Tuesday, March 30, 2010

တောင်းပန်စရာလိုရင် တောင်းပန်လိုက်ပါတယ်


စောစောကအထိ ဘလောင်ဆူနေတဲ့စိတ်ဟာ အခုဒီစာကို ရေးနေတဲ့အချိန်မှာ အတော်လေး ငြိမ်သက်သွားပါပြီ။ မကောင်းမှန်းသိပေမယ့် ဘယ်လိုမှကို ထိန်းမရအောင် စိတ်တိုနေခဲ့မိပါတယ်။ လိပ်ပတ်လည်အောင်ပြောပြရရင် လက်ဘက်ရည်ဆိုင်ကအပြန် အင်တာနက်သုံးဖို့အတွက်အလာ လမ်းမှာတင် မိုးမိလိုက်လို့ပါ။ ဒီလောက်ပူနေတဲ့ နွေရာသီကြီးမှာ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းပြီး ဘာမဆိုင်ညာမဆိုင်နဲ့ ရွာချလိုက်တဲ့မိုးက ရေအတော်လေးပါတဲ့အထိပါပဲ။ သူ့ဘာသာသူ မိုးရွာတာ ဘာဖြစ်နေရပြန်တာတုန်းဆိုရင်တော့ မိုးရွာတာက သဘာဝမို့ ဘာမှမဖြစ်ပါဘူး။ ဖြစ်သွားတာက ကျွန်တော်သယ်လာတဲ့ စာအုပ်တွေအားလုံး မိုးရေစိုကုန်တာပါပဲ။ တချို့စာအုပ်တွေ၊ ဂျာနယ်တွေဆိုရင် ရေတွေနဲ့ နူးအိသွားတဲ့အထိပါပဲ။ လမ်းလယ်ကြီးမှာ ဘယ်မှလည်း မိုးခိုလို့မရ၊ မှောင်ကလည်းမှောင်နေပြီ၊ ဘာဆောင်းစရာ၊ ကာစရာမှလည်း မပါလာတော့ စီးလာတဲ့ဆိုင်ကယ်နဲ့ အပြင်းနှင်ပြီး နေတဲ့နေရာကို တစ်ခေါက်ပြန်ရတာပါပဲ။ တစ်ကိုယ်လုံးကလည်း စိုရွှဲပြီး ကြွက်စုတ်ဖြစ်သွားတယ်။ လူစိုသွားတာ၊ အ၀တ်တွေရွှဲသွားတာကို ဘယ်လိုမှ မခံစားရဘူး။ စာအုပ်တွေအကုန်လုံး မိုးရေစိုသွားတာကို ဘယ်လိုမှကို စိတ်မထိန်းနိုင်ဘူး။ ဘယ်သူ့ကို စိတ်တိုရမှန်းလည်း မသိဘူး။ စာအုပ်စာတမ်းတွေကို ရေစိုဖို့မပြောနဲ့ စာရွက်ထောင့်ချိုးတွေ ခေါက်နေရင်တောင် မကြိုက်တဲ့ကျွန်တော့်အတွက် မိုးရေစိုစိုရွှဲသွားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေအတွက် စိတ်ပျက်လက်ပျက်ပဲ ထိုင်ကြည့်နေရုံပဲ တတ်နိုင်တယ်။ စိတ်ထဲမှာ ဘယ်လိုမှကို ကြည်ကြည်လင်လင် မရှိတော့ဘူး။ ဒီကြားထဲ မိုးသံလေးကြားတော့ ထုံးစံအတိုင်း ကိုရွှေမီးက ပျက်သွားလိုက်သေးတယ်။ မြန်မာပြည်မှာ အကောင်းဆုံးစနစ်ဟာ အဲဒါပဲ ဖြစ်မယ်ထင်တယ်။ လျှပ်စီးတစ်ချက်မြင်လိုက်တာနဲ့ မီးက... ဖျတ်ခနဲဆို ပျက်သွားရော။ ဘာပရိုဂရမ်တွေနဲ့ ရေးထားသလဲမသိဘူး။ တော်လိုက်တဲ့ လျှပ်စစ်ရုံးကပညာရှင်တွေ။

အ၀တ်အစားလဲပြီး မိုးတိတ်အောင် နာရီဝက်လောက် အမှောင်ထဲမှာ စောင့်လိုက်ရတယ်။ မိုးတိတ်ပြီဆိုမှ အင်တာနက်သုံးဖို့ ထွက်လာခဲ့လိုက်တယ်။ အင်တာနက်သုံးတဲ့နေရာရောက်တော့ စိတ်တိုတာ အရှိန်မပြေသေးလို့ ဂျာနယ်တစ်အုပ် ကောက်ဖတ်နေလိုက်တယ်။ နည်းနည်းလေး စိတ်ငြိမ်သွားပြီထင်မှ ဘလော့ဂ်အတွက် ပို့စ်တွေ တင်ပေးဖြစ်တယ်။ ဘာသာပြန်လေးတွေ တင်ပေးချင်တာနဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို သုံးချင်တဲ့အတွက် ဂျီတော့ခ်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာတင် ကျွန်တော်မှားသွားမှန်း သိလိုက်ရတယ်။ တကယ်ဆိုရင် အခုလိုမျိုး စိတ်မကြည်မလင် ဖြစ်နေတဲ့အချိန်မှာ ဂျီတော့ခ်ကို မဖွင့်သင့်မှန်း ကျွန်တော်စဉ်းစားမိဖို့ကောင်းတယ်။ အခုတော့ ဖွင့်ပြီးကာမှ ဘာမှမတတ်နိုင်တော့ဘူး။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက လာနှုတ်ဆက်ကြတာကို လူမှုရေးအရ ကောင်းကောင်းမွန်မွန် ပြန်ပြောလိုက်ပါတယ်။ နှစ်ခွန်းသုံးခွန်း နှုတ်ဆက်ပြီးရင် လုပ်စရာရှိသေးလို့ အားနာကြောင်းပြောပြီး ခွင့်တောင်းလိုက်ပါတယ်။ အများစုက နားလည်ကြပါတယ်။ ရပါတယ် လုပ်ပါပေါ့။ အချို့အချို့ကတော့ဗျာ... အတော်စိတ်ညစ်ဖို့ကောင်းတယ်။ မပြောချင်ဘူးလားတို့၊ ကြီးကျယ်လိုက်တာတို့၊ ရပါတယ်တို့၊ ဘာတို့ညာတို့ စသဖြင့် စုံလို့ပေါ့ဗျာ။ သိပ်တော့ ဂရုမစိုက်ပါဘူး။ သူတို့ဘာရေးရေး မသိချင်ယောင် ဆောင်နေလိုက်တယ်။ ဒါပေမယ့် သူတို့တစ်ခါရေးတိုင်း တတုန်တုန်နဲ့ ပေါ်လာလိုက်၊ အောက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်လိုက်နဲ့ဆိုတော့ စဉ်းစားလို့၊ အာရုံစိုက်လို့ ဘယ်လိုမှကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်စတေးတပ်ကိုလည်း အနီရောင်ကြီး ပြထားပါတယ်ဗျာ။ အလကားနေရင် အဲဒီအရောင်ကို အနီမပြထားတတ်ပါဘူး။ ကျွန်တော်ပြန်ပြောဖို့ အဆင်ပြေရင်၊ အလုပ်မရှုပ်ဘူးဆိုရင် အစိမ်းရောင်ပဲ ထားတတ်ပါတယ်။ အမြဲတမ်း အနီရောင်ပြထားတတ်တဲ့ လူစားမျိုးလည်း မဟုတ်ရပါဘူး။

တစ်ယောက်ကဆိုရင် ဘယ်လောက်အထိ ဆိုးသလဲဆိုရင် voice call ခေါ်တဲ့အထိပဲ။ ကျွန်တော်ဘယ်လောက် စိတ်ညစ်ရမလဲ စဉ်းစားသာကြည့်ပေတော့။ အများစုက ကျွန်တော့်ရဲ့ မြန်မာ့သွေးဂရု(ပ)ကြောင့် ခင်လာတဲ့ မိတ်ဆွေတွေမို့ ကျွန်တော်ပြေပြေလည်လည်ပဲ ပြောတတ်ပါတယ်။ ကျွန်တော်လည်း လူတိုင်းနဲ့ ခင်ခင်မင်မင် ပေါင်းသင်းတတ်ပါတယ်။ ဒါပေမယ့် အလုပ်ရှုပ်နေချိန်မျိုး၊ စိတ်ညစ်နေချိန်မျိုး၊ စိတ်မကြည်တဲ့အချိန်မျိုးမှာတော့ လူသားပဲဖြစ်တဲ့အတွက် စိတ်ဆိုး၊ ဒေါသထွက်တတ်ပါတယ်။ အတတ်နိုင်ဆုံး အွန်လိုင်းမှာ ဘယ်သူ့ကိုမှ နင်ပဲငဆ မပြောမိအောင် ဆင်ခြင်ပါတယ်။ လူချင်းတွေ့ရင်တောင် ဆဲချင်ဆဲမိလိမ့်မယ်။ အွန်လိုင်းမှာတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို စနောက်ရင်းကလွဲရင် ဘယ်တော့မှ မဆဲမိအောင် သတိထားပါတယ်။ အွန်လိုင်းဆိုတာ လူချင်းတွေ့ရတာလဲမဟုတ်၊ သူ့လည်းကိုယ်မသိ၊ ကိုယ့်လည်းသူမသိ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကို သဘောမကျလို့ပါ။ အဲဒီလိုလူတွေဆိုရင်လည်း အင်မတန် မုန်းပါတယ်။ အွန်လိုင်းဟာ ဆိတ်ကွယ်ရာ မဟုတ်ပါဘူး။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်၊ စည်းကမ်းမဲ့ ဗရမ်းဗတာ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ နေရာကြီးလို့ ခံယူထားတဲ့လူတွေကို ကျွန်တော်လုံးဝ အထင်မကြီးပါဘူး။

စကားကို ပြန်ဆက်ရရင်... နောက်ဆုံးတော့ဗျာ.. ကျွန်တော်ပဲ အရှုံးပေးရတာပေါ့။ ပြောရင်းနဲ့ စကားတွေက အမှားတွေပါလာမှာ စိုးတဲ့အတွက် ဂျီတော့ခ်ကို ထွက်လိုက်ပါတယ်။ ကိုယ့်အလုပ်ကိုယ်တောင် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် မလုပ်ရတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလူမျိုးက စိတ်ကြည်လင်နေမလဲဗျာ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ်။ စိတ်မကြည်တဲ့အတွက် လေသံမာနေသလား၊ ဒေါသသံတွေ ပါနေသလားဆိုတာ ကျွန်တော်တကယ်ပဲ သတိမထားမိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်စိတ်မကြည်တဲ့အချိန် ဖြစ်နေတယ်ဆိုတာပါပဲ။ သူငယ်ချင်းက ဖုန်းလည်းခေါ်သေးတယ်၊ ကိုယ်ပြောချင်တာကို မပြောဘဲနဲ့ ကျွန်တော့်ကို ဘာတွေမေးနေမှန်း၊ ဘာတွေပြောနေမှန်းလည်း မသိပါဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို ရစ်နေတယ်လို့ ခံစားလာမိတယ်။ အဲဒါကြောင့်လည်း တောင်းပန်စကားဆိုရင်း ဖုန်းချလိုက်ပါတယ်။ အခုလတ်တလော ကျွန်တော်စိတ်ညစ်ပြီး ငရဲခံနေရတာထက်စာရင် ပြီးတော့မှ ကျွန်တော့်ကွယ်ရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော့်ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ပြောချင်ရာပြော၊ ပေးချင်တဲ့မှတ်ချက်ပေးတာက ပိုကောင်းမယ်ထင်လို့ပါ။ မသိဘူးလေ၊ ပြောမှမပြောတာလို့ ပြီးမှပြောလာမှာကိုလည်း ကြိုသိနေတယ်။ တစ်ခါတလေကျတော့ ဘာမှမပြောချင်တဲ့အထိ ဖြစ်နေတတ်တယ်ဆိုတာ နားလည်ပေးကြပါဗျာ။ စိတ်ညစ်နေပါတယ်ဆိုမှ အဲဒီစိတ်ညစ်နေတာကြီးကို ပြန်ရှင်းပြရမှာလောက် စိတ်ညစ်စရာကောင်းတာ ရှိပါဦးမလား။ စိတ်ညစ်တဲ့အချိန် ညစ်လိုက်၊ ပြီးရင်လည်း စိတ်ညစ်တာ ပျောက်သွားမှာပဲဆိုတာ သိနေတာပါပဲ။

အဲဒီလိုဖြစ်ကတည်းက ချက်ချင်းရေးချင်နေတာပါ။ စိတ်တိုနေတဲ့အချိန်မျိုးမှာ အမှားလုပ်မိတတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အခုလို ဘလော့ဂ်ပို့စ် ၄-၅ ခု ရိုက်တင်ပြီးကာမှ ရေးဖြစ်တာပါ။ အခုရေးနေတဲ့အချိန်မှာ ကျွန်တော်စိတ်တိုနေတာတွေ ကင်းနေပါတယ်။ ဒေါသနဲ့ ရေးတဲ့စာ မဟုတ်ဘူးဆိုတာကို ပြောလိုပါတယ်။ စိတ်ညစ်တဲ့အခံလေးတော့ ရှိနေဦးမယ်ဆိုတာ ၀န်ခံပါတယ်။

ကုတင်ပေါ်မှာ ဖြန့်လှန်းထားခဲ့တဲ့ မိုးရေတွေရွှဲနေတဲ့ စာအုပ်လေးတွေ၊ ဂျာနယ်လေးတွေဟာ ကျွန်တော်ပြန်ရင် ရှုံ့တွနေကြမှာ၊ တွန့်ကြေနေကြမှာ၊ အချို့လည်း မခြောက်သေးဘဲ စိုနေကြဦးမှာကို မြင်ယောင်နေမိလို့ပါ။ ကျွန်တော် အတော်လေးကို စိတ်ညစ်နေပါတယ်။
(တလက်စတည်း မဆီမဆိုင် စိတ်မကြည်တော့ ညကျရင် မန်ယူက အခြေအနေကောင်းပါ့မလားလို့လည်း တွေးပူမိသေးတယ်)

ဘာပဲဖြစ်ဖြစ် စောစောက ဂျီတော့ခ်မှာ ကျွန်တော်နဲ့စကားပြောရင်း စိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့ မိတ်ဆွေသူငယ်ချင်းတွေများ ရှိခဲ့ရင်၊ ကျွန်တော်ပြောခဲ့တဲ့ စကားတွေထဲမှာ နားထောင်ရသူ၊ ဖတ်ရသူအတွက် နစ်နာစရာတွေများ ပါသွားခဲ့ရင်၊ စော်ကားရင့်သီးသလို ဖြစ်ခဲ့ရင်၊ ဖုန်းဆက်ရင်းနဲ့ ကျွန်တော်စကားတွေ မှားသွားခဲ့ရင်၊ အခုဒီစာမှာလည်း ဒေါသသံတွေပါသွားခဲ့ရင် ဒီပို့စ်နဲ့ပဲ တောင်းပန်လိုက်ပါတယ်။ နောက်အကြိမ်တွေများ အခုလိုမျိုး ထပ်ကြုံခဲ့ရင် ကျွန်တော့်ကို နားလည်ပေးကြပါဦး။ အားလုံးကို ပျော်ရွှင်ငြိမ်းချမ်းစေချင်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၄၈ မိနစ်တွင်ပြီး၏။

1 comment:

  1. နှင်းဆီ10:33 PM

    စာရေးနေကျဆိုတော့လည်း စိတ်တိုတာ စိတ်ညစ်တာကိုတောင် စာတစ်ပုဒ်ဖြစ်အောင် ရေးလို့ရတယ်နော်

    အဲလိုရေးတတ်ချင်လိုက်တာ.....

    ReplyDelete

 
Web Statistics