Wednesday, March 31, 2010

ကြားမိကြားရာ၊ ဖတ်မိဖတ်ရာ၊ ကြုံမိကြုံရာ


(၁)
ရာသီဥတုက နားလည်ဖို့ခက်လိုက်တာ။ ကျွန်တော်တို့ လူတွေကျနေတာပဲ။ အခုပဲ အကောင်းကြီးကနေ တော်ကြာနေ ထဖောက်ချင် ဖောက်နေပြန်တာကိုး။ သတင်းစာထဲမှာ စံချိန်တင်အပူချိန်တွေ ဖတ်နေရတဲ့အချိန်၊ ကိုယ်တိုင်လည်း ချွေးတလုံးလုံးနဲ့ ပူအိုက်နေတဲ့အချိန်မှာ မိုးတွေရွာချလိုက်တယ်။ ဒီနေ့တစ်နေကုန်လည်း ရာသီဥတုက မကြည်မလင်နဲ့၊ ကျွန်တော့်စိတ်တွေပါ အုံ့မှိုင်းမှိုင်းဖြစ်နေတယ်။ အခုလိုမျိုး မတ်လအကုန် ဧပြီအကူးကာလကြီးမှာ ထီးတစ်ချောင်းဆောင်ပြီး အပြင်ထွက်ရတာ မနိပ်လှပါဘူးဗျာ။ တကယ့်ကို ကြောင်တောင်တောင်ကြီး။

(၂)
သင်္ကြန်ခါတော်မီထင်ပါရဲ့။ ဓာတ်ဆီဈေးတွေ တက်သွားပြန်ပြီ။ စီးပွားရေးသမားတွေကို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ပြောရင် ကြိုက်မှာမဟုတ်ကြဘူး။ (တစ်ကိုယ်လုံးကျက်မှ ဖဲ့စားတာပါလို့ ပြောဦးမလား မသိဘူး) ကိုယ်ပိုက်ဆံရရင်ပြီးရော လုပ်ချင်ရာကို လုပ်နေကြတော့တာပဲ။ သင်္ကြန်က အဝေးကြီးလိုသေးတယ်။ ဒါတောင် ဆီရောင်းတဲ့တစ်ဆိုင်က ပြောလိုက်သေးတယ်။ ငွေဈေးဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ စိတ်ပေါက်လာတာနဲ့ မြန်မာငွေတန်ဖိုး တက်နေတာ သိသလားဆိုတော့။ မသိသလို၊ နားမလည်သလို ကြောင်တောင်တောင်မျက်နှာပေးနဲ့ အရူးကွက်နင်းသွားတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးလည်း ကျနေတယ်။ စက်ဆုံးဆီတွေကိုလည်း ပုဂ္ဂလိကအနေနဲ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရနေလို့ ဆီဈေးတွေကျနေတာ ဖတ်နေ၊ ကြားနေရတာပဲ။ သူတို့ဘာသာသူတို့ ဈေးတက်ချင်လို့ တက်တဲ့ကိစ္စကို တစ်ခါလာလည်း ခေတ်စနစ်ကို လက်ညှိုးထိုး၊ တစ်ခါလာလည်း ခေါင်မိုးကို လက်ညှိုးထိုးနဲ့ နားရင်းတွေချည်းပဲ အုပ်ပစ်လိုက်ချင်တယ်။ အခုလို ဈေးတက်တာက အရေးမကြီးဘူး။ တက်ပြီးရင် ဘယ်တော့မှ ပြန်မကျတော့တာက စိတ်ညစ်စရာကောင်းတာ။

(၃)
နာမည်ကြီး အတိုက်အခံပါတီတစ်ခုက ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဘယ်လိုမှကို မခံစားရဘူး။ အင်တာနက်မှာ ရေးထားတာတွေကို ဖတ်ရတာ အဲဒီပါတီ ၀င်မပြိုင်တဲ့အတွက်ပဲ အခုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမ၀င်တော့သလိုလို၊ ချက်ချင်းပဲ အဲဒီရွေးကောက်ပွဲ ပျက်တော့မှာလိုလို၊ သူတို့တွေ ၀င်မပြိုင်တဲ့အတွက် မြန်မာပြည်သူလူထုကပဲ ဒုက္ခပင်လယ်ဝေဦးတော့မှာလိုလို ရေးနေ၊ ပြောနေတာတွေကို ဖတ်ရ၊ နားထောင်ရတာ ရယ်ချင်လိုက်တာ ပြောမနေပါနဲ့တော့။ ကျွန်တော့်ပတ်ဝန်းကျင်က နီးစပ်ရာလူတွေကို တီးခေါက်ကြည့်မိတော့လည်း ဘယ်သူကမှ စိတ်မ၀င်စားကြဘူး။ ဒီကြားထဲ အဲဒီပါတီရဲ့ ဥက္ကဋ္ဌဆိုတဲ့လူ ပြောတဲ့စကားက ပိုဆိုးသေးတယ်။ ဒေါ်လာစားမင်းသမီးကြီးက ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့သဘောထားအတိုင်း ဆုံးဖြတ်လိုက်တာပါတဲ့။ ရယ်စရာကောင်းလိုက်ပုံများဗျာ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဘယ်သူက ရာထူးပိုကြီးသတုံးဗျ၊ ဘယ်သူက ခေါင်းဆောင်တုန်းဗျ။ ပြီးတော့ သူတို့အဖွဲ့ကြီးတစ်ခုလုံးက ဒီတစ်ယောက်တည်းဦးနှောက်နဲ့ပဲ လုပ်တတ်ကြသလား။ ကျန်တဲ့လူတွေအကုန်လုံးက သူကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်တွေလား။ ဘာမှသုံးစားမရတဲ့လူတွေလား။ အဲဒီလိုလူတွေနဲ့ ဖွဲ့ထားတဲ့သူတို့ကို ဘယ်သူတွေက ယုံကြည်နေကြသလဲဆိုတာ စဉ်းစားစရာပဲ။ သူတို့မပါတဲ့အတွက် နိုင်ငံတော်ကြီးက မတိုးတက်၊ မကြီးပွားတော့သယောင်ယောင် ပြောနေကြလေတော့ မေးရဦးမယ်၊ သူတို့တွေဝင်ပြိုင်ရင်ရော နိုင်ငံတော်ကြီး တိုးတက်အောင် ဘာတွေလုပ်ပေးမှာတုန်း၊ သူတို့ပါတီရဲ့ မူဝါဒကဘာတုန်း၊ သူတို့သွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက်က ဘာတုန်းဗျ။ ကျွန်တော်တကယ်မသိလို့ပါဗျ။ အခုလောလောဆယ် ကျွန်တော်မြင်သလိုပဲ ပြောရမယ်ဆိုရင်တော့ လက်ရှိအစိုးရ ဘာပြောပြော၊ ဘာလုပ်လုပ် အတိုက်အခံလုပ်ဖို့၊ ဆန့်ကျင်ဖို့ဆိုတာ သူတို့ပါတီရဲ့ မူဝါဒလို့ပဲ နားလည်တယ်။ မဟုတ်ဘူးဆိုရင်လည်း ရှင်းပြကြဗျာ။

(၄)
နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကောလာဟလကို ကြားရတာလည်း မျက်လုံးပြူးချင်စရာကြီးပါ။ သိပ်တော့မယုံချင်ပေမယ့် တစ်နေ့က အင်တာနက်ထဲက ဖိုရမ်တစ်ခုမှာ ဆွေးနွေးထားတာတွေကို ဖတ်လိုက်ရတော့ နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတာ အမှန်ပါပဲ။ ပြန်ပြီး ဆက်စပ်စဉ်းစားမိတော့ ဂျာနယ်တစ်ခုရဲ့ အင်တာဗျူးမှာ သူဖြေထားတာကို ပြန်သတိရသွားမိတယ်။ ပိုးစိုးပက်စက် အောင်မြင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်တစ်ခုကို နောက်ဘယ်တော့မှ အဲဒီလိုဇာတ်ရုပ်မျိုး မရိုက်တော့ပါဘူးလို့ ပြောခဲ့တာကိုပါ။ အင်း.... ဟုတ်များ ဟုတ်နေလေမလားနော်။

(၅)
မကြာသေးခင်က ချထားပေးခဲ့တဲ့ ငါးသိန်းတန်ဖုန်းတွေဟာ အတော်လေးကို တွင်ကျယ်လာတာကို တွေ့ရပါတယ်။ ချထားပေးစဉ်တုန်းကတော့ စိတ်ဝင်စားမှု သိပ်မရှိခဲ့ကြပေမယ့် အခုအချိန်မှာတော့ ၀ယ်လို့မရလောက်အောင်ကို စိတ်ဝင်စားမှု တိုးပွားနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုပြီး စနည်းနာမိတော့ နောက်တစ်လလောက်မှာ အဲဒီဖုန်းတွေကို တစ်နိုင်ငံလုံး သုံးလို့ရအောင် ဖွင့်ပေးတော့မှာကြောင့်လို့ သိရပါတယ်။ စဉ်းစားနေမိတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပေါ့။ ကျွန်တော့်အမြင်ကတော့ မဖြစ်နိုင်ဘူးထင်တာပါပဲ။ ဒါဆိုရင် ဒီစကားကို ဘယ်သူကဖွလိုက်သလဲဆိုတာ စဉ်းစားစရာပါ။ အနီးစပ်ဆုံးကတော့ အဲဒီဖုန်းတွေ ရောင်းကောင်းအောင် လုပ်တဲ့လူတွေကိုပဲ မျက်စိထဲ ပြေးမြင်လိုက်တယ်။ အော်.... တတ်လည်း တတ်နိုင်ကြပါပေ့ကွယ်။

(၆)
ဘယ်သူမဆို စိတ်ဝင်စားရင် ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။ သူများလုပ်တာတွေကို သဘောမကျရင် ကိုယ်တိုင်လုပ်ကြပေါ့။ အဲလိုမှမဟုတ်ရင် ကိုယ်ကြိုက်တဲ့ပါတီကို ထောက်ခံအားပေးပေါ့။ အခုတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ ကိုယ်တိုင်လည်း လုပ်တာမဟုတ်ဘဲနဲ့၊ လုပ်မယ့်လူတွေကိုပဲ ဘာကြောင့်၊ ညာကြောင့်လုပ်ကြတာဆိုပြီး အပြစ်တင်နေကြတာ၊ လက်ညှိုးထိုးနေကြတာ၊ ပုတ်ခတ်နေကြတာကို တွေ့လာရတယ်။ ပါတီတည်ထောင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဲဒီဥပဒေတွေနဲ့အညီ မည်သူမဆို ပါတီတည်ထောင်ခွင့် ရှိပါတယ်။ ကြိုက်ရင်ထောက်ခံ၊ မကြိုက်ရင် မထောက်ခံနဲ့။ ရှင်းနေတာပဲဗျာ။ ဘာကိစ္စ သူများပါတီထောင်တာကို ပါတီမထောင်သင့်ဘူးတို့၊ ဒီရွေးကောက်ပွဲကို ၀င်မပြိုင်သင့်ဘူးတို့ ဖြစ်နေကြရတာလဲ။ သဲနဲ့ပက်တာဟာ အမဲသားတစ်တုံးပဲဆိုရင် ခွင့်လွှတ်လို့ရပါတယ်။ နှစ်ယောက်တည်းနဲ့ပဲ ဆိုင်တာကိုး။ အခုဟာက အမဲသားတုံးမဟုတ်ဘူးဗျ။ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးကိစ္စ။ စကားတွေကို လက်လွတ်စပယ် မပြောကြစေချင်ဘူး။

(၇)
သင်္ကြန်ရောက်တော့မယ်။ ကလေးတွေကိုကြည့်ပြီး သနားနေမိတယ်။ ကျွန်တော်တို့ငယ်စဉ် သူတို့အရွယ်တုန်းကဆိုရင် ဒီလိုအချိန်မျိုးဟာ သိပ်ဆော့လို့၊ ပျော်လို့ကောင်းတဲ့အချိန်ပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုတော့ တစ်နေကုန်ဆော့တယ်၊ ရှိသမျှချောင်းတွေမှာ ရေလိုက်ကူးတယ်၊ လက်ပံပွင့်လိုက်ကောက်တယ်၊ ငှက်လိုက်ပစ်တယ်၊ ညနေဆိုရင် ဘောလုံးကန်တယ်။ အနားယူတာမှ ပက်ပက်စက်စက်ကို အနားယူခဲ့ကြတာ။ ကျောင်းပိတ်ရက် တစ်လလောက်ဆိုရင် ကျောင်းပြန်ဖွင့်စေချင်နေပြီ။ ဆော့ရ၊ ကမြင်းရတာ ပျင်းလာလို့။ အခုလို သင်္ကြန်ရောက်ခါနီးဆိုရင်တော့ သင်္ကြန်မှာ ကဲကြဖို့ တိုင်ပင်နေကြပြီ။ ကိုယ့်သူငယ်ချင်းတွေစုပြီး အုန်းလက်မဏ္ဍပ်ထိုးပြီး လမ်းထိပ်မှာ ရေပက်ဖို့၊ ဘယ်သူက ပေပါတာဝန်ယူ၊ ဘယ်သူက ရေခပ်ဖို့ ရေပုန်းတွေတာဝန်ယူ၊ ဘယ်သူကတော့ မုန့်လုံးရေပေါ်လုပ်ဖို့ တာဝန်ယူ၊ စသည်ဖြင့်ပေါ့။ အခုကလေးတွေကတော့ သင်္ကြန်ကျတော့မှာကို သိတောင်သိကြရဲ့လားမသိဘူး။ တစ်နေ့တစ်နေ့ ကျူရှင်သွား၊ စာကြည့်၊ အားတဲ့အချိန် ဂိမ်းဆော့၊ အင်တာနက်ဆိုင်သွားနဲ့ အချိန်ကုန်နေရရှာတယ်။ သင်္ကြန်ဆိုတာ သူတို့အတွက် သိပ်ပြီးမထူးခြားသလိုပဲ။ ဘာကြောင့်လဲဆိုတာကို စဉ်းစားနေမိတယ်။ နက်ဖြန်ကျမှ ဈေးထဲက ရေပြွတ်ဆိုင်၊ ရေခွက်ဆိုင်၊ သင်္ကြန်ပန်းကုံးဆိုင်တွေသွားပြီး စပ်စုကြည့်ရဦးမယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၃ နာရီ ၅၀ မိနစ်တွင်ပြီး၏။
Last Updated: 2010 March 31, Wednesday, 8:07 pm

2 comments:

  1. Anonymous7:39 PM

    အမှတ်စဉ်(၃) ရေးထားတာကိုတော့ သေသေချာချာ စဉ်းစားပြီးမှ ရေးပါလားဗျာ။ ခင်ဗျားပြောတဲ့ ဖြုတ်ဦးနှောက်လောက်နဲ့တော့ မရေးစေချင်ဘူး။ ခင်ဗျား ပတ်ဝန်းကျင်က လူတွေကို မေးကြည့်မှတော့ ခင်ဗျာလိုပဲ တွေးမှာပေါ့ဗျာ။

    ReplyDelete
  2. ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော့်အမြင်ကို ရေးထားခြင်းဖြစ်ပါတယ်။ စကားလုံးအသုံးအနှုန်း လွဲသွားတဲ့အတွက် နည်းနည်းတော့ အဓိပ္ပါယ်ပြောင်းသွားတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း ဖြုတ်ဦးနှောက်ဆိုတဲ့ စကားလုံးကို ပြင်လိုက်ပါတယ်ခင်ဗျ။ လူတိုင်းမှာ ကိုယ်စီအမြင်ရှိကြတဲ့အတွက် ခင်ဗျားနဲ့ကျွန်တော် အမြင်မတူတာ၊ အတွေးမတူတာ ရှိနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဖတ်ရှုဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်သလို လေးစားပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က အဲဒါပါတီကို ၀င်ပြိုင်စေချင်တာပါ။ အခုဟာက နည်းနည်းလူလည်လုပ်သလို မြင်နေလို့ပါ။ သူတို့ပါတီအပေါ် လူထုရဲ့ ထောက်ခံမှုကို ယုံကြည်ရင် ဘယ်သူပဲဦးဆောင်ဦးဆောင် လုပ်ရဲရမယ်လို့ ထင်လို့ပါ။ အခုဟာက သူတို့လည်း ၀င်မပြိုင်ဘူး ၀င်ပြိုင်မယ့် ကျန်တဲ့လူတွေကိုလည်း အသိအမှတ်မပြူဘူးဆိုတာကတော့ နည်းနည်းများ လွန်လွန်းသလားလို့ပါ။ အခြားဝင်ပြိုင်မယ့် နိုင်ငံရေးသမားတွေကလည်း သောက်ရူးတွေမှ မဟုတ်တာပဲဗျ။ အဲဒါကို ကျွန်တော်တင်းတာပါ။ တခြားအကြောင်း ဘာမှမရှိပါဘူး။ ခင်ဗျားရဲ့ ကွန်းမန့်အတွက်တော့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အမှတ်စဉ်(၃)မှာ အသုံးအနှုန်းလေး နည်းနည်း ပြန်ပြင်ထားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete

 
Web Statistics