အိန္ဒိယတွင် ယောက်ျားနှင့်မိန်းမ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ လူပြောများသော ဒဏ္ဍာရီပုံပြင်တစ်ခု ရှိပါသည်။ ယောက်ျားတွေကို ဖန်ဆင်းပြီးသောအခါ ဒြပ်အထည်ရှိသော အခြေခံအရာများအားလုံး အသုံးပြုခဲ့သည်ကို ဖန်ဆင်းရှင်က သတိထားမိပါသည်။ မိန်းမကို ဆက်လက်ဖန်ဆင်းဖို့အတွက် တိကျခိုင်မာ ကျစ်လျစ်သောအရာ ဘာမှမရှိတော့သည်ကို သတိထားမိပါသည်။
အချိန်ကြာကြာ စဉ်းစားပြီးနောက် ဖန်ဆင်းရှင်သည် အောက်ပါဒြပ်မဲ့အရာများကို ရွေးချယ်ပေါင်းစပ်ပြီး မိန်းမကို ဖန်ဆင်းပေးခဲ့ပါသည်။ လစန္ဒာ၏ ၀န်းဝိုင်းမှု၊ တွယ်ကပ်တက်တတ်သော နွယ်ပင်၏ အခြေအနေအရ ပြောင်းလဲပြုပြင်လွယ်မှု၊ မြက်ပင်ကဲ့သို့ တုန်လှုပ်ယိမ်းနွဲ့တတ်မှု၊ ကျူပင်ကဲ့သို့ သေးသွယ်မှု၊ ပန်းများကဲ့သို့ လှလှပပ ပွင့်တတ်မှု၊ သစ်ရွက်ကလေးများကဲ့သို့ ပေါ့ပါးမှု၊ နေရောင်ခြည်ကဲ့သို့ တည်ငြိမ်မှု၊ တိမ်လွှာများကဲ့သို့ မျက်ရည်လွယ်မှု၊ လေကဲ့သို့ အတည်မဲ့မှု၊ ယုန်ကလေးတစ်ကောင်ကဲ့သို့ ကြောက်အားပိုမှု၊ ဥဒေါင်းငှက်ကဲ့သို့ ကြော့ရှင်းတင့်တယ်မှု၊ ငှက်တို့၏ ရင်မွေးကဲ့သို့ နူးညံ့ပျော့ပျောင်းမှု၊ စိန်ကဲ့သို့ မာကျောမှု၊ ပျားရည်ကဲ့သို့ ချိုမြမှု၊ ကျားတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု၊ မီးကဲ့သို့ ပူလောင်တတ်စေမှု၊ နှင်းကဲ့သို့ အေးမြစေမှု၊ သပိတ်လွယ်ငှက်ကဲ့သို့ စကားများမှု၊ nightingale ငှက်ကဲ့သို့ သာယာစွာ တေးဆိုတတ်မှု၊ (ကရိန်းငှက်ကဲ့သို့ falseness)၊ မိခင်ခြင်္သေ့မတစ်ကောင်ကဲ့သို့ သစ္စာရှိမှု စသည့် ဒြပ်မဲ့အရည်အသွေးအားလုံးကို ပေါင်းစပ်ပြီး မိန်းမကို ဖန်ဆင်းလိုက်ပါသည်။ ထို့နောက် ဖန်ဆင်းပြီးသော မိန်းမအား ပထမဖန်ဆင်းထားသော ယောက်ျားလေးသို့ ပေးလိုက်ပါသည်။
သီတင်းတစ်ပတ်ခန့်ကြာသောအခါ ယောက်ျားသည် ဖန်ဆင်းရှင်ထံပြန်လာပြီး "အရှင်ဖန်ဆင်းပေးလိုက်သောသူသည် ကျွန်ုပ်အား မပျော်မရွှင် ဖြစ်စေပါသည်။ မနားတမ်းစကားပြောပါသည်။ သည်းမခံနိုင်အောင်လည်း နှိပ်စက်ပါသည်။ သူရောက်လာကတည်းက တစ်ခါမှ အနားမရပါ။ အချိန်ပြည့် သူ့ကိုသာ အာရုံစိုက်စေချင်ပါသည်။ ကျွန်တော့်အချိန်တွေ သိပ်ကုန်ဆုံးပါသည်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်လည်း ငိုတတ်ပါသည်။ အပျင်းလည်း ထူပါသည်။ ကျွန်တော် သူနှင့်အတူ ဆက်မနေနိုင်တော့ပါ။ ဒါကြောင့် အရှင့်ထံပြန်ပေးဖို့ ရောက်လာပါသည်" ဟု ယောက်ျားက ပြောပါသည်။
ဖန်ဆင်းရှင်က "ကောင်းပါပြီ" ဟုဆိုပြီး သူဖန်ဆင်းခဲ့သော မိန်းမကို ပြန်လက်ခံထားပါသည်။ နောက်တစ်ပတ်ခန့်အကြာတွင် ယောက်ျားသည် ဖန်ဆင်းရှင်ထံ ရောက်လာပြန်ပါသည်။ "အရှင် ဖန်ဆင်းပေးသောမိန်းမ မရှိတဲ့နောက်ပိုင်း ကျွန်တော့်ဘ၀ဟာ ဟာတာတာကြီး ဖြစ်နေပါတယ်။ ကျွန်တော် သူ့အကြောင်းပဲ အမြဲစဉ်းစားနေမိပါတယ်။ သူဘယ်လို က,တယ်၊ ဘယ်လို သီချင်းဆိုတယ်၊ မျက်လုံးလေးထောင့်ကပ်ပြီး ကျွန်တော့်ကို ဘယ်လိုကြည့်တယ်၊ ကျွန်တော်နှင့် ဘယ်လိုစကားတွေ ပြောတယ် ဆိုတာတွေကို အမြဲစဉ်းစားနေမိပါတယ်။ သူ့ကြည့်ရတာ လှသလောက်၊ သူ့ရဲ့ အထိအတွေ့ဟာလည်း အလွန်နူးညံ့ပါတယ်။ သူ သဘောကျပြီး တခစ်ခစ် ရယ်မောတာကို မြင်ချင်၊ ကြားချင်နေပါတယ်။ ဒါကြောင့် အရှင်ဖန်ဆင်းထားတဲ့ အမျိုးသမီးကို ကျွန်ုပ်အား ပြန်ပေးပါ" ဟု ယောက်ျားက ဖန်ဆင်းရှင်ထံ လာရောက်တောင်းခံပါသည်။
ထိုအခါ ဖန်ဆင်းရှင်က "ကောင်းပြီ" ဟု ပြောပြီး ဖန်ဆင်းထားသော မိန်းမကို ပြန်ပေးလိုက်ပါသည်။ နောက်ထပ်သုံးရက် ကြာသောအခါ ယောက်ျားသည် ဖန်ဆင်းရှင်ထံရောက်လာပြီး "အိုအရှင်၊ ကျွန်တော်တော့ ဘယ်လိုရှင်းပြရမယ်ဆိုတာတောင် မသိတော့ပါဘူး။ အရှင်ပေးလိုက်တဲ့ လူနဲ့အတူ နေခဲ့ရတဲ့ အတွေ့အကြုံအားလုံးကို ခြုံလိုက်ရင် သူက ကျွန်တော့်ကို ပျော်ရွှင်အောင်ထက် စိတ်ညစ်အောင် ပိုလုပ်ပါတယ်။ ဒါကြောင့် သူ့ကို ပြန်ယူပါရန် မေတ္တာရပ်ခံပါသည်" ဟု ပြောပါသည်။
ထိုအခါ ဖန်ဆင်းရှင်က "အေး မင်းဟာ သူမရှိရင်လည်း မနေနိုင်ဘူးမို့လား" ဟု ပြောပြီး၊ လူယောက်ျားဘက်ကို ကျောပေးပြီး လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေပါတော့သည်။ လူယောက်ျားက " အို အရှင် ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ပါဘူး။ သူနဲ့လည်း အတူတူ မနေနိုင်ပါဘူး၊ သူ မရှိရင်လည်း မနေနိုင်တော့ပါဘူး" ဟု ပြောလိုက်ပါတော့သည်။
Friday, March 26, 2010
မရှိမကောင်း ရှိမကောင်း
Walter Trobisch
[ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]
Posted by Ko Nyan Posted Time 9:46 AM
Labels စာအုပ်မှတ်စုများ, အထွေထွေ-Various
Subscribe to:
Post Comments (Atom)
No comments:
Post a Comment