပါတယ်။ မန္တလေးတက္ကသိုလ် တောင်ဘက်အထွက်က လယ်ကွင်းစိမ်းစိမ်းတွေကိုလည်း လွမ်းပါတယ်။ စိန်ပန်းပင်တွေနဲ့ ကုက္ကိုပင်ကြီးတွေကိုလည်း လွမ်းပါတယ်။ ရွှေပြည်အေးဆောင်နဲ့ ရွှေမန်းဆောင်ကိုလည်း လွမ်းပါတယ်။ လူထုတိုက်ကိုလည်း လွမ်းပါတယ်။

တာကေတဆိုတာ ရှိသလား
အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ဇာတိဇစ်မြစ် (root)ကို ချစ်ပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ် မဟုတ်လား။  မနေ့ကပဲ သတင်းစာထဲက ကုမ္ပဏီကြော်ငြာတစ်ခု ဖတ်လိုက်မိတယ်။ ကုမ္ပဏီလိပ်စာ ဖော်ပြရာမှာ Takayta လို့ အင်္ဂလိပ်လို ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ "သ" နဲ့ "တ" ကွဲအောင် မပြောတတ်သူတစ်ယောက်က သူ့ပါးစပ်က အသံထွက်အတိုင်း ရေးလိုက်တော့ "သာကေတ"အစား "တာကေတ" ဖြစ်သွားတော့တာပေါ့။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ "တာကေတ"ဆိုတဲ့မြို့ ဘယ်နေရာမှာ ရှိတာလဲလို့ သမိုင်းသုတေသီတွေ အလုပ်ရှုပ်မကုန် ကြပေဘူးလား။ "တာကေတ"လိုပဲ "မတိဘူး"၊ "မတွားဘူး"လို့ ရေးကုန်ကြရင် မြန်မာစာတွေ ပျက်စီးခြင်းငါးပါး ဖြစ်သွားတော့မှာပါ။ အခုတောင် မြန်မာစာက တော်တော်မျက်နှာငယ်နေပါပြီ။ မြန်မာဂျာနယ် မဂ္ဂဇင်းတွေမှာ မြန်မာနာမည်နဲ့ထုတ်တာ တော်တော်ကို နည်းပါတယ်။

မန္တလေးဆိုတာ မြန်မာပါ
ကိုလိုနီလက်သစ်ဆိုတာက ရှေးခေတ်လက်ဟောင်း ကိုလိုနီစနစ်လို၊ ပိုက်ဆံအများကြီး အကုန်ခံပြီး စစ်တပ်တွေ စေလွှတ်သိမ်းပိုက်တာမျိုး မဟုတ်ဘူး။ လူသုံးကုန်ပစ္စည်း အပေါစားတွေနဲ့ ယဉ်ကျေးမှုတွေ ဘာသာစကားတွေကို ဒလဟောတင်ပို့ပြီး သူတို့သြဇာလွှမ်းမိုးအောင် လုပ်တာဖြစ်တယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့နည်းပဲ။ ဒီနေ့ ကျွန်တော်တို့ ထမင်းစားပွဲတွေပေါ်မှာ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်တို့၊ မုန့်ပြစ်သလက်နဲ့ ဘယာကြော်တို့ မတွေ့ရတော့ဘူး။ ဒင်းမ်ဆမ်းတို့၊ ပီဇာတို့၊ ဟမ်ဘာကာတို့၊ အကင်စုံတို့၊ ပဲခေါက်ဆွဲနဲ့ ကင်ချီတို့၊ မာလာဟင်းတို့၊ ၀က်သားပေါင်းတို့၊ ဘဲကင် အခေါက်ကင်တို့လို နိုင်ငံစုံ စားစရာတွေက နေရာယူထားကြပြီလေ။ ကိုလိုနီလက်သစ်ဆိုတာ ယဉ်ကျေးမှု သြဇာလွှမ်းမိုးအောင် အရင်လုပ်ပြီး စိတ်ဓာတ်ကို ချုပ်ကိုင်တာဖြစ်တယ်။ လက်ဟောင်းကိုလိုနီသမားသုံးတဲ့ စစ်တပ်တွေအစား စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ မီဒီယာတွေကိုသုံးပြီး ထိုးဖောက်တာဖြစ်တယ်။ ထိလည်း ပိုထိရောက်တယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကိုယ်တိုင်က ကိုလိုနီလက်သစ်ဝါဒကို ဖြန့်ချိပေးသူတွေတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ မန္တလေးဝိညာဉ် မပျောက်ကွယ်စေချင်တာက မြန်မာကိုချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၄)
March 24, Wednesday 2010
စာမျက်နှာ - ၂၂

No comments:

Post a Comment

 
Web Statistics