ဆယ်ကျော်သက် လူငယ်လေးသည် အိမ့်တောင်ဘက်က ကျောက်တုံးတစ်တုံးကို ကော်ထုတ်နေသည်။
ကျောက်တုံးသည် မြေကြီးထဲ အတော်နစ်နေဟန်တူသည်။
သူသည် တူရွင်းနဲ့ ကော်ထုတ်သော်လည်း မရ။ ကုတ်ခံကော်ထုတ်သော်လည်း မရ။
ထို့ကြောင့် စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေသည်။
သူ့အဖေ ရောက်လာသည်။
"သား၊ ဘာထိုင်လုပ်နေတာလဲ၊ သားကိုကြည့်ရတာ စိတ်ပျက်နေသလိုပဲ"
"ဟုတ်တယ်အဖေ၊ သား အဖေပြောတဲ့ ကျောက်တုံးကို ကော်ထုတ်ဖို့လုပ်နေတာ ဘယ်လိုမှ မရွေ့ဘူး"
"မင်း အစွမ်းကုန် ကြိုးစားတာမှ ဟုတ်ရဲ့လား"
"ကြိုးစားတာပေါ့ အဖေရယ်၊ အဖေကြည့်ပါလား၊ သားကိုယ်မှာ ချွေးတွေ"
သူ့အဖေက ခေါင်းခါတော့ လူငယ်လေးဟာ အံ့သြသွားတယ်။
"အဖေ.. သားပြောတာ မယုံလို့လား"
"မင်း... အစွမ်းကုန် ကြိုးစားတယ်လို့ မဆိုနိုင်သေးဘူး"
"ခင်ဗျာ"
"မင်း... အဖေ့ကို အကူအညီတောင်းပြီးပြီလား"
"ဟင့်အင်း"
"မင်းမနိုင်တဲ့အလုပ်ဆိုရင် တစ်ယောက်ယောက်ကို အကူအညီတောင်းရတယ်ကွ"
ထို့နောက် သားနှင့်အဖေ နှစ်ယောက်သား ကျောက်တုံးကို ခြံထောင့်သို့ အောင်မြင်စွာ ရွှေ့နိုင်ခဲ့သည်။
"သား... မင်းအမြဲမှတ်ထား၊ လူ့ဘောင်လောကကြီး တိုးတက်တယ်ဆိုတာ လူတွေဟာ တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်လို့ မဟုတ်ဘူး"
သား နားထောင်နေသည်။
"မင်း တကယ်တမ်း အောင်မြင်ချင်တယ်ဆိုရင် တစ်ဖက်သားကို အကူအညီတောင်းသင့်ရင် တောင်းရမှာဖြစ်တယ်"
အထက်ပါ အကြောင်းအရာလေးကို ကျွန်တော် ဖတ်မိသည့်အခါ "မိတ္တဗလ" အကြောင်းကို ပြောသည်ဟုသာ ယူဆမိသည်။
မိတ်ဆွေအပေါင်းအသင်းများသည် အောင်မြင်ရာအောင်မြင်ကြောင်း မဟုတ်ပါလော။
သို့သော် လူမှုအသိုင်းအ၀ိုင်းတွင် မိတ်ဆွေဖြစ်ရန်မလိုဘဲ မည်သူ့ကိုမဆို လိုအပ်တဲ့အကူအညီကို တတ်နိုင်သူတွေဆီက အကူအညီတောင်းနိုင်ကြောင်းကို ကိတ်ဖာရာဇီ (Keith Ferrazzi) က တင်ပြထားသည်။
သူ၏ ဆောင်းပါးကို ထုတ်နုတ်တင်ပြပါမည်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်သည် နယူးယောက်ကို ရောက်ခဲ့ပါသည်။ အောင်မြင်မှုအတွက် လျှို့ဝှက်ချက်နဲ့ ပတ်သက်သော အကြောင်းအရာများကို ဘဏ်နှစ်ခုမှာ သွားရောက်ဆွေးနွေး ပို့ချခဲ့ပါသည်။
ထို့နောက် လေဆိပ်သို့ အပြန်လမ်းခရီးမှာ တက္ကစီဒရိုင်ဘာနှင့် စကားပြောဖြစ်ခဲ့သည်။
"ကျွန်တော့်နာမည်က တိုနီပါ။ အိန္ဒိယက လာခဲ့တာဖြစ်တယ်" ဟု သူက ပြောပြပါသည်။
သူသည် အဏ္ဏ၀ါဇီဝဗေဒပညာရှင်ဖြစ်သော်လည်း သူ၏ ပညာနှင့်ပတ်သက်သော အလုပ်ကောင်းကောင်းကို မရနိုင်သဖြင့် ခုလို တက္ကစီမောင်းနေရကြောင်း ရှင်းပြသည်။
"ဒီတက္ကစီက ကိုယ်ပိုင်လား"
"ဟင့်အင်း၊ အငှားပါ"
"ကိုယ်ပိုင်ဝယ်ဖို့ မကြိုးစားဘူးလား"
"ကျွန်တော် တက္ကစီမောင်းတာ ကြာပါပြီ၊ လုံလောက်ရုံပဲ ရပါတယ်။ ဒီလောက်အဝေးကြီးမှာ မိသားစုတွေ မိတ်ဆွေတွေနဲ့ခွဲခွာပြီး အလုပ်လာလုပ်တာပါ။ ပြီးတော့ တက္ကစီအငှား မောင်းနေရတာ မနိပ်ပါဘူး" ဟု သူက ပြောပါသည်။
သူသည် ဒီထက်မကရသင့်ကြောင်း ပြောပြပါသည်။
ကျွန်တော်တို့ စကားပြောကြသည့်အခါ တိုနီ ဘာလိုနေတာလဲဆိုတာကို ကျွန်တော် သဘောပေါက်ပါသည်။
စင်စစ် ကျွန်တော့်အလုပ်သည် ထိုကဲ့သို့ တစ်ခုတစ်ခုကို လိုအပ်သူများကို နည်းပေးလမ်းပြ (counselling) လုပ်ရသော အလုပ်ဖြစ်သည်။ တိုနီကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။
တိုနီသည်လည်း ကျွန်တော်တို့ အများစုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသူများ ဖြစ်သည်။
သူတို့က ကိုယ့်အားကိုယ်ကိုးဆိုသည်မှာ ဘယ်သူ့ထံမှ အကူအညီမတောင်းခြင်းဟူ၍ နားလည်ထားသည်။ သို့သော် ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက် မိတ်ဆွေအပေါင်းအသင်းများနှင့် တတ်ကျွမ်းသူများထံမှ အကြံဉာဏ်များကို တောင်းခံရပါသည်။
တိုနီသည် သူ့တက္ကစီကို လိုက်ပါစီးနင်းသူများနှင့် စကားစမြည် ပြောကြားတာကို နှစ်သက်ပါသည်။ သို့သော် ထိုသူများကို ဒုက္ခမပေးလိုပါ။ သူ့ဒုက္ခကို ချမပြလိုကြောင်း ဆိုပါသည်။
"ဒါဟာ ဒုက္ခပေးတာမှ မဟုတ်တာပဲ၊ ခင်ဗျားဘာလို့ မကြိးစားကြည့်တာလဲ" ဟု အကြံပေးခဲ့ပါသည်။
တိုနီသည် ထိုအကြံကို လိုက်နာခဲ့ပါသည်။ သူ၏ တက္ကစီဖြင့် လေယာဉ်ကွင်းအသွားအပြန် စကားပြောခဲ့သော ဖောက်သည်များက သူ့ကို အခြားသော ဖောက်သည်များထံ လမ်းညွှန်ပေးပါသည်။ အဲဒီနောက် သူ၏ တက္ကစီစီးသူ ဖောက်သည်များ၏ စာရင်းရှည်ကြီးတစ်ခုကို တိုနီ ပိုင်ဆိုင်ခဲ့သည်။
မကြာမီပင် တိုနီသည် ကိုယ်ပိုင်တက္ကစီတစ်စီး ၀ယ်ယူလာနိုင်လေတော့သည်။
နောက်တော့ ဒုတိယ...။ နောက်တော့ တတိယ။
ကျွန်တော်တို့ အားလုံးတွင် ကြီးကျယ်သော အရည်အသွေးမျိုးစေ့များကို ပိုင်ဆိုင်ကြပါသည်။
ဘ၀ဆိုသည်မှာ ထိုမျိုးစေ့လေးကို ရှာဖွေပြီး ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ ထိုမျိုးစေ့ကို အပင်စိုက်ကာ ဖြစ်လာသော အပင်ကို ရေလောင်းပေါင်းသင် ပြုစုပေးရပါသည်။ ထိုအပင် အပြည့်အ၀ ကြီးထွားခြင်းမှ ရရှိသော အသီးအပွင့်များသည် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူသားအားလုံးအတွက် အကျိုးပြုမည်ဖြစ်သည်။
သို့သော် အစပြုဖို့အတွက်တော့ အကူအညီတစ်ခုခု လိုပါသည်။
ကျွန်တော်က ဒီအချက်ကို လုံးဝထောက်ခံပါသည်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်၏ဘ၀ တိုးတက်ကြီးပွားလာသည်မှာ အကူအညီတစ်စုံတစ်ခုကြောင့်သာ ဖြစ်သည်။ ကျွန်တော့်အကြောင်း ကျွန်တော် ပြောပြပါမည်။
ကျွန်တော့်ဖခင်သည် သံမဏိစက်ရုံက လုပ်သားတစ်ဦးဖြစ်ပြီး မိခင်မှာ သန့်ရှင်းရေးအလုပ်သမသာ ဖြစ်သည်။ ကျွန်တော့်အဖေသည် အိမ်ပြန်ရောက်သည့်အခါ မည်းတူးညစ်ပေနေသော သူ၏ လက်များကို အကြာကြီး ဆေးကြောရပါသည်။ သူက "ကိတ်ရေ... မင်းကို ငါ့လိုမျိုး မဖြစ်စေရဘူး။ မင်း.. ပညာတတ်ကြီးတစ်ယောက် ဖြစ်လာရမယ်" ဟု ပြောလေ့ရှိသည်။
ကျွန်တော့်အဖေသည် ကုမ္ပဏီ၏စီအီးအိုကို လုံးဝမသိချေ။
သို့သော် သူသည် စီအီးအိုထံသွားပြီး အကူအညီတောင်းခံရန် ကြောက်ရွံ့ခြင်း နောက်တွန့်ခြင်း မရှိခဲ့ပေ။
အဖေသည် စီအီးအိုထံတွင် မိမိကိုယ်ကိုယ် မိတ်ဆက်ပြီး အကြံဉာဏ် တောင်းခံခြင်းဖြစ်သည်။
စီအီးအိုသည် အဖေ့၏ကြိုးပမ်းချက်ကို သဘောကျသည်။ ထို့ကြောင့် စီအီးအိုသည် သူ၏သြဇာကို အသုံးပြုကာ အဲဒီအရပ်တွင်ရှိသော အကောင်းဆုံးကျောင်းတွင် ကျွန်တော်ကျောင်းနေခွင့်ရရေးနှင့် ပညာသင်ဆုရရှိရေးတို့အတွက် ကူညီခဲ့သည်။
ကျွန်တော်သည် ယေးလ်တက္ကသိုလ်နှင့် နောက် ဟားဗတ်စီးပွားရေးတက္ကသိုလ်ကို တက်နိုင်ခဲ့သည်။
များမကြာမီမှာ ကျွန်တော်သည် Fortune 500 မဂ္ဂဇင်းတွင် ဖော်ပြခံရသော အငယ်ဆုံးသော အမှုဆောင်အရာရှိ ဖြစ်ခဲ့သည်။
ကျွန်တော် ငယ်ငယ်လေးကတည်းက သိထားခဲ့သည်မှာ "အောင်မြင်မှုသည် ဆက်ဆံရေးပေါ်တွင် မူတည်လျက်ရှိသည်" ဟူသော အချက်ပင်ဖြစ်သည်။
တိုးတက်ကြီးပွားသွားသောသူများကို လေ့လာကြည့်ပါ။
သူတို့သည် ပတ်ဝန်းကျင်မှအကူအညီ အများဆုံးရသောသူများသာ ဖြစ်လေ့ရှိသည်။
ဘ၀အတွက် ဆရာကောင်းများလိုသည်။ မိတ်ဆွေကောင်းများလိုသည်။ ဒီလိုအကူအညီကိုရဖို့ ငွေကြေးအကုန်အကျခံရန် မလိုအပ်ပါ။
သင်ထင်ထားတာထက် လွယ်ကူပါသည်။
အောင်မြင်မှုကို ဆောလျင်စွာ ရောက်လိုလျှင် အောက်ပါအတိုင်း ပြင်ဆင်ဖို့တော့ လိုသည်။
၁။ ပန်းတိုင်
တကယ်တမ်း သင်ဘာကိုလိုသလဲ။ ဒါကို သိရပေမည်။ ပန်းတိုင်ကို တိတိပပ ချမှတ်နိုင်ရမည်။
၂။ လမ်းပေါ်ရောက်ပါစေ
အများစုသည် မိမိအလေ့အကျင့်ကို မပြုပြင်တတ်ကြပါ။ အချို့သော အလေ့အကျင့်သည် မိမိကို အောက်သို့ ဆွဲချနေပါသလား။ ဆန်းစစ်ဖို့လိုသည်။ မိတ်ဆွေများနှင့် တိုင်ပင်ပါ။ ဘယ်လောက်ပင် တော်ပါစေ၊ မှန်ကန်သည့်လမ်းပေါ် မရောက်ပါက ခရီးမရောက်နိုင်ပေ။
၃။ မျှဝေပါ
မျှဝေခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။ အခြားသူကို ကူညီပါ။ သင်သည်လည်း ကူညီတတ်သူများနှင့်တွေ့ကာ အကူအညီများ ရပေမည်။
၎။ စီမံချက်များချပါ
ပေါ့ပေါ့နေ ပေါ့ပေါ့စား မဖြစ်စေနဲ့။
ဘာတွေလုပ်ခဲ့ပါသလဲ။ ဘာတွေ နောက်ထပ်လုပ်မှာလဲဆိုတာ မှတ်တမ်းတင်ပါ။
အောင်မြင်မှုကို ရရှိဖို့အတွက် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ "ငါ ဟိုလို မလုပ်မိလို့" ဆိုသည့် နောင်တရကာ နောက်ပြန်မဆုတ်ပါနှင့်။
တည့်တည့်ကြည့်ပါ။ ရှေ့သို့သွားပါ။
အားနာစိတ်၊ ရှက်စိတ်နဲ့ မာနတွေ မထားပါနဲ့။ အကူအညီလိုရင် တောင်းပါ။
အတွဲ (၃) အမှတ် (၁၁)
November, 2008
စာမျက်နှာ - ၅၁ မှ ၅၇
No comments:
Post a Comment