Monday, March 29, 2010

Country Codes of the World Map


အတော်လေးကြာပြီဖြစ်တဲ့ အချိန်ကာလတစ်ခုက ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာတစ်ခုပါ။ အဲဒီအချိန် ဖတ်လိုက်ရကတည်းက ရှာပြီးတင်ပေးဖို့ ရည်ရွယ်ထားတဲ့မြေပုံပါ။ ဒါပေမယ့် ဖတ်မိတဲ့ဂျာနယ်ကလည်း ဘာမှန်းသေချာ မမှတ်မိတော့ဘူး။ ပြန်ရှာဖို့လည်း အချိန်မပေးနိုင်တဲ့အတွက် ဒီနေ့မနက် သတိရတုန်းလေးမှာ ဂူဂဲလ်ကိုပဲ အားကိုးလိုက်ရပါတယ်။ လိုချင်တာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တွေ့လိုက်ရတဲ့အတွက် အတော်ကြီးကို ၀မ်းသာသွားမိပါတယ်။ ဘလော့ဂ်ဖတ်သူတွေကို ပြန်တင်ပေးချင်တဲ့စိတ်နဲ့အတူ ကျွန်တော်ကိုယ်တိုင်လည်း လိုချင်၊ သိမ်းထားချင်နေတဲ့မြေပုံမို့ပါ။

အင်တာနက်စာမျက်နှာလိပ်စာ (URL)တွေနဲ့ အီးမေးလ်လိပ်စာ (e-mail address) တွေရဲ့ နောက်ဆုံးမှာရှိတဲ့ စာလုံးလေးတွေကို TLD (top-level domain) လို့ခေါ်ပါတယ်။ လူသုံးအများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး TLD ကတော့ အားလုံးသိပြီးတဲ့အတိုင်း [.com] ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သုံးနေကြတဲ့ TLD ပေါင်းက (၂၆၀) ကျော်တောင် ရှိပါသတဲ့။ အများစုကတော့ နိုင်ငံအလိုက်အမှတ်အသားကုဒ်များ ccTLDs (country code top-level domains) ဖြစ်ကြပါသတဲ့။ အခု အောက်မှာဖော်ပြမယ့် နိုင်ငံအမှတ်အသားကုဒ်မြေပုံ Country Codes of the World Map မှာ နိုင်ငံအမှတ်အသားကုဒ် (၂၄၅) ခု ပါရှိပါတယ်။ စာလုံးနှစ်လုံးစီပါတဲ့ ကုဒ်တွေကို သက်ဆိုင်ရာကိုယ်စားပြု နိုင်ငံအသီးသီးအပေါ်မှာ ဖော်ပြပေးထားတာတွေ့ရပါတယ်။ အရောင်အသီးသီးကတော့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှ-ပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက် စသည်ဖြင့် သက်ဆိုင်ရာ ဒေသအသီးသီးအလိုက် ခွဲခြားပြသပေးထားတာ ဖြစ်ပါတယ်။

cctldmapmyanmarthwaycoc.jpg
(ပုံအကြီး ကြည့်ချင်သူတွေအတွက် Save လုပ်ပြီးမှ ချဲ့ကြည့်ကြစေချင်ပါတယ်။ စာမျက်နှာအနေအထားအရ ချုံ့ထားလို့ပါ)

အထက်မြေပုံမှာဖော်ပြထားတဲ့ ccTLD တစ်ခုချင်းစီရဲ့ အရွယ်အစားတွေဟာ သက်ဆိုင်ရာကိုယ်စားပြုနိုင်ငံတွေရဲ့ အကျယ်အ၀န်းနဲ့ လူဦးရေအပေါ်မှာ မူတည်ပြီး ပြထားတာဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယကတော့ ခြွင်းချက်ဖြစ်ပါတယ်။ လူဦးရေနဲ့ အကျယ်အ၀န်းပေါ်မူတည်ပြီးသာ အမှန်အတိုင်းရေးပြရမယ်ဆိုရင် အဲဒီနိုင်ငံကုဒ်နှစ်ခုဟာ အဆမတန်ကြီးနေမှာဖြစ်တဲ့အတွက် မြေပုံမှာအဆင်ပြေအောင် ၃၀% အထိချုံ့ပြီး ရေးပေးထားတာလို့ ဆိုပါတယ်။ လူဦးရေ (၁၀)သန်းအောက်မှာရှိတဲ့ နိုင်ငံတွေအားလုံးကိုတော့ အသေးငယ်ဆုံးအရွယ်အစား တစ်မျိုးတည်းနဲ့သာ ဖော်ပြပေးထားပါတယ်။

ဒီမြေပုံကို ကျွန်တော်ကြိုက်နှစ်သက်ရခြင်းရဲ့ အချက်တစ်ခုကတော့ စာသင်ခန်းတွေမှာ ကျွန်တော်တို့မြင်နေကျ မြေပုံတွေလိုမျိုး နိုင်ငံနယ်နိမိတ်မျဉ်းတွေ မပါတာပါပဲ။ အင်တာနက်ပေါ်မှာတော့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာပဲဖြစ်ပါတယ်။ အကန့်အသတ်တွေ၊ ဘောင်တွေ၊ မျဉ်းတွေမရှိတဲ့ သဘောဆောင်တဲ့အနေနဲ့ ဘာနယ်နိမိတ်မျဉ်းတွေမှမပါဘဲ အခုလိုမျိုး နိုင်ငံကုဒ်သီးသန့်တွေနဲ့သာ ရေးဆွဲထားတယ်လို့ မြင်မိတဲ့အတွက်လည်း သဘောကျမိခြင်း သဘောကျမိခြင်းဖြစ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics