အသက် (၃၀) နှစ် ပြည့်သွားပြီ။ တွေးမိတာလေးတွေက ဒီလိုပါ။
(၁)
လွန်ခဲ့တဲ့ အနှစ် (၃၀)၊ ဒီလိုအချိန်တုန်းက ကျွန်တော့်အမေဟာ အသက်နဲ့ရင်းပြီး ကျွန်တော့်ကို မွေးခဲ့ပါလားဆိုတာကို အရင်ဆုံး နှလုံးသွင်းမိပါတယ်။ကြားဖူးနားဝ ကျန်းမာရေးသုတနဲ့ပြောရရင်တော့ သားဦးဆိုတော့ မွေးရခက်မှာပေါ့။ အဖေလည်း အမေ့အတွက် စိုးရိမ်ပူပန်စိတ်၊ သူ့ရင်သွေးတစ်ယောက် လူ့လောကထဲကို ရောက်လာတော့မယ်ဆိုတဲ့စိတ်နဲ့ ရင်တွေခုန်နေခဲ့မယ် ထင်တာပါပဲ။ အခုခေတ်လိုမျိုး အဲဒီတုန်းက ဘာလေးမွေးမယ်ဆိုတာ ကြိုမသိတဲ့အတွက် သားလား၊ သမီးလား မသိဘဲနဲ့ သူတို့တွေ ရင်ခုန်ခဲ့ကြ၊ ရူးသွပ်ခဲ့ကြမှာပါ။ နောက်ပိုင်းမှ သူနာပြုဆရာမတွေက အမေ့ကို ပြန်ပြောပြတာကတော့ ယောက်ျားလေးမွေးတယ်လဲဆိုရော အဖေက ထခုန်ပါတယ်တဲ့။ "ငါ့သား" ဆိုပြီး ကြုံးဝါးပါသတဲ့။ ဘာပဲဖြစ်ဖြစ် အဖေရော၊ အမေရောက သားဦးဖြစ်တဲ့အတွက် ကျွန်တော့်ကို အချစ်ပိုခဲ့ကြမှာ သေချာပါတယ်။
သြော်... ကျွန်တော် လူ့လောကထဲကိုရောက်တာ နှစ်(၃၀)တောင် ပြည့်သွားပြီနော်။
ကျေးဇူးတင်ပါတယ် အဖေ၊ ကျေးဇူးတင်ပါတယ် အမေ။
ဒီနေရာကနေပဲ အဖေနဲ့ အမေကို ကန်တော့လိုက်ပါတယ်။
(စီဘောက်မှာ အကြံပေးထားတဲ့အတိုင်း “သူနာပြုဆရာမ” ဆိုတဲ့ စကားလုံးနဲ့ ပြင်လိုက်ပါပြီ။ အားလုံးပဲ ကျေးဇူးပါ)
(၂)
မွေးနေ့မှာ အဖြစ်ချင်ဆုံးကဘာလဲလို့ သူငယ်ချင်းတစ်ယောက်က မေးတယ်။ကျွန်တော်တစ်ချက်စဉ်းစားလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။
"မွေးနေ့မှာ အမေ့ဘေးမှာနေပြီး အမေပြောပြတဲ့ ကျွန်တော့်အကြောင်းတွေကို နားထောင်ချင်တယ်" လို့။
ပထမတော့ သူငယ်ချင်း အံ့သြသွားတယ်။ နောက်မှ အင်း တော်တော်ကောင်းတဲ့စိတ်ကူးပဲဆိုပြီး ချီးကျူးပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို အဖြစ်ချင်ဆုံးဆန္ဒပါ။ အခုတော့ အမေနဲ့ ကျွန်တော်က တစ်နေရာဆီဖြစ်နေတော့ အခွင့်မသာသေးပါဘူး။
ကိုယ့်အကြောင်းကိုယ် အမေပြောပြတာကို နားထောင်ရတာ ဘာနဲ့မှမတူတဲ့ အရသာပါ။ အမေကလည်း သူ့သားသမီးတွေအကြောင်းများ ပြောပြရမယ်ဆိုရင် မမောနိုင်မပန်းနိုင်ပါ။
(၃)
အမေပြောပြဖူးတာတွေကို ကျွန်တော်မှတ်မိသလောက် ပြန်ပြောရရင် ကျွန်တော် ဘယ်နှလသားမှာ ဘာဖြစ်တာ၊ အပြင်းဖျားပြီး ဘယ်လိုငိုတာ၊ ဘေးအိမ်တွေကစရင် ကျွန်တော်က ဘယ်လိုပြန်လုပ်တတ်တာ စသဖြင့် အမေပြန်ပြောပြတာတွေကို နားထောင်ရတဲ့အခါ ရင်ထဲမှာဘယ်လိုကြီးမှန်း မသိပါဘူး။ အဲဒီပီတိကို ကျွန်တော် မပြောပြတတ်ဘူး။ အမေကလည်းလေ မှတ်မိလိုက်တာ လွန်ပါရော။အမေကတော့ မနေ့ကအကြောင်းကို ပြန်ပြောပြသလို တစ်ကွက်ချင်း၊ တစ်ကန့်ချင်းကို စိတ်ရှည်လက်ရှည် ပြောပြတတ်ပါတယ်။
ငယ်ငယ်က စားချင်တာမစားရရင် ဘယ်လိုဂျစ်ကန်ကန်လုပ်တယ်၊ နည်းနည်းလေး စကားပြောတတ်လာတော့ ဘယ်လိုချွဲတယ် စသည်ဖြင့် စုံနေတာပါပဲ။
ညီအငယ်ကောင်နဲ့က တစ်နှစ်ပဲကွာတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်တာကို ပြောပြတာကလည်း နားထောင်ရင်းနဲ့ ခဏခဏ ရယ်ရပါတယ်။ ကျွန်တော်က အမြဲတမ်း ခံရတဲ့ဘက်ကချည်းပဲတဲ့။ ကျွန်တော့်ညီက လူကောင်သေးပေမယ့် ကျွန်တော့်ထက် သန်တယ်တဲ့။ သူဆွဲသွားရင် ကျွန်တော့်မှာ ဒရွတ်တိုက်ကြီး ပါသွားရောတဲ့။ ဘာမှလည်း ပြန်မလုပ်ဘဲ ငိုပဲနေတာပဲတဲ့။
အမေက တစ်ခုတော့ ချီးကျူးတယ်။ "ငါ့သားက ငယ်ငယ်လေးကတည်းက အငယ်ကို ညှာတယ်" တဲ့။ "သား... ညီလေးကို မလုပ်ရဘူး" ဆိုရင် ဘယ်တော့မှ ပြန်မလုပ်ဘူးတဲ့။ အငယ်ကောင်က ကျွန်တော့်မျက်နှာကို လက်ဝါးနဲ့ရိုက်လည်း ငိုမဲ့မဲ့နဲ့ ဒီအတိုင်းနေလိုက်တာပဲတဲ့၊ ကျွန်တော့်လက်ထဲကမုန့်ကို လုသွားရင်လည်း ဘယ်တော့မှ ပြန်မလုဘဲ ထိုင်အော်ငိုနေရောတဲ့။
အခုမှ... အဲဒီကောင်ကို စိတ်တိုလိုက်တာ။ တော်တော်ကို အနိုင်ကျင့်ခဲ့တဲ့ကောင်ပဲ။ ကျွန်တော်ကလည်း ဘာကိစ္စ ပြန်မလုပ်သလဲ မသိဘူးလို့ အမေ့ကိုမေးတော့ အမေက ပြုံးပဲပြုံးနေတယ်။ "နင်က.. ငယ်ငယ်လေးကတည်းက စိတ်နုတယ်" တဲ့။
ညီလုပ်တဲ့ကောင်ကတော့ သူလုပ်ခဲ့တာတွေကို အမေပြန်ပြောတိုင်း ကျွန်တော့်ကို အောင်နိုင်သူမျက်နှာပေးနဲ့ ပြုံးပြုံးကြီး ကြည့်တတ်တယ်။
သူတောင်းစားလေး... မုန်းစရာကောင်းလိုက်တာ။ :D
(၄)
နေ့လည်က အမေ့ဆီဖုန်းဆက်တော့ အမေက ပြောတယ်။ စတုတ္ထတန်းကျောင်းသူ ကျွန်တော့်တူမလေးက ဒီနေ့ဦးလေးဉာဏ်မွေးနေ့ဆိုတော့ ဘွားဘွားကြီးက ဦးဦးကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲလို့ မေးတယ်တဲ့။ အဲဒီတော့ အမေက "ဟင်... ငါက မွေးပေးပြီးပြီလေ" လို့ ပြန်ဖြေလိုက်သတဲ့။ ဟုတ်ပါရဲ့နော်။ အမေက အသက်နဲ့ရင်းပြီး ကျွန်တော့်ကို မွေးပေးပြီးပြီပဲ။ အဲဒီထက် အဖိုးတန်တဲ့လက်ဆောင် ဘယ်မှာရှိပါ့မလဲ။ အမေ့ကို ဥစ္စာပစ္စည်းတွေနဲ့ မကန်တော့နိုင်၊ မထောက်ပံ့နိုင်သေးပေမယ့် ဒီနေ့အထိ ကျွန်တော့်အတွက် အမေစိတ်မဆင်းရဲရအောင်၊ ကျွန်တော့်အတွက် အမေသိက္ခာတစ်ချက် မကျရအောင်၊ ကျွန်တော့်အတွက် အမေမျက်နှာမပျက်ရအောင် ကျွန်တော်နေပေးနိုင်ခဲ့ပါတယ်။ အမေကလည်း နားလည်ရှာပါတယ်။ "ပစ္စည်းတွေဘာတွေ ဘာမှမလိုပါဘူး ငါ့သားရယ်တဲ့၊ ငါ့သား ကျန်းကျန်းမာမာ ရှိဖို့က အဓိကပါ၊ ငါ့သားအသံကြားတာနဲ့ကို အမေ၀မ်းသာလှပါပြီ၊ ပြည့်စုံလှပါပြီ" တဲ့။ ဟုတ်ကဲ့ပါအမေ... နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမေနဲ့ အဖေလည်း ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်နဲ့ နေကြစေချင်ပါသေးတယ်။ အဖေတို့ အမေတို့ကို ကျွန်တော်တစ်လှည့် လုပ်ကျွေးချင်ပါသေးတယ်။(၅)
တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနေလွင်ဆီကို သူ့အမေရေးပေးလိုက်တဲ့ စာထဲမှာပါတဲ့ စာကြောင်းလေးတစ်ကြောင်းကို ဖောက်သည်ချပါရစေဦး။ သူငယ်ချင်းရဲ့အဘွားက သူ့သမီး (ကျွန်တော့်သူငယ်ချင်းရဲ့ အမေ)ကို ဖုန်းဆက်ရင်း ရန်တွေ့တာလေးကို ထည့်ရေးပေးလိုက်တာပါ။"အသက်နဲ့ရင်းပြီး မွေးပေးလိုက်တဲ့ မအေကိုကျတော့ သတိမရဘူး၊ ကိုယ့်အသက်ပေးပြီး မွေးထားရတဲ့ သားသမီးတွေကိုပဲ သည်းသည်းလှုပ်နေကြတယ်" တဲ့။
သူငယ်ချင်းစာထဲက အဲဒီစာကြောင်းလေးတွေကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော့်မှာ သဘောကျလွန်းလို့ ဒိုင်ယာရီစာအုပ်ထဲမှာ ရေးမှတ်ထားရတဲ့ အထိပါပဲ။ ဟုတ်ပါရဲ့နော်။ အတွေးတွေ တသီးကြီး ဖြစ်စရာပေါ့။
သားသမီးနဲ့ ပတ်သက်လာရင် အမေတွေက သည်းသည်းလှုပ်ဖြစ်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်ကိုအသက်နဲ့ရင်းပြီး မွေးပေးလိုက်တဲ့ အမေကိုတောင် မေ့လျော့ပြီး ကိုယ်မွေးထားတဲ့ သားသမီးတွေအပေါ်မှာပဲ စိတ်ရောက်နေတဲ့အချစ်မျိုးဟာ ဘယ်လောက်တောင်များ ကြီးမားလိုက်ပါသလဲ။ ဘယ်လောက်တောင်များ ကြီးမြတ်လိုက်ပါသလဲ။
လောကကြီးမှာ ရှိရှိသမျှ အမေတွေအားလုံးကို လေးစားပါတယ်ဗျာ။
(၆)
လူ့ဘ၀ခရီးဆိုတာ ဘယ်လောက်ရှည်တယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ အဲဒီအတွက် အခုလိုမျိုး မွေးနေ့အခါသမယတွေ ဘယ်နှခါ၊ ဘယ်နှကြိမ် ထပ်မံဖြတ်သန်းရဦးမလဲဆိုတာကို ကျွန်တော်မသိဘူး။ ဒါပေမယ့် လူဖြစ်နေတဲ့အခိုက်လေးမှာတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော်လုပ်နေရဦးမယ်။ မလုပ်ချင်တာတွေလည်း ပါမှာပါပဲ။ ဘာပဲဖြစ်ဖြစ် လူ့လောကကြီးမှာ နေထိုင်ခဲ့တဲ့ လူသားတစ်ယောက်အနေနဲ့ လူဖြစ်ခဲ့စဉ်မှာ ဆန်ကုန်ပြီး၊ မြေကြီးလေးရုံသာ အဖတ်တင်တဲ့လူတစ်ယောက် မဖြစ်အောင်တော့ ကျွန်တော် ကြိုးစားနေဦးမှာပါ။ ကျွန်တော့်ဝါသနာ၊ ကျွန်တော့်ရည်မှန်းချက်တွေ အတွက်လည်း ကြိုးစားရုန်းကန် တိုက်ပွဲဝင်ရင်းပေါ့။ ကျွန်တော်နဲ့ပတ်သက်လို့ ကောင်းတာပဲဖြစ်စေ၊ ဆိုးတာပဲဖြစ်စေ ပေးခဲ့ကြတဲ့၊ ရခဲ့ကြတဲ့ ပတ်ဝန်းကျင်က လူအသီးသီးကိုလည်း ကျေးဇူးစကားဆိုပါတယ်။လူသားအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့။
(၃၀) နှစ်ပြည့် မွေးနေ့။
နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့။
(၃၀) နှစ်ပြည့် မွေးနေ့။
နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။
Last Updated - (8:50)am, 26 March 2010
No comments:
Post a Comment