ဒီနေ့မနက်တော့ သတင်းတွေလိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်တော့ အခုလိုဖတ်ရတဲ့သတင်းတွေကို နဝေတိမ်တောင် ဖြစ်နေမလားမသိပါဘူး။ အခုတော့ သူတို့တွေပြောနေ၊ အော်နေကြတဲ့ အကြောင်းအရာနဲ့ ပတ်သက်တာတွေက အက်ကြောင်းလည်းထပ်နေပြီ၊ ပြည်တွင်း မီဒီယာတွေမှာလည်း ကိုယ့်အမြင်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် ဖော်ပြနေတာကို လှိုင်လှိုင်ကြီး ဖတ်နေခဲ့ရတာဆိုတော့ ဘယ်အကွက်ကိုရွှေ့ရင် ဘယ်အကောင်ကို စားချင်လို့ဆိုတာ ချက်ချင်းကို မြင်နေရပါတယ်။ တချို့သတင်းတွေများဆိုရင် အတော်လေးကို စိတ်ညစ်စရာကောင်းတယ်။ မေးမြန်းထားတယ်ဆိုတဲ့လူက အဆင့်အတန်းမရှိ စိတ်ထင်ရာကိုပြောတယ်၊ အဲဒါကို တရေးတယူလုပ်ပြီး တင်ပေးတဲ့လူတွေကလည်း တင်ပေးတယ်။ ဟုတ်နေတာပါပဲ။
ကဲပါလေ... ဘယ်သတင်းတွေက ဘာတွေဆိုတာကို မပြောပြတော့ပါဘူး။ အဲဒီသတင်းတွေကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်ဘယ်လိုခံစားရသလဲ၊ ဘာတွေတွေးမိသလဲ ဆိုတာလေးတွေကိုပဲ ဖောက်သည်ချပါ့မယ်။ ကျွန်တော်ဖတ်မိခဲ့တဲ့ သတင်းတွေကို ဖတ်ပြီးတဲ့လူတွေကတော့ ဘာကိုဆိုလိုမှန်း ချက်ချင်းသဘောပေါက်ကြပါလိမ့်မယ်။ အဲဒီသတင်းတွေကို မဖတ်ဖူးတဲ့လူတွေ၊ အဲ... စိတ်မ၀င်စားတဲ့လူတွေအတွက်လည်း အခုရေးထားတာကိုပဲ ဒီအတိုင်းဖတ်လို့ရအောင်၊ တွေးကြည့်လို့ရအောင် ကြိုးစားထားပါတယ်။ အားပေးကြပါဦး။
(၁)
အားကစားသမားတစ်ယောက်ဟာ ကြံ့ခိုင်မှု၊ သက်လုံ ကောင်းနေစေဖို့အတွက် နေ့စဉ် ဘယ်လိုအာဟာရတွေ မှီဝဲရမယ်၊ ဘာဆေးတွေသောက်ရမယ်၊ ဘယ်အချိန်အိပ်ရမယ်၊ စတဲ့အချက်တွေကို စာဖတ်သူမိတ်ဆွေက သိချင်တယ်ဆိုပါတော့။ အဲဒီအားကစားသမားကို သွားမေးမလား၊ ဒါမှမဟုတ် သူ့ရဲ့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်၊ သို့မဟုတ် အဲဒီကစားသမားရဲ့ နည်းပြကို သွားမေးမလား။ ဘယ်သူ့ကိုမေးတာဟာ အသင့်တော်ဆုံး၊ အမှန်ဆုံးလို့ မိတ်ဆွေထင်ပါသလဲ?
(၂)
ပြင်သစ်ကစားသမားကြီး ကင်တိုနာကို ကျွန်တော်အရမ်းကြိုက်တယ်။ သူ့ကို ကြိုက်လွန်းတဲ့အတွက် ပရိသတ်ကို ကွန်ဖူးကစ်ကန်တာကိုတောင် အပြစ်မမြင်နိုင်ဘဲ အဲဒီပရိသတ်ကို ကျွန်တော် မုန်းမိသေးတယ်။ အဲဒီလောက်အထိ သဘောကျနှစ်သက်တာ။ ဟော... သူအနိုင်နဲ့ပိုင်းပြီး နားသွားတဲ့အချိန်မှာ ဒေးဗစ်ဘက်ဟမ်းဟာ ကျွန်တော့်ရဲ့ အသည်းစွဲ။ ဘက်ဟမ်းသတင်းမှန်သမျှ ကျွန်တော်စိတ်ဝင်စားတယ်။ ဘက်ဟမ်းဟာ နေ့စဉ်လေ့ကျင့်ခန်းပြီးတာနဲ့ ချက်ချင်းမပြန်ဘဲ ၄၅ မိနစ်လောက် ဖရီးကစ်အကန်ကျင့်သတဲ့။ ကျွန်တော်လည်း နေ့တိုင်းဘောလုံးကွင်းမှာ ဖရီးကစ် အကန်ကျင့်ပြီး ရူးခဲ့ရသေးသပေါ့။ သူတို့လို ဘောလုံးအများကြီး မရှိလေတော့ ရှိတဲ့တစ်လုံးကို ဂိုးထဲကန်ထည့်လိုက်၊ အဲဒီဘောလုံးကို ပြန်ကောက်လိုက်နဲ့ပေါ့။ ဘက်ဟမ်းမန်ယူက လစ်သွားတော့ စီရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ အားပေးမှုတွေအကုန်လုံးကို သိမ်းပိုက်သွားတယ်။ ဘာကြိုက်သလဲမမေးနဲ့။ ဒိုလေး၊ ဒိုလေးဆိုပြီး ညအိပ်ရင်တောင် ယောင်ခဲ့မိသလား မသိပါဘူး။ သူ့ရဲ့ ပြေးဟန်၊ လိမ်ခေါက်ဟန်၊ ဂိုးသွင်းဟန်၊ အောင်ပွဲခံဟန်၊ မျက်နှာရှုံ့မဲ့ဟန်၊ အို... အားလုံးကိုပါပဲ။ သိပ်သဘောကျခဲ့တာပေါ့။ စီရော်နယ်လ်ဒို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရတာ ပျော်၊ မပျော်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ အလကားနေရင်း သူ့အတွက် ပျော်လိုက်ရတာဗျာ။ ဟော... အခုတော့ စီရော်နယ်လ်ဒိုလည်း မရှိတော့ဘူး။ ၀ိန်းရွန်းနေက ကျွန်တော့်ရဲ့ သူရဲကောင်း။ ရွန်းနီကို မမြင်ရတဲ့ ရက်သတ္တပတ်ဟာ တစ်ခုခုလိုနေသလိုကို ဖြစ်နေတော့တာကိုး။ အဲဒီလောက်အထိ ရွန်းနီကို သဘောကျတယ်။ ဘော်လ်တန်ကို လေးဂိုးပြတ်နဲ့ နိုင်တာတောင်မှ မပျော်နိုင်ဘူးဖြစ်ရတယ်။ ရွန်းနီမပါလို့။ ဘာဘာတော့ဗ် ဂိုးသွင်းတဲ့အခါတိုင်း အဲဒါ ရွန်းနီသွင်းရမှာ၊ ဒီပွဲသာ ရွန်းနီပါရင် ဒရော့ဘာကို ဂိုးတွေဒီထက်ပိုပြီး ဖြတ်ထားနိုင်မှာဆိုပြီး တွေးနေခဲ့မိတဲ့အထိ ရွန်းနီကို အားပေးတဲ့ကောင်ပါ။
ကဲ... ပြောချင်တာက အခုမှရောက်ပြီ။ မပြောင်းမလဲဘဲနဲ့ ကျွန်တော်အားပေးနေတာ ကင်တိုနာမဟုတ်ဘူး၊ ဒေးဗစ်ဘက်ဟမ်း မဟုတ်ဘူး၊ စီရော်နယ်လ်ဒို မဟုတ်ဘူး၊ ရွန်းနီလည်း ခဏပဲဖြစ်မှာပဲ (မန်ယူမှာ ရှိနေစဉ်ကာလလေးပေါ့လေ)။ ဒါဆိုရင် ကျွန်တော်အားပေးနေတာ ဘာလဲ။ ကျွန်တော်ချစ်တာ မန်ချက်စတာ ယူနိုက်တက်အသင်းကိုပါ။ ရင်ထဲကနေ နှစ်နှစ်ကာကာ အားပေးနေတာ မန်ချက်စတာယူနိုက်တက်အသင်းပါ။ ဘာကြောင့်လဲ... သူတို့အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ကျွန်တော်ကြိုက်တယ်။ အသင်းရဲ့ ကစားဟန်ကို နှစ်ခြိုက်တယ်။ မန်ယူကပေးတဲ့ ဘောလုံးရသကို ခုံမင်တယ်။ မန်ယူအောင်မြင်နေလို့ သူ့ကို အားပေးကြတာပါလို့ ပြောကြသူတွေရှိတယ်။ မန်ယူအသင်းဟာ နှစ်တိုင်းနှစ်တိုင်း ဖလားရနေတဲ့အသင်း မဟုတ်ပါဘူး။ မအောင်မြင်တဲ့နှစ်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားပေးခဲ့ကြတာပါပဲလေ။ ပြောချင်တာက ကစားသမားစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ မန်ယူကို အားပေးနေကြတာ မဟုတ်ဘူး။ အခြားအသင်းအားပေးသူတွေလည်း အဲဒီလိုပဲ အများစု ဖြစ်ကြမှာပါ။ စီရော်နယ်လ်ဒိုကြောင့်သာ မန်ယူကို အားပေးတာဆိုရင် အခုအချိန်ဆိုရင် ကျွန်တော် ရီးရဲလ်မက်ဒရစ်ကို အားပေးမှာပေါ့။ ဖာဂူဆန်လည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ မန်ယူကနေ ထွက်ခွာသွားမယ်ဆိုတာ လူတိုင်းသိနေတာပဲ။ အဲဒီအတွက် ဖာဂီကြောင့်လည်း မန်ယူကို ကျွန်တော်တို့ အားပေးတာမဟုတ်ပါဘူး။ မန်ယူကိုသဘောကျတဲ့အတွက်သာ မန်ယူကို အားပေးနေကြတာပါ။ မန်ယူကို ချစ်တဲ့အတွက် မန်ယူမှာ ကစားနေသူတွေကို ကျွန်တော်တို့ အားပေးနေကြတာပါ။ ဒါဆိုရင် ကစားသမားနဲ့ အသင်း ဘယ်သင်းကအရေးကြီးသလဲဆိုတာ ........။
အဲဒီအတွေးကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကို ယူကြည့်လိုက်တဲ့အခါ ဘာတွေများ တွေ့ရမလဲဆိုတာ စာဖတ်သူစိတ်ဝင်စားရင် ဆန်းစစ်ကြည့်စေချင်ပါတယ်။
(၃)
ဘောလုံးအကြောင်းပဲ ထပ်ပြောဦးမယ်။ စပိန်လာလီဂါမှာ ပြစ်ဒဏ်ဘောပေးတာနဲ့ အီတလီစီးရီးအေမှာ ပြစ်ဒဏ်ဘောပေးတာ မတူကြဘူးဗျ။ အဲလိုပဲ အင်္ဂလန်ပရီမီးယားလိဂ်က ကစားသမားတွေရဲ့ အခွန်နှုန်းထားနဲ့ စပိန်လာလီဂါနဲ့ မတူပြန်ဘူး။ နောက်တစ်ခါ သက်ဆိုင်ရာ လိဂ်အသီးသီးမှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ အကုန်လုံး ထပ်တူမကျဘူးဆိုတာလောက်တော့ ဘောလုံးပွဲကို စိတ်မ၀င်စားရင်တောင် အခြားအကြောင်းအရာတွေနဲ့ ယှဉ်ထိုးပြီး စာဖတ်သူ နားလည်နိုင်မယ် ထင်ပါရဲ့။ ဥပမာတွေ ထပ်ပေးပါရစေဦး။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ၊ ခံစားခွင့်ပေးတဲ့ အခွင့်အရေးတွေ၊ လစာတွေ မတူညီဘူး ဆိုတာလောက်တော့ အားလုံးသိကြပါတယ်။
ကိုယ်က ကုမ္ပဏီ A မှာ အလုပ်လုပ်နေတယ် ဆိုပါတော့။ အဲဒီမှာ ထုတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ကို်ယ်မကြိုက်တဲ့အချက်တွေ ပါနေမယ်ဆိုကြပါစို့။ ဥပမာ... တစ်ပတ်မှာ ခြောက်ရက် ရုံးတက်ရမယ်တို့၊ မိဘသေဆုံးခြင်းမှတစ်ပါး အခြားမည်သည့်လူမှုရေးကိစ္စကိုမှ ခွင့်မပေးဘူးတို့၊ ကုမ္ပဏီလုပ်သက် (၃)နှစ်အတွင်းမှာ အိမ်ထောင်မပြုရဘူးတို့၊ ရုံးတက်ချိန်နောက်ကျရင် အဲဒီနေ့အတွက် လစာကို ဖြတ်မယ်တို့ပေါ့ဗျာ။ ပြောချင်တာက အဲဒီကုမ္ပဏီမှာလုပ်နေရင် အဲဒီကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာချင်သည်ဖြစ်စေ၊ မလိုက်နာချင်သည်ဖြစ်စေ လိုက်နာဖို့လိုအပ်တယ်။ အခြား ကုမ္ပဏီ B မှာ အဲလိုစည်းကမ်းတွေ မရှိဘူးလို့ သွားပြောလို့ မရဘူးထင်တာပါပဲ။ ဒီကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာနိုင်ရင် ဒီကုမ္ပဏီမှာ မလုပ်နဲ့ပေါ့။ စောစောကပြောတဲ့ ကုမ္ပဏီ B ကို သွားလေ။ အဲလိုမှ မဟုတ်ရင်တော့ A မှာနေရင် A ရဲ့ စည်းကမ်းအတိုင်း၊ သတ်မှတ်ချက်အတိုင်း နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကုမ္ပဏီ A ကပေးတဲ့ ခံစားခွင့်တွေကို ရမယ်လေဗျာ။
အင်္ဂလန်ရဲ့ အခွန်စနစ်ကို မကြိုက်ရင် အင်္ဂလန်မှာ မကန်နဲ့ပေါ့ဗျာ။ ဒါဆိုရင် ပရီမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကားလင်းဖလားတို့ကိုလည်း မလိုချင်နဲ့ပေါ့ဗျာ။ အဲဒီဖလားတွေကို လိုချင်တယ်ဆိုရင်တော့ အဲဒီဖလားတွေရနိုင်တဲ့ လိဂ်မှာ ၀င်ကစားရမယ်၊ ပြီးရင် အဲဒီလိဂ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်၊ အဲဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားရမယ်လေ။ ဒါမှလည်း လိုချင်တဲ့ဖလားကို ရတော့ပေမပေါ့။
(၄)
တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် မကြာခဏပြောဖူး၊ ကိုးကားဖူးတဲ့ စကားလေးတစ်ခွန်းကို အခုမှ အမှတ်ရမိတယ်။ ဆရာကြီး နန္ဒာသိန်းဇံရဲ့ စာအုပ်ထဲက ထင်ပါရဲ့ဗျာ။
"ကယ်လ်ဗင် လှည်းကြီးကတော့ သွားမြဲ သွားလျက်ပါပဲ" တဲ့။ ဟုတ်ကဲ့ အခုမှ အရမ်းကို သဘောကျနေမိတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၂၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment