Thursday, April 01, 2010

FM Radio တွေအကြောင်းပြောရင်း ငြိမ်းချမ်းရေးပန်းခင်းထဲမှာ လျှောက်ကြဦးစို့


အက်ဖ်အမ်ရေဒီယို အစီအစဉ်တွေကို နားထောင်တဲ့အခါ မကြာခဏ ကြားရလေ့ရှိတဲ့ သီချင်းနှစ်ပုဒ် ရှိပါတယ်။ အခုအချိန်ထိ ကျွန်တော်သတိထားမိသလောက်ကတော့ အဲဒီသီချင်း(၂)ပုဒ်ကို မလွှင့်တဲ့နေ့ မရှိသေးပါဘူး။ နေ့တိုင်းလိုလို တစ်ချိန်မဟုတ် တစ်ချိန်မှာ လွှင့်တတ်ပါတယ်။
(၁) စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် (ဇော်ဝင်းထွဋ်)
(၂) ငြိမ်းချမ်းရေးပန်းခင်းသို့ (ခိုင်ထူး/လေးလေးဝါး)

အဲဒီသီချင်းတွေကို သဘောမကျလို့ မဟုတ်ပါဘူး။ အလွန်ကောင်းတဲ့ သီချင်းလေးတွေပါ။ ရေးစပ်ထားတဲ့ စာသားတွေကို တေးရေးသူတွေ ဘယ်လိုများ စပ်ခဲ့ပါလိမ့်ဆိုပြီးတော့ကို ချီးကျူးအံ့သြရလောက်တဲ့ သီချင်းတွေပါ။ သံစဉ်အလိုက်လေးတွေကလည်း မှတ်မိလွယ်၊ နားစွဲလွယ်တယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ခဏခဏကြီး လွှင့်နေတော့ တစ်မျိုးကြီးများ ဖြစ်နေသလားလို့ပါ။ ဗီဒီယိုခွေတွေ၊ ဗီစီဒီခွေတွေမှာ အရှင်ရုက္ခစိုးနတ်မင်းကြီး ကျွန်တော့်သားလေးကို ဗွေမယူပါနဲ့ ဆိုတဲ့အသံကြားရင်၊ ရေထွက်ပင်ရင်းနဲ့ အိမ်သာ အနည်းဆုံး ပေဘယ်လောက်ကွာပါစေ စတဲ့ ပညာပေး ဇာတ်လမ်းတိုလေးတွေလာရင် အလိုလိုနေရင်း လက်က remote ကို လှမ်းမိကြမယ်လို့ ထင်ပါတယ်။ အခုလည်းပဲ ကျွန်တော့်မှာ အဲဒီလိုဖြစ်နေပြီ။ အက်ဖ်အမ်တွေကို နားထောင်ခါစတုန်းကတော့ အဲဒီသီချင်းတွေလာရင် အရမ်းသဘောကျတယ်။ လိုက်ဆိုလိုက်ညည်းမိတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်းကြီး ကြားနေရတော့ ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး။ အခုဆိုရင် အဲဒီသီချင်းတွေလာတာနဲ့ အခြားအက်ဖ်အမ်လိုင်းတစ်ခုကို ပြောင်းတတ်တာက လက်အကျင့်ပါသွားပြီ။ ဝေဖန်တာမဟုတ်ပါဘူး။ အက်ဖ်အမ်တွေက သက်ဆိုင်တဲ့လူတွေထဲကများ တစ်ယောက်တစ်လေဖတ်မိရင် နည်းနည်းလေး ပြန်စဉ်းစားစေချင်လို့ပါ။

ပြောချင်တာက "ငြိမ်းချမ်းရေးပန်းခင်းသို့" ဆိုတဲ့သီချင်းထဲက စာသားလေးအချို့ကို သဘောကျလွန်းလို့ လိုက်ကူးထားလိုက်မိပါတယ်။ ငယ်ငယ်လေးကတည်းက နားထောင်ဖူးတဲ့ သီချင်းဖြစ်ပေမယ့် အခုလိုမျိုး သီချင်းစာသားလေးတွေကို တကူးတက မစဉ်းစား၊ မခံစားမိဖူးဘူး။ အခြေအနေ အချိန်အခါအရ အခုလိုအချိန်မျိုးမှာ အဲဒီသီချင်းထဲက စာသားတစ်ချို့ကို နက်နက်နဲနဲကို စဉ်းစားနေမိတယ်။

စေတနာတရားရဲ့ အဓိပ္ပါယ်
ရင်းနှီးတဲ့အခါ သိလိမ့်မယ်။

ရန်ပြိုခြင်းရဲ့ အဓိပ္ပါယ်
ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်။

မောင်နှမသားအမိ အဓိပ္ပါယ်
သွေးစည်းတဲ့အခါ သိလိမ့်မယ်။

ကြင်နာခြင်းရဲ့ အဓိပ္ပါယ်
ခွင့်လွှတ်တတ်ရင် သိလိမ့်မယ်။

မှောင်မိုက်ကင်းတဲ့ အဓိပ္ပါယ်
အလင်းတန်းတွေ့ရင် သိလိမ့်မယ်။

ဟန်ဆောင်ကင်းတဲ့ အဓိပ္ပါယ်
အပြုံးပန်းသက်သေ သိလိမ့်မယ်။

စာဖတ်သူမိတ်ဆွေ.... ဒီအတိုင်းအပျင်းပြေ ဖတ်ချင်လည်းဖတ်ပါ၊ တွေးချင်လည်းတွေးပါ။ သိပ်လှပြီး အတွေးပါတဲ့ စာသားလေးတွေလို့ ကျွန်တော်က ယူဆတဲ့အပြင် အဓိပ္ပါယ်များစွာနဲ့ ပြည့်နေတယ်လို့ မြင်မိပါတယ်။ မကြာတော့တဲ့ အချိန်ကာလမှာ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးပန်းခင်းကြီးထဲမှာ အတူတကွ လက်တွဲလျှောက်လှမ်း နိုင်ကြတော့မယ်လို့ ယုံကြည်မျှော်လင့်နေမိပါရဲ့ဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၄၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics