မိုးပေါက်ကလေးတွေက ဖြိုးဖြိုးဖြောက်ဖြောက် ကျလို့နေသည်။ ၀န်းကျင်တစ်ခုလုံးက အုံ့အုံ့မှိုင်းမှိုင်းနှင့် ကြည်ကြည်လင်လင် မရှိလှချေ။ အိပ်တန်းပြန် ငှက်ငယ်တို့က စီစီရီရီ၊ ညီညီညာညာဖြင့် ပျံသန်းသွားကြသည်ကို နီနီကြင်ကြင် နေလုံးကြီးကို နောက်ခံထား၍ ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ ညင်းညင်းသာသာ တိုက်ခတ်လာသော လေပြည်ထဲတွင် မြေသင်းရနံ့ကို ပျံ့ပျံ့သင်းသင်း ရလိုက်မိသည်။ လှလှပပ ဖူးပွင့်နေသော ပန်းပင်တို့မှာ လေအဝေ့တွင် နွဲ့နွဲ့နှောင်းနှောင်းနှင့် ယိမ်းကနေကြသည်။ စိမ်းစိမ်းမြမြ သစ်ရွက်တို့ပေါ်တွင်လည်းကောင်း၊ စိုစိုလွင်လွင် ပန်းပွင့်တို့ပေါ်တွင်လည်းကောင်း ဖွေးဖွေးဥဥ ပုလဲမိုးရေစက်တို့ဖြင့် ထူးထူးခြားခြား လှလို့နေပြန်သေးတော့သည်။ နွမ်းနွမ်းလျလျဖြင့် ကြွေကျနေရှာသော သစ်ရွက်ခြောက်တို့ကတော့ တစ်ချက်တစ်ချက် လေအဝေ့တွင် မှောက်ချည်လှန်ချည်နှင့် ပြေးလွှားနေကြရသော်လည်း မိုးရေစက်တို့ကြောင့် ရှူးရှူးရှဲရှဲ မမြည်နိုင်ရှာကြ။ ဒုန်းဒုန်းဒိုင်းဒိုင်း မြည်လိုက်သော မိုးခြိမ်းသံတို့ကလည်း ခြိမ်းခြောက်နေသလားဟုပင် မှတ်ထင်ရသည်။ သစ်ပင်ထက်မှာ အိပ်တန်းလာတက်သည့် ငှက်အုပ်တို့၏ စိုးစိုးစီစီ အော်မြည်သံတို့ကြောင့်လည်း ၀န်းကျင်တစ်ခုလုံး ဆူဆူညံညံ ဖြစ်လို့နေသည်။ အမှောင်ထုက ညင်ညင်သာသာနှင့် တိုးဝင်လာသည်။ နေလုံးနီနီက အနောက်ဘက်စွန်းတွင် ဖြည်းဖြည်းမှန်မှန်နှင့် အိပ်ရာဝင်ဖို့ ဟန်ပြင်နေချေပြီ။ မကြာတော့သည့် အချိန်အတွင်း လင်းလင်းချင်းချင်း နေ့ခင်းပျောက်၍ မှောင်မှောင်မှိန်မှိန် ညအချိန်သို့ ရောက်ပေတော့မည်။ တစ်နေ့တာလုံး ဆူဆူညံညံ၊ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနှင့် ရုန်းကန်ခဲ့ရသော သတ္တလောကကြီးသည် တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးလူလူဖြင့် အနားယူပေဦးတော့မည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။
ညနေက တင်းနစ်ကစားပြီး ပြန်လာတော့ ရေမချိုးခင်လေး အခန်းကော်ရစ်တာမှာ ခဏနားနေမိပါတယ်။ မိုးတိမ်ရိပ်တွေကြောင့် အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို ငေးကြည့်မိရင်း စိတ်ကူးအတွေးတွေကို ရွက်လွှင့်မိပါတယ်။ အဲဒီ တွေးမိတွေးရာ အတွေးတွေကို ရေးမိရေးရာ ရေးလိုက်တာပါ။
No comments:
Post a Comment