Wednesday, March 24, 2010

ဒီမိုကရေစီလှေကားထစ် အဆင့်ဆင့်တက်ခြင်း - ကျော်စိန်ထွန်းမြင့်


စင်စစ် ဒီမိုကရေစီဟူသည် တစ်ရောင်တည်းခြယ်တော့မဟုတ်။ ပဒေသာစုံ မတူခြားနားမှုအစုံ အမြင်မျိုးစုံသာ ဖြစ်မည်။ အော်တိုကရေစီကဲ့သို့ ငါနှင့်မတူ ငါ့ရန်သူ ဖြုတ်ထုတ်သတ်သို့ သွားရမည်မဟုတ်။ လူ့သဘာဝ ကိုယ်၌က အစုံ၊ အသွေးရောင်စုံ အသံစုံ တစ်ပြိုင်နက် ဖူးပွင့်ဝေဆာခြင်းသာ လူ့သဘာဝ ဟာဒယနှင့် ကိုက်ညီမည်၊ ဟပ်စပ်မည်။

ဆရာဒဂုန်တာရာကတော့ "မတည့် အတူနေ၀ါဒ" ဟု ခေါ်သည်။ မတည့်သော်လည်း အတူနေနိုင်ရမည်။ နေတတ်ရမည်။ နေခွင့်ရှိရမည်။ လွတ်လပ်စွာ ငြင်းခုန်နိုင်သည်။ ဆရာဒဂုန်တာရာက တစ်ခါက ကျွန်တော့်အား ပြောကြားရာ၌ ဒီမှာ ခင်ဗျား စကားပြောရင် ဘယ်တော့မှ လျှော့မပြောနဲ့၊ ငြင်းသာငြင်း၊ စာရေးလည်း လျှော့မရေးနဲ့၊ ရေးသာရေး... အဲ အရေးကြီးတာက မမုန်းဖို့ပဲ၊ မမုန်းကြစတမ်းပေါ့ဗျာ.... တဲ့။ ဟုတ်ကဲ့ နာယူခဲ့ပါ၏။

စကားနောက်မှာ တရားသာ ပါသင့်ပါ၏။ "ဓား" မပါဖို့ လိုသည်။ ပဒေသာစုံသည် ဒီမိုကရေစီအလှ ဖြစ်ပေ၏။

ဂျော်ဒန်ဘုရင်ဟူစိန် ၁၉၉၉ ကွယ်လွန်တော့ သူ၏သား ချက်ချင်း နန်းတက်၏။ သူက "ဒီမိုကရေစီဆိုတာ နေ့ချင်းညချင်း ဖြစ်မလာနိုင်ပါဘူးဗျာ။ သင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ သင်ယူမှ ရမယ့် ပညာရပ်ပါ၊ အတွေ့အကြုံပါ၊ ဒီမိုကရေစီ ရပြီဟေ့ဆိုပြီး လုပ်ချင်တာလုပ်ခွင့် ရှိတယ်လို့တော့ မမှတ်လေနဲ့" ဟု မိန့်ခွန်းပြောပါသည်။

သူက သူ့အဖေထံမှ ကိုယ်ချင်းစာတရား၊ လူအများအပေါ် မေတ္တာထားမှု၊ သူ့ကိုယ်သူ အများပြည်သူတွေနဲ့ တန်းတူထားမှု သင်ခန်းစာတွေ ရခဲ့ပါတယ်ဟု မီဒီယာသို့လည်း ထုတ်ဖော်ပြောကြားလိုက်သည်။

၁၉၉၆ သမ္မတကလင်တန်က မက်ဒလင်းအောဘ်ရိုက်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်တဲ့အခါ သူမ,ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ သူမလက်ထက် ကမ္ဘာအရပ်ရပ်မှာ ငြိမ်းချမ်းရေးအတွက် ငွေကြေးများစွာကို သုံးစွဲရာ၌ ၎င်းက "ငြိမ်းချမ်းရေးအတွက် ငွေသုံးရတာ ကောင်းပါတယ်။ စစ်ပွဲအတွက် သုံးရတာမှ မဟုတ်တာ၊ စစ်ပွဲနဲ့ယှဉ်ရင် ငွေသက်သာပါတယ်၊ အသက်တွေလည်း မသေတော့ဘူး၊ ကလေးတွေလည်း မငတ်တော့ဘူး၊ မိဘမဲ့တွေ မဖြစ်တော့ဘူး၊ နောင်အနာဂတ်မှာ ကလဲ့စားချေခြင်းတွေအစား ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်စေရပါမယ်" ... ဟု ပြောကြားခဲ့သည်။

၁၉၉၇ မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးတာဝန် စတင်ထမ်းဆောင်တဲ့ ကိုဖီအာနန် Kofi Annan ကတော့ "အားလုံးအတွက် ဒီမိုကရေစီ၊ သည်းခံခြင်းတရား၊ လူ့အခွင့်အရေးများ ရရှိမှ ငြိမ်းချမ်းရေး အောင်မြင်ပါမယ်။ ဘာပဲဖြစ်ဖြစ် လူထုကို ဗဟိုပြုရပါမယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး သူတို့ဘ၀ သူတို့ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အခွင့်အရေးပေးရပါမယ်။ ဒါဟာ အမြင့်မြတ်ဆုံး အလုပ်ပါပဲ။ လူတိုင်း ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရမှ ကမ္ဘာ့ကိစ္စ globalization ကမ္ဘာ့ရွာဖြစ်ခြင်း အောင်မြင်ပါမယ်" ဟု ပြောကြားခဲ့သည်။

ဂျော့ဘားနတ်ရှော (ကမ္ဘာကျော်စာရေးဆရာကြီး) ကတော့ အချို့လူတွေဟာ ဖြစ်နေတဲ့ဟာတွေကိုကြည့်ပြီး ဒါတွေက ဘာကြောင့် ဒီလိုဖြစ်ရတာလဲ မေးကြတယ်၊ ကျွန်တော်ကတော့ မဖြစ်သေးတာတွေကို စိတ်ကူးယဉ်ကြည့်ပြီး ဘာကြောင့် ဒါတွေ မဖြစ်သေးတာလဲဆိုပြီး မေးပါတယ်" တဲ့။

နယူးဇီလန် ၀န်ကြီးချုပ် Helen Clark ဟယ်လင်ကလပ်ကတော့ "အစိုးရရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲ။ အားလုံးအလုပ်လုပ်ကြဖို့၊ အခွင့်အလမ်းရှိကြဖို့၊ သင့်တင့်လျောက်ပတ်တဲ့ နေအိမ်ရှိကြဖို့၊ စားရေးသောက်ရေး ပြေလည်ဖို့၊ ကျန်းမာရေးကောင်းဖို့၊ ပညာရေးကောင်းဖို့၊ လူနည်းစုတွေကိုလည်း အခွင့်အရေးနဲ့ လေးစားမှုပေးဖို့၊ သည်းခံတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့၊ စီးပွားရေးတိုးတက်လာကြဖို့၊ ဂုဏ်ရှိရှိ နေထိုင်နိုင်ကြဖို့" ဖြစ်တယ်လို့ ပြောပါသည်။

"ဂါလ်တန်" ဆိုသော Transcerd ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးကတော့ "ဒီမိုကရေစီဆိုတာ ခပ်ရှုပ်ရှုပ်ပါပဲ။ လူဆိုတာ ကိုယ်၌က ခပ်ရှုပ်ရှုပ်မဟုတ်လား။ လူ့လိုအပ်ချက် ဓလေ့ထုံးစံ အဖွဲ့အစည်း အဆောက်အအုံ... ဒါတွေက ရှုပ်တယ်လေ။ တရုတ်မှာ ရွေးကောက်ပွဲမရှိဘဲ အဆင်ပြေအောင် လုပ်သွားနိုင်တယ်။ ခင်ဗျား ဘာပြောမလဲ။ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်၊ လူတွေငတ်တုန်းပဲ၊ ခင်ဗျား ဘာပြောမလဲ။ အနောက်စတိုင်လ်က လေများတယ်နော်။ လူထုအသံကိုတော့ နားထောင်ဖို့ ပျက်ကွက်တတ်တယ်။ မှီတင်းနေထိုင်သူ အားလုံးပါမှ ဒီမိုကရေစီဗျ။ ကိုယ်စားလှယ်တွေရွေး၊ လေးနှစ်အတွင်းမှာ သူတို့နဲ့လွှဲထား။ အဲဒါလောက်က တိုက်ရိုက် ဒီမိုကရေစီ မမည်ဘူး။ အပြန်အလှန်ကွင်းဆက်နဲ့ သွားမှ၊ မဟုတ်ရင် အာဏာရှင် စနစ်ပဲ။ ကုလရဲ့ ဗီတိုအာဏာလည်း ဒီမိုကရေစီ မကျဘူး"

"ဒီမိုကရေစီဟာ ပြဿနာတွေကို အတင်းအဓမ္မ မကိုင်တွယ်ဘူး၊ ဆွေးနွေးစကားရည်လု နှစ်ဦးနှစ်ဖက်လုံး (လျှော့)၊ ဒိုင်ယာလော့ (နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိရှိ) ဒီလိုဖြစ်ရမယ်။ မဲပေးပြီး အနိုင်ယူတာလည်း fighting ပါပဲ။ ဂန္ဒီကြီးက ရွေးကောက်ပွဲနည်းဟာလည်း ၅၁ ရာခိုင်နှုန်း အာဏာရှင်ဆီသွားတဲ့ လမ်းပါပဲဟု မှတ်ချက်ချခဲ့၊ မဲခိုးတာတို့၊ အတိုက်အခံတွေကို သတ်တာတို့၊ မဲဝယ်တာတို့က မကောင်းပါဘူးဟု ဂန္ဒီကြီးက ဝေဖန်ခဲ့။ တုတ်နဲ့ မုန်လာဥကို ပယ်ရမယ်။ တုတ်ကို မကြောက်တရားနဲ့ ရင်ဆိုင်ပြီး မုန်လာဥကို စီးပွားရေး ကိုယ့်ခြေကိုယ့်လက်နဲ့ ချဲလင်းလုပ်ရမယ်" ဟု ဂန္ဒီကြီးက မြွက်ကြားခဲ့။

ဒီမိုကရေစီဟူသည် လူသားအခွင့်အရေးများကို ထိန်းသိမ်းပေးခြင်း၊ မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်း၊ အဓမ္မစနစ် အကြမ်းဖက်စနစ် မသုံးခြင်း၊ ဓနခွဲဝေရာ၌ မျှတခြင်း၊ အုပ်ချုပ်သူကို တင်မြှောက်ရာ၌ ပြန်လည်ရွေးချယ်ခြင်းပြုရာ၌ အကြမ်းဖက်နည်းကို မသုံးတော့ခြင်းတွေ ဖြစ်သည်။

ဂါလ်တန် (ပါမောက္ခချုပ်ကြီး)က ဒီမိုကရေစီဟာ ရွေးကောက်ပွဲပြုလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။

ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံလောက် မလုပ်ပါနဲ့။

ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း တိုးတက်တဲ့ နိုင်ငံတွေကို နောက်က အမီလိုက်တယ်မမည်ပါ၊ အဲဒါ deficitism (မပြည့်စုံသေးဘူး) လို့ ဆိုရမယ်ဟု မှတ်ချက်ပြုခဲ့ပါသည်။

ရွေးကောက်ပွဲအကြိုကာလ ပြည်သူလူထု (စာဖတ်ပရိသတ်)များ ဒီမိုကရေစီတရား ပွားများအားထုတ်နိုင်ကြပါစေရန် ရည်သန်လျက် ဟိုမှဒီမှ ဟိုတစ်စ ဒီတစ်စ မှတ်စုမှတ်ရာတွေ ရှာဖွေဖော်ထုတ် တင်ပြတဲ့အလုပ်ကို လုပ်လိုက်ရပေသည်။

တစ်စုံတစ်ရာ
ကျေနပ်နိုင်ကြပါစေ။

Northern Star ဂျာနယ်
အမှတ် (၅၉)
March 25, 2010
စာမျက်နှာ - ၁၇

No comments:

Post a Comment

 
Web Statistics