ကျွန်တော်သိသော လူငယ်တစ်ယောက်အကြောင်း ပြောပြချင်ပါသည်။ ကြိုတင်ဝန်ခံစကား ပြတ်ပြတ်သားသား ပြောထားပါရစေ... ယခုဆောင်းပါးလာ အယူအဆသည် မည်သည့်အာဏာရ အဖွဲ့အစည်း၏ အာဘော်မဟုတ်ဘဲ၊ မည်သည့်အာဏာပိုင်ပုဂ္ဂိုလ်ကမှ မိန့်ဆိုထောက်ပြလို့ မဟုတ်ဘဲ မည်သူကမှ မတိုက်တွန်းဘဲ (ဘာမှရလို့မဟုတ်ဘဲ) ကျွန်တော့်သဘောထား သက်သက်မျှဖြစ်ကြောင်း၊ ကျွန်တော့် "စာ" ကျွန်တော်တာဝန်ယူကြောင်း ဆိုတာပါပဲ။
သူ့နာမည် "နိုင်မြင့်"၊ သူ့ကို "နိုင်နိုင်" ဟု အများက ခေါ်နေသလို ကျွန်တော်ကလည်း နိုင်နိုင်ဟုသာ ခေါ်ပါသည်။ အသက် ၂၇/၂၈ လောက် ရှိမည်။ အင်ဂျင်နီယာဘွဲ့၊ ဘာသာစုံဂုဏ်ထူး အဆင့်မြင့်နှင့် အောင်ထားသည်။ သူ့ကို ဘာလို့ အင်ဂျင်နီယာမလုပ်ဘဲ မီဒီယာလောကထဲ ၀င်ရသလဲမေးတော့ ကျွန်တော် အင်ဂျင်နီယာမဟုတ်ပါဘူး။ အင်ဂျင်နီယာ တစ်ရက်တောင် မလုပ်ဖူးပါဘူး။ အင်ဂျင်နီယာကျောင်း စာမေးပွဲအောင်ထားသူမျှသာ ဖြစ်ပါတယ်တဲ့။ ကဲ-မလှဘူးလား။ ဖြေပုံက။ သူ့ဒဿနက နည်းနည်း ကြမ်းသည်။ မိသားစုသံယောဇဉ် ကျွန်တော် မယုံဘူးတဲ့။ (အဲဒါကို သူ့လုပ်ရပ်က ဇောက်ထိုးဖြစ်သွားတာလည်း တင်ပြသွားမည်)
သူ့အဖေသူ့အမေတို့က အစိုးရအလုပ်များကိုယ်စီနှင့် အထက်တစ်မြို့ အောက်တစ်မြို့ တစ်နံတစ်လျား မိုင် ၁၀၀၀ ခန့် အကွာမှ မယ်တစ်ရွာ မောင်တစ်မြို့ ဘလတ္တိယဇာတ် ကနေရသည်။ သူက အဘွားနှင့်နေသည်။ အဘွားက သူ့ကို ဂရုစိုက်ပါသည်။ သူက ရုပ်နှင့်မလိုက်အောင် ကြမ်းတမ်းမာကြောစွာ ဆက်ဆံသည်ဟု ပြန်ကြားရသည်။ သူ့ရုပ်က ဖြူဖြူသန့်သန့် ချစ်စဖွယ် ကလေးငယ်မျက်နှာနှင့်။
အင်္ဂလိပ်စာတော်သည်။ အနောက်စာပေ၊ ရသ၀တ္ထု၊ ဂန္ထ၀င်ကြီးများအထိ အကုန်ဖတ်သည်။ အင်္ဂလိပ်စကား/စာ အပြော/အရေး ကျွမ်းကျင်ပိုင်နိုင်သည်။ အရက်သောက်သည်၊ မူးသည်၊ ရန်ဖြစ်သည်၊ လက်မြန်သည်၊ ရဲစခန်း မကြာခဏ ရောက်သည်။ ငွေသုံးသည်၊ ငွေဖြုန်းသည်။ ရည်းစားများသည်။ တစ်ပြိုင်တည်း သုံးယောက်၊ လေးယောက်။ အပျော်အပါး များသည်။ တစ်ည ငွေနှစ်သိန်းလောက် သူငယ်ချင်းနှစ်ယောက် အကုန်သုံးသည်။ ပျော်စရာပါးစရာ ည ၂ နာရီမှာကုန်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်အောင် လောကကို ငြီးငွေ့သွားကြောင်း ပြောပြဖူးသည်။
ဟစ်ဟော့ပ် သီချင်းတွေ မကြိက်၊ အားလုံးမီးမြှိုက်ပစ်သင့်ကြောင်း ဝေဖန်သည်။ လူကြီးတွေကိုတော့ (ယေဘုယျ) လေးစားယဉ်ကျေးစွာ ဆက်ဆံပါသည်။ သို့သော် ရွဲ့တတ်သည်။ သူဝင်လုပ်သည့် ဂျာနယ်က သူ့ကို အင်တာဗျူးတော့ အဲဒီထဲမှ နာမည်ရ စာရေးဆရာကြီး တစ်ယောက်ပါသည်။ စာရေးဆရာကြီးက "ဘယ်ဂျာနယ်ကို အကြိုက်ဆုံးလဲ" မေးတော့ ထိုဂျာနယ်မှထွက်ပြီး ပြန်လည်ပြိုင်ဆိုင်နေသော အပြိုင်ဂျာနယ်ကို ကြိုက်ကြောင်းပြောလိုက်တော့ မေးသူလူကြီးများ "ဟိုက်" ဆို ဖြစ်သွားသည်။ တိုက်ပိုင်ဘော့စ်က ဒီလို ဂျစ်ကန်တာကို (မိုက်တာကို) သဘောကျပြီး အယ်ဒီတာ ခန့်လိုက်သည်။
ဒီဖြစ်စဉ်ထဲ ကျွန်တော်နှင့် မိတ်ဆွေဖြစ်သည်။ ကျွန်တော့်ကို ဘာကြွေသည်မသိ။ ရောင်းစားဖို့စာအုပ်၊ သုံးဖို့ငွေကြေး ခဏခဏပေးသည်။ သူနှင့် စကားပြောရတာ ကျွန်တော်ကြိုက်သည်။ သူက ပြောင်ပွင့်လင်းသည်။ ကျွန်တော်ကလည်း လှံနှင့် ပြေးထိုးတာ ကြိုက်တဲ့ကောင်၊ "ကောက်" တာမကြိုက်၊ ပြောင်ရင်ဆိုင်ချင်သည်။ နောက်ကြောက အလစ်ထိုးတာ မကြိုက်။
သူနှင့် မိတ်ဆွေဖြစ်ကြသည်။ ကျွန်တော်က ၆၀၊ သူက ၃၀ (မပြည့်တတ်သေး)။ သားအဖလောက် ကွာသော်လည်း သူငယ်ချင်းလို ကျွန်တော် သဘောထားခဲ့သည်။ သူ့ကို ကျွန်တော် ချစ်လည်းချစ်၍ တန်ဖိုးလည်းထားသည်။ သူ့မှာ (သူမသိဘဲ) အချစ်ငတ်နေတာ ရှိသည်။ မိဝေးဖဝေး မေတ္တာဝေးသူ။ ကျွန်တော်က မြင်သည်။ ဒီမှာ သူ့ကို ကျွန်တော် အားလုံးခွင့်လွှတ်ပြီး ပေါင်းသည်။ သူကလည်း ကျွန်တော့် ရိုးသားပွင့်လင်း ဒဲ့ဒိုး (တည့်တိုး) ကြိုက်မှုကို ကြိုက်ပုံရသည်။
သူ ဂျာနယ်မှ ထွက်သည်။ ဂျာနယ်က သူ့ကို ပြန်ခေါ်ချင်သည်။ ကျွန်တော်က ပြန်ဝင်ဖို့ တိုက်တွန်းသည်။ သူပြန်ဝင်သည်။ နောက်တော့ ပြန်ထွက်သည်။ သူက သူ့ကို တမင်စည်းကမ်းကြီးကြီးဖြင့် ပုဂ္ဂိုလ်ရေး ဖိအားပေးတာမကြိုက်။ အင်မတန် လွတ်လပ်စွာ နေချင်တဲ့ လူငယ်။ တစ်နေ့ သူက စကားအဆန်း ပြောလာသည်။
"ကိုစိုးမြင့်သိန်း၊ ခင်ဗျား အခု ထွက်လာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေစာအုပ် ဖတ်ပြီးပြီလား"
"မဖတ်ရသေးဘူး"
"ဖတ်လေဗျာ၊ ခင်ဗျား နိုင်ငံရေးလုပ်ချင်သေးရင် အဲဒီအတိုင်းလုပ်၊ မဟုတ်ရင် အင်းစိန်ရှိတယ်။ အမေရိကန်ကို ပြေးရင်ပြေး ဟားဟား" လို့ ကျွန်တော့်ကို ဘလိုင်းကြီး လာပြောသည်။
သူက "ဒါ ဥပဒေပဲ။ ဒီတိုင်း ခင်ဗျား လက်ခံပြီး လုပ်ရမှာပဲ။ မဟုတ်ရင် ဆန့်ကျင်ဘက်လုပ်ရင် ခင်ဗျား တရားမ၀င် အပြစ်ကျူးလွန်သူ ဖြစ်သွားမှာပဲ။ ဒါ ဘောင်ပဲ၊ ဘောင်အပြင်မှာ ထောင်ပဲရှိတယ်" ဟု ပြောလာပါသည်။
သူက ဆက်၍ပြောတာမှာ "ဒီမှာ အတိုက်အခံ ဘာညာသရကာတွေကလည်း အစိုးရနဲ့ အတိုက်အခံလုပ်လေ၊ ဒေါ်လာတွေ သူတို့လက်ထဲ ရောက်လာလေဆိုတော့ အတိုက်အခံလုပ်ရတာ သူတို့အတွက် အရသာရှိမှာပေါ့၊ အဲဒါ ကိုယ်တွေ့ပဲ။ သူတို့ကတော့ အစိုးရနဲ့ အတိုက်အခံလုပ်လေ၊ သူတို့ ဒေါ်လာစားရလေဆိုတော့ ဆန့်ကျင် Anti အမြဲလုပ်မှာပဲဗျ။ ဟားဟား" ဟု ပြောပြပြန်ပါသည်။ ကျွန်တော် ပါးစပ်အဟောင်းသားနှင့်သာ နားထောင်နေခဲ့ရပါသည်။
အခုတော့ သူ အိမ်ထောင်ပြုလိုက်ပြီ။ ပြုပုံကလည်း ကြည့်ဦး၊ သူ့နောက်ကို ငွေထုပ်ပိုက်ပြီး တကောက်ကောက် လိုက်ပေးနေတဲ့ သူဌေးသမီးတစ်ယောက်ကို ဗြုန်းဆို လှည့်ထွက် (ခေါက်ပစ်လိုက်ပြီး)၊ အခုမှတွေ့တဲ့ ကောင်မလေးတစ်ယောက်နှင့် ယူပစ်လိုက်သည်။ တရားဝင်လက်ထပ် ပေါင်းသင်းသည်။ ဧည့်ခံပွဲလုပ်တော့ "မင်း ဒီကောင်မလေးကို သေသေချာချာ ကြာကြာကြီး (တစ်သက်လုံး ညွှန်းချင်ပါသည်) ပေါင်းပါကွာ" ဟု ခပ်ချော့ချော့ ပြောရသည်။
ခုတော့ သူ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်နေပေါ့။ လခ သုံးသိန်းကျော် ရသည်ဆိုပဲ။ မိန်းမနှင့် ယောက်ျား ပီပီသသ ပေါင်းနေသည်။ အိမ်ထောင်ရေးဟာ အိမ်ထောင်ပြုတာကောင်းတာပဲဗျဟု ခပ်ပြုံးပြုံးနှင့် ပြောလာသည်။ အကဲခတ်ရတာကတော့ လေးလေးနက်နက်ပဲ။ အဓွန့်ရှည်ပါစေ ဆုတောင်းရသည်။ နှစ်ယောက်ထဲ အိမ်ခန်းငှားနေသည်တဲ့။ သူ့အလုပ်က သူ့ကို ချစ်ကြသည်တဲ့။ အင်္ဂလိပ်စာ တော်လွန်းလို့။
ကျွန်တော့်စာအုပ်ဆိုင်တောင် မလာနိုင်တော့။ အလုပ်ကများ၊ ထမင်းချိုင့်ကလေးဆွဲ၊ ရုံးပြန်တော့ အိမ်ကိုပဲပြန်၊ အိမ်မှာပဲ အရက်သောက်သည်။ ဟိုတယ်တွေ မသွားတော့၊ လမ်းမများ ခြေမများတော့။ သူပြောခဲ့သလိုပဲ ဖွဲ့စည်းပုံအတိုင်း ဘောင်ထဲကအတိုင်း ချီတက်နေပြီထင်၏။
Northern Star ဂျာနယ်
အမှတ် (၅၉)
March 25, 2010
စာမျက်နှာ - ၁၇
အမှတ် (၅၉)
March 25, 2010
စာမျက်နှာ - ၁၇
No comments:
Post a Comment