Tuesday, March 30, 2010

ကိုယ်အင်္ဂါမပြည့်စုံသော်လည်း ကြိုးစားထူးချွန်သူများ


မဂ္ဂဇင်းကြီးတစ်စောင်တွင် ပင်တိုင်ပန်းချီရေးဆွဲပေးနေသော ပန်းချီဆရာ အကျော်အမော်တစ်ဦးမှာ အရောင်များကို ပုံမှန်အတိုင်း မမြင်နိုင်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ ပန်းချီရေးသောဆေးများကို ရောစပ်ဖို့ လူတစ်ဦးကို ငှားထားသည်။ ဆေးစပ်ပေးသူက ဘယ်ဆေးက အနီ၊ ဘယ်ဆေးက အစိမ်း၊ အ၀ါ၊ အပြာ စသည်ဖြင့် ပြောပြပါသည်။ ပုံမှန်အတိုင်း အရောင်တွေကို မမြင်သူသည် အရောင်စပ်ရာတွင် ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်သည်။

နယ်ပယ်တစ်ရပ်ရပ်တွင် ထူးချွန်သူများသည် သူတို့၏ အားနည်းချက်ကို အစပျိုးပြီး အားနည်းချက်ကို ကျော်လွန်အောင် ကြိုးစားအားထုတ်ရာမှ ထူးချွန်လာခြင်း ဖြစ်ပါသည်။

"ဒီမွန်စ်သနည်း"သည်လည်း စကားထစ်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ ပါးစပ်ထဲတွင် ကျောက်စရစ်ခဲများထည့်ပြီး ပင်လယ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း ပင်လယ်လှိုင်းများနှင့်အော်ပြီး စကားပြောပါသည်။ စကားထစ်သောသူသည် ထိုအားနည်းချက်မျ အစပျိုးကျော်လွန်ပြီး နောက်ပိုင်း ဂရိစ်တွင် အထင်ရှား အကျော်ကြားဆုံးသော စာဟောဆရာတစ်ဦး ဖြစ်လာခဲ့ပါသည်။

အင်္ဂလန်နိုင်ငံအတွက် နယ်လ်ဆင်သည် ရေကြောင်းသူရဲကောင်းတစ်ဦးပင် ဖြစ်ပါသည်။ သို့သော် သူသည် ပင်လယ်ထဲထွက်တိုင်း ပင်လယ်လှိုင်းမူးသော ဝေဒနာခံစားရပါသည်။ ပင်လယ်ထဲ ပထမဆုံးခရီး စထွက်ကတည်းက ပင်လယ်လှိုင်းမူးသော ဝေဒနာကို စတင်ခံစားရပြီး နောက်ပိုင်းတွင်လည်း သင်္ဘောပေါ်တက်တိုင်း ထိုဝေဒနာကို ခံစားရပါသည်။

မည်သူသည် ကမ္ဘာကျော် တေးရေးဆရာကြီး ဗီသိုဗင်ထက် တေးကဗျာများ ရေးသားနိုင်ပါသလဲ။ ကမ္ဘာ့ထိပ်သီး တေးရေးဆရာကြီး ဗီသိုဗင်သည် နားမကြားပါ။ သူရေးစပ်ခဲ့သော အမြဲရှင်သန်နေသည့် တေးဂီတသံများကို သူဘယ်တုန်းကမျှ ကြားနိုင်ခြင်း မရှိပါပေ။

ကလားရင့်ချိန်ဘာလိန်သည် ကမ္ဘာကျော် လေယာဉ်ပျံသန်းသူတစ်ဦး ဖြစ်ပါသည်။ သူသည် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့ပါသည်။ သို့သော် သူသည် အတိမ်အနက် အမြင်အာရုံကို စမ်းသပ်သော စစ်ဆေးမှုကို ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။ သို့သော် စံချိန်မီ စစ်ဆေးလွှာနဲ့ စစ်ဆေးသူများသည် ချိန်ဘာလိန်အား စစ်ဆေးချက် မအောင်သော်လည်း လေယာဉ်မောင်းခွင့် လိုင်စင်ထုတ်ပေးခဲ့ပါသည်။ သူသည် ကမ္ဘာပေါ်တွင် အန္တရာယ်အကင်းရှင်းဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်လာခဲ့ပါသည်။

တစ်မိုင်ခရီးကိုပြေးရာတွင် ကမ္ဘာ့စံချိန်တင်ခဲ့သော ဂလင်ကန်နီဟန်သည် ခြေနှစ်ဖက်လုံး မီးလောင်ထားသည့်အတွက် လမ်းပင် မလျှောက်နိုင်တော့ဟု ထင်ကြေးပေး ခံထားရသူတစ်ဦး ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သူများ၏ ကိုယ်အင်္ဂါချို့တဲ့ မပြည့်စုံမှုသည် သူတို့ ထူးချွန်လာစေမှုအတွက် အခြေခံအကြောင်းတရားများ ဖြစ်လာရပါသည်။
Bruno Hagspiel

[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]

No comments:

Post a Comment

 
Web Statistics