Friday, March 26, 2010

အိုင်ဒီအိုလိုဂျီလွန်ခေတ် အစိုင်အခဲရှိ အစစ်အမှန် - မောင်စူးစမ်း


လုံလောက်ပြီလား
ပို့(စ်)မော်ဒန် အနုပညာရှင်တို့၏ လက်ရှိကာလကို အိုင်ဒီအိုလိုဂျီလွန်ခေတ် (Post Ideological Era) ဟု သတ်မှတ်သည်။ ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးနောက် ဆိုရှယ်လစ်စနစ်လည်း ယိုင်လဲသွားသည်။ မြန်မာနိုင်ငံ၌လည်း ဆိုရှယ်လစ်စနစ် အရေးနိမ့်သွားသဖြင့် ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီသည် အရေးနိမ့်သွားသည်။ ဆိုရှယ်လစ်ဝါဒသည် အိုင်ဒီအိုလိုဂျီအနေဖြင့် ကျဆုံးသွားသဖြင့် မြန်မာနိုင်ငံသည် အိုင်ဒီအိုလိုဂျီခေတ်လွန်ထဲ ရောက်နေပြီဟု သေချာစွာ ပြောဆိုနိုင်သည်။

အိုင်ဒီအိုလိုဂျီလွန်ခေတ်ဟု အနက်အဓိပ္ပါယ်ဖော်ရာ၌ လမ်းကြောင်းသုံးသွယ်ဖြင့် ပညာရှင်တို့က ရှင်းပြနေသည်ကို သတိမူမိသည်။ ပထမလမ်းကြောင်းသည် ဧရာမ အိုင်ဒီယာကြီးကြီး (အိုင်ဒီအိုလိုဂျီ) တို့က တန်ခိုးမဲ့နေသည်ကို မျက်မြင်တွေ့ရှိ၍ အိုင်ဒီအိုလိုဂျီလွန်ခေတ်ဟု သတ်မှတ်ခြင်းဖြစ်သည်။ ဒုတိယလမ်းကြောင်းသည် အိုင်ဒီအိုလိုဂျီအသစ်တွေ နောက်ထပ်ပေါ်ပေါက်ရန် အကြောင်းမရှိတော့ပြီဟု ဆင်ခြင်သုံးသပ်မိခြင်း ဖြစ်သည်။ ဤအချက်ကို အနည်းငယ်ချဲ့ထွင်ပြောရလျှင် လူ့လောကအတွက် တွေးခေါ်သင့်သော အိုင်ဒီအိုလိုဂျီမှန်သမျှကို လုံလုံလောက်လောက် ဖန်တီးပေးခဲ့ပြီး၍ လုံလောက်ပြီးဖြစ်သည်။ နောက်ထပ် အိုင်ဒီအိုလိုဂျီအသစ်တွေ ဖော်ထုတ်ရန် မလိုတော့ပေ။ လူ့လောကသည် အိုင်ဒီအိုလိုဂျီတို့ဖြင့် ပြည့်စုံခဲ့ပြီး ဖြစ်သည်။ အိုင်ဒီအိုလိုဂျီကို အကုန်စမ်းသပ် အသုံးပြုပြီးဖြစ်ရာ ဤအဓိပ္ပါယ်ဖြင့် ခေတ်သည် အိုင်ဒီအိုလိုဂျီလွန်ခေတ် ဖြစ်သည်ဟု အကဲဖြတ်သည်လည်း ရှိသည်။

ဆိုင်ဘာစပေ့(စ်)ထဲ
တတိယလမ်းကြောင်းက စိတ်ဝင်စားစရာကောင်းသည်။ အစိုင်အခဲရှိသော အစစ်အမှန်တို့သည် အင်တာနက်ခေတ်၌ ဒစ်ဂျစ်တယ်ပုံသဏ္ဌာန်တို့ဖြင့် ဆိုင်ဘာစပေ့(စ်)ထဲ ပျော်ဝင်သွားသောလမ်းကြောင်း ဖြစ်သည်။ အစိုင်အခဲရှိသော အစစ်အမှန်သည် လေထဲရောက်ကုန်သည်။ သဘောမှာ အစိုင်အခဲရှိသော အစစ်အမှန်တို့ကို ထင်ဟပ်ရသော အိုင်ဒီအိုလိုဂျီနိုင်ငံရေးစနစ် စီးပွားရေးစနစ် စသည်တို့လည်း အစိုင်အခဲရှိသော အစစ်အမှန်တို့ဖြစ်၍ ၎င်းအစစ်အမှန်ကို အိုင်ဒီအိုလိုဂျီတို့က ထင်ဟပ်ရသည်။ ထို့ကြောင့် ယခုထင်ဟပ်ရမည့် အစိုင်အခဲအစစ်အမှန် ဆိုင်ဘာစပေ့(စ်)ထဲ ရောက်ကုန်သဖြင့် အိုင်ဒီအိုလိုဂျီအဖို့ ထင်ဟပ်မှု မဲ့သွားသည်။ ဤသဘောဖြင့် လက်ရှိ အင်တာနက်ခေတ်သည် အိုင်ဒီအိုလိုဂျီလွန်ခေတ်အရ ပညာရှင်တို့က သတ်မှတ်ပြောဆိုထားသည်။

ဘယ်သင်း
မြန်မာနိုင်ငံသည် အိုင်ဒီအိုလိုဂျီ အမျိုးမျိုးကို အသုံးပြုဖူးရာ ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီသည် အထွဋ်အထိပ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် အိုင်ဒီအိုလိုဂျီတို့ဖြင့် မောခဲ့ပြီ။ အိုင်ဒီအိုလိုဂျီဆိုလျှင် မကြည့်ချင်သလောက် ဖြစ်လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အိုင်ဒီအိုလိုဂျီလွန်ခေတ် ရောက်သည်မှာ သူ့ဝိသေသနှင့်သူ ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံတို့မှာလဲ အစိုင်အခဲရှိကာ အစစ်အမှန်တို့ ဆိုင်ဘာစပေ့(စ်)ထဲ ရောက်ကုန်သောကြောင့် မဟုတ်တန်ရာ၊ ဟုတ်သည်ဟုဆိုလျှင်လည်း ဤအကြောင်းသည် အတော်အားနည်းပါလိမ့်မည်။

လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အိုင်ဒီအိုလိုဂျီလွန်ခေတ်တွင် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် အိုင်ဒီအိုလိုဂျီ အရေးပါ အရာရောက်စရာအကြောင်း သိပ်မရှိသောကြောင့် ဖြစ်သည်။ အိုင်ဒီအိုလိုဂျီအစား ပေါ်လစီနှင့် မဟာဗျူဟာတို့က အရေးပါ အရာရောက်ဖွယ်ရှိသည်။ ဤနေရာ၌ တစ်ခုစောဒကတက်နိုင်သည်။ ယင်းမှာ ပေါ်လစီနှင့် မဟာဗျူဟာတို့၌ အိုင်ဒီအိုလိုဂျီ "ကိုင်းညွှတ်ချက်" တွေ မရှိပေဘူးလားဟူ၍ ဖြစ်သည်။ ပေါ်လစီနှင့် မဟာဗျူဟာတို့ကို ရွေးချယ်ချမှတ်ရာတွင် အိုင်ဒီအိုလိုဂျီအပေါ် အခြေမခံဘဲ ပကတိအခြေအနေကို ကောင်းမွန်စွာ သုံးသပ်၍လည်း ရွေးချယ်ချမှတ်နိုင်ကြသည်။ အိုင်ဒီအိုလိုဂျီအခြေခံနှင့် ပကတိအခြေအနေ  အခြေခံတို့ဆိုပြီး ပေါ်မည်။

မည်သို့ပင်ဖြစ်စေ အခြေခံအကြောင်းများကို ထောက်ထား၍လည်း လက်ရှိခေတ်ကာလကို ပို့စ်မော်ဒန် ပညာရှင်တို့က အိုင်ဒီအိုလိုဂျီလွန်ခေတ်ဟု အကဲဖြတ်ကြပါသည်။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် အိုင်ဒီအိုလိုဂျီက အရေးပါမလား၊ အင်စတီကျူးရှင်းက အရေးပါမလား၊ ခေါင်းဆောင်မှုက အရေးပါမလား ဆင်ခြင်ကြည့်၍ ပေါ်မည်။

စာညွှန်း - Political Ideologies by Andrew Heyward

မောင်စူးစမ်း - ရွေးကောက်ပွဲ နိုင်ငံရေး
စာမျက်နှာ - ၁၂၃ မှ ၁၂၈

No comments:

Post a Comment

 
Web Statistics