ဒီနေ့ညနေက သတင်းစာဖတ်နေရင်းနဲ့ တွေးမိတာလေးတွေပါ။ အရင်နေ့တွေကလည်း သတင်းစာပုံမှန် ဖတ်နေတာပါပဲ။ ဒါပေမယ့် ထွေထွေထူးထူး မတွေးမိပါဘူး။ ဒီနေ့တော့ ဘယ်လိုဖြစ်တယ်မသိဘူး။ သတင်းတစ်ခုခု ဖတ်လိုက်တိုင်း အလကားနေရင်း ထိုင်စဉ်းစားနေမိတယ်။ နိုင်ငံတကာသတင်းတွေကိုလည်း အထူးအဆန်းလုပ်ပြီး စိတ်ဝင်တစားတွေ ဖတ်နေမိတယ်။ ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး သတင်းစာက ကျွန်တော့်အတွက် စိတ်ဝင်စားစရာ ကောင်းနေရသလဲဆိုတာကို ကိုယ်တိုင်လည်း နားမလည်နိုင်ဘူး။ လူဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့လေ။ အမြဲတမ်းတော့ ဘယ်မှာလာပြီး ပုံမှန်ဖြစ်နေနိုင်ပါ့မလဲ။ တစ်ခါတလေလည်း ဖောက်ချင်ဖောက်ပေမပေါ့။ ပြောချင်တာတွေက အများကြီးပေမယ့် ပြောလို့ကောင်းတဲ့ အကြောင်းအရာလေးတွေကိုပဲ ပြောပါတော့မယ်။ သတင်းစာဖတ်ရင်း ကျွန်တော်နားမလည်နိုင်သေးတဲ့ အရာလေးတွေပေါ့ဗျာ။ ပေါ့ပေါ့ပါးပါး ဖတ်ကြည့်ကြပါဦး။
ပြောမယ့်သာ ပြောရမှာ... ပြောရတာ နည်းနည်းတော့ ခက်သားဗျ။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်အယူနဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ် ရှိနေကြတာကိုး။ အဲဒီအတွက် အခုကျွန်တော်ပြောတာတွေဟာ ဝေဖန်တာမဟုတ်ပါဘူး။ မှားတယ်၊ မှန်တယ်လည်း ပြောလိုခြင်းမဟုတ်ပါဘူး။ ကျွန်တော် နားမလည်နိုင်သေးတဲ့ အကြောင်းအရာလေးတွေကိုသာ ဖွင့်ဟ၀န်ခံခြင်း၊ ကျွန်တော့်နားမလည်မှုလေးတွေကို ဝေမျှခြင်းသက်သက်သာ ဖြစ်ကြောင်းကိုတော့ ဦးစွာပထမ အလေးအနက်ကို ပြောကြားလိုကြောင်းပါ။
ဦးဘယ်သူနဲ့ ဒေါ်ဘယ်သူတို့ရဲ့ နှစ်ဘယ်လောက်ပြည့် မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်း ဘယ်လောက်တိုင်အောင် ချစ်သားသမီးများ၊ မြေးများ၊ မြစ်များနှင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ဆိုတာမျိုးပေါ့ဗျာ။
တစ်ချို့တွေဆိုရင် နှစ်ငါးဆယ်ပြည့် ရွှေရတုတို့၊ နှစ်လေးဆယ်ပြည့်တို့ မင်္ဂလာနှစ်ပတ်လည်တွေ ထည့်တာတွေများဖတ်ရရင် သိပ်ပြီးသဘောကျမိ၊ ကြည်နူးမိတယ်။ သူတို့တွေများ အရင်ဘ၀တွေက ကုသိုလ်တွေကောင်းခဲ့၊ ရေစက်တွေဆုံခဲ့ကြတော့ နှစ်တွေအများကြီး ချစ်ချစ်ခင်ခင် အတူနေကြရတယ်ဆိုပြီး ပီတိဖြစ်ရ၊ အားကျခဲ့ရတယ်။ အောက်ဆုံးမှာလည်း သူတို့သားသမီးတွေ၊ မြေးတွေနာမည်တွေမှ အများကြီး ရေးထားတတ်သေးတယ်။ ဘယ်လောက်များ အားကျဖို့၊ ပီတိဖြစ်ဖို့ ကောင်းလိုက်သလဲဗျာ။
ဟော.. ကျွန်တော်ပြောချင်တာက ရောက်ကိုမရောက်နိုင်သေးဘူး။ လျှာရှည်နေမိတာကိုး။ လိုရင်းကိုရောက်ဖို့အတွက် နိဒါန်းတွေ ပျိုးနေရတာပါ။ ဒါမှလည်း ကျွန်တော်ပြောချင်တာက သေသေချာချာ ပြောလို့ကောင်းမှာကိုး။ အဲဒါကြောင့်ပါ။
ဒီလိုပါ... ဒီနေ့ဖတ်လိုက်ရတဲ့ သတင်းစာထဲမှာ ထူးထူးဆန်းဆန်း မင်္ဂလာနှစ်ပတ်လည် ဆုတောင်းတစ်ခုကို ဖတ်လိုက်ရလို့ပါ။ အစကတော့ အေးပေါ့လေ... သူတို့တွေ ဘယ်နှနှစ်ပြည့်သွားပြီးပေါ့။ ဒီအတိုင်းပါပဲ။ အောက်ဆုံးက ဆုတောင်းပေးတဲ့လူရဲ့ နာမည်ကို ဖတ်မိတော့မှ ပါးစပ်ကြီး အဟောင်းသားနဲ့ အံ့အားသင့်သွားရတာ။ သူတို့သမီးက ထည့်ပေးထားတာပါ။ သမီးက မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် ဆုတောင်းထည့်တာ ဘာများထူးဆန်းသလဲနော်။ ဟုတ်တော့ဟုတ်ပါရဲ့.. ဒါပေမယ့် ထည့်တဲ့သမီးလေးက ငါးတန်းပဲ ရှိသေးတာကိုးဗျ။ ကျွန်တော့်မှာလေ... ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်ပြန်ဖတ်ရသေးတယ်။ အပေါ်မှာရေးထားတဲ့ ဆုတောင်းစာသားတွေကိုတစ်လှည့် အောက်က ဆုတောင်းပေးသူရဲ့ နာမည်ကိုတစ်လှည့် အပြန်ပြန်အလှန်လှန်ကြည့်ရင်း အတွေးတွေကို ချာချာလည်သွားတာပဲ။
အင်း.... ခက်ပါရဲ့ဗျာ...
ဒီနေ့ခေတ် ကလေးတွေကိုကပဲ တော်လွန်း၊ တတ်လွန်း၊ ခေတ်မီလွန်းနေတာလား?
ကျွန်တော်ကိုယ်တိုင်ကိုကပဲ ဖုန်အလိမ်းလိမ်းတက် ခေတ်နောက်ကျပြီး ကျန်နေခဲ့တာလား?
နားကို မလည်နိုင်ပါဘူးဗျာ...
သားကြီး ဘယ်သူရေ... ခွဲခွါသွားတာ ဘယ်နှနှစ်ရှိခဲ့ပေမယ့် တစ်နေ့မှ မေ့လို့မရပါဘူး တို့၊
သမီးလိမ္မာလေး ဘယ်သူရေ... မိသားစုနဲ့ ခွဲခွါသွားတာ ဘယ်နှနှစ်ပြည့်ခဲ့ပေမယ့် မနေ့တစ်နေ့ကလိုပါပဲ တို့၊
ချစ်သောဘယ်သူရေ... တစ်ရက်မှ မေ့လို့မရပါဘူး၊ ရည်စူးပြီး ဘာကုသိုလ်တွေ ပြုလုပ်တယ်တို့၊ သာဓုခေါ်ပါ စသည်ဖြင့်ပေါ့လေ။
သေသွားတဲ့သူကို သိစေချင်တာလား၊ အခြားသတင်းစာ ဖတ်တဲ့လူတွေကို သိစေချင်တာလားဆိုတာ ကျွန်တော် သေသေချာချာ မကွဲပြားဘူးဗျ။ ကျွန်တော်တို့ မြန်မာစကားမှာ သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားရှိပါတယ်။ အများအားဖြင့်တော့ မကောင်းတဲ့နေရာမှာ ယူသုံးတတ်ကြတာကို တွေ့ရပါတယ်။ ကျွန်တော့်အယူအဆ၊ ကျွန်တော်တွေးမိသလောက်ကတော့ သေသောသူကို ကြာတဲ့အခါ မေ့ကိုမေ့ပစ်နိုင်ရပါမယ်။ မမေ့နိုင်ဘူးဆိုရင် ဒါဟာ စွဲလန်းမှုဖြစ်ပါတယ်။ အဲဒီစွဲလန်းမှုဟာ ကောင်းတဲ့စွဲလန်းမှု မဟုတ်ပါဘူး။ မရှိတော့တဲ့အရာ၊ ပြန်မရနိုင်တော့တဲ့အရာကို တမ်းတတယ်ဆိုတာဟာ ဘယ်လောက်ဉာဏ်နုံနဲ့ရာ ရောက်သလဲဆိုတာ သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒီနေရာမှာ ပြောစရာက ရှိလာပြန်ပါရော။ အဲလိုသာဆိုရင် သေသွားတာကြာပြီဖြစ်တဲ့ အက်ဒီဆင်တို့၊ ပလေတိုတို့၊ ရှိတ်စပီးယားတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဘာဖြစ်လို့ သတိရနေဦးမလဲကွာ၊ သူတို့ကို မေ့ပစ်ရမှာလားလို့ အငေါ်တူးမယ့်လူတွေလည်း ရှိလာနိုင်တာကိုး။ သေသေချာချာ စဉ်းစားကြည့်ပါဦး။ သူတို့ကို သတိရတာလား? သူတို့လုပ်ရပ်တွေကို သတိရတာလား? (ကုသိုလ်လုပ်ပြီး အမျှဝေတာမျိုးကိုတော့ ကျွန်တော်လက်ခံပေးလို့ ရပါတယ်။ ဖတ်တဲ့လူတွေလည်း သာဓုခေါ်လို့ ရတာကိုး)
နောက်ထပ်ဥပမာပေးရမယ်ဆိုရင် စာဖတ်သူအနေနဲ့ မနေ့ကတုန်းက အလုပ်မှာ ဘော့စ်က ချီးကျူးတာခံရတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း တစ်နေကုန်ကိုပဲ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် ကူကူညီညီနဲ့ လုပ်ကိုင်ကြတယ်၊ ဘတ်စ်ကားစီးတော့လည်း ထိုင်စရာနေရာ ချက်ချင်းရတယ်၊ အိမ်ပြန်ရောက်တော့လည်း ချစ်ရတဲ့သူဆီက ပို့ထားတဲ့ စာသ၀ဏ်လွှာက ရောက်နေတယ်၊ ပန်းစည်းလှလှလေးတောင် ပါလိုက်သေးဆိုပါတော့၊ ဗိုက်ဆာလာလို့ ဘာဟင်းချက်လဲဆိုတော့လည်း အမေက ငါ့သားလေး၊ ငါ့သမီးလေး ကြိုက်တတ်တဲ့ ဘာဟင်းချက်ထားတယ်ဆိုပြီး ပြောရှာတယ်။ ကဲ... အဲဒီလို နေ့မျိုးကို ဒီလိုနေ့မှာ ပြန်သတိရတာ၊ ပြန်တမ်းတတာဟာ သဘာဝကျပါတယ်။ ဒါပေမယ့် မနေ့ကအတိုင်း ဒီနေ့ဖြစ်ချင်တယ်ဆိုရင်တော့ သဘာဝမကျတော့ဘူးနော်။
ကဲပါ... စဉ်းစားကြည့်ကြရအောင်ပါ။
မနေ့ကလိုမျိုး ဒီနေ့လည်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပြီဆိုတာနဲ့ သေချာတာကတော့ ဒီနေ့ဟာ မနေ့ကလိုမျိုး အစစအရာရာ ချောမွေ့အဆင်ပြေနေတာ မဟုတ်ဘူးဆိုတာပါပဲ။ မနေ့က ဘော့စ်ရဲ့ ချီးကျူးမှုမျိုး ဒီနေ့လည်း ရချင်လိုက်တာဆိုရင် ဒီနေ့က ဘော့စ်ဆူတာ၊ ငေါက်တာကို ခံနေရတာမျိုး ဖြစ်လိမ့်မယ်။ မနေ့က ဟင်းလေးကို သတိရနေတယ်ဆိုရင် ဒီနေ့က အလွန်မုန်းတဲ့ ကြက်ဥတို့၊ ကန်စွန်းရွက်ကြော်တို့ ဖြစ်နေလိမ့်မယ်။ အဲဒါဆိုရင် သေသွားတဲ့သူတွေကို တသသဖြစ်နေ၊ သတိရနေ၊ လွမ်းဆွတ်နေတယ်ဆိုတာ ကျန်ခဲ့တဲ့လူရဲ့ ဘေးမှာရှိနေတဲ့ လူတွေက မကောင်းလို့လား။ သေသွားတဲ့လူလောက် သူတို့ကို မချစ်ဘူး၊ အလေးမထားဘူးလို့ ဆိုလိုချင်တာလား? ဘာတွေမှန်းလဲ မသိပါဘူးဗျာ။ နားကိုမလည်နိုင်တော့ဘူး။
သြော်... သေသွားတဲ့လူက စာဖတ်တတ်သလားဆိုတာကိုလည်း ကျွန်တော် နားမလည်သေးဘူးဗျ။ တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင်တော့ ၀ိဉာဉ်စာတို့၊ မသာဘာသာစကားတို့ သင်တန်းလေးဘာလေးရှိရင် တက်ချင်တယ်။ သိတဲ့လူများရှိရင် လက်တို့လိုက်ကြပါဦး။ (ဟီးဟီး တစ်ခုပြောဖို့ မေ့သွားသေးတယ်၊ ကျွန်တော်တက်ချင်တာက အသက်ရှင်လျက်နဲ့နော်၊ မသေချင်သေးဘူးဗျ :D )
သားလေးဘယ်သူ၊ သမီးလေးဘယ်သူ ဖြစ်ခဲ့သမျှအားလုံးကို အဖေတို့၊ အမေတို့ ခွင့်လွှတ်သည်။ အမြန်ပြန်လာပါ။ အားလုံးစိတ်ပူနေသည် ဆိုတဲ့ကြော်ငြာမျိုး ဖတ်ဖူးသလားလို့မေးရင် ခင်ဗျားက ပြန်ဖြေမှာပေါ့နော်။ မင်းအရူးလား၊ ဒါမေးစရာတောင် မလိုဘူး၊ ကလေးတောင် ဖတ်ဖူးတယ်ကွလို့။ ဟုတ်ပါတယ်။ လူတိုင်းနီးနီး ဖတ်ဖူးကြတဲ့ ကြော်ငြာမျိုးပါ။
ကျွန်တော်နားမလည်တာက အိမ်ကနေ ထွက်ပြေးသွားကြတဲ့လူတိုင်း၊ အိမ်ကနေ ဆင်းသွားကြတဲ့လူတိုင်းဟာ သတင်းစာဖတ်ကြသလား ဆိုတာကိုပါ။ တော်တော်တော့ အံ့သြစရာကောင်းတဲ့ ကိစ္စကြီးပါဗျာ။ လူပျောက်ကြော်ငြာလိုဟာမျိုးက အခြားလူတွေလည်း ကြုံရင်တွေ့ရင် အကြောင်းကြားလို့ရ၊ ဆက်သွယ်လို့ရအောင် ထည့်တတ်တာမျိုးဆိုတော့ လက်ခံလို့ရတယ်။ အခုဟာမျိုးက သူတို့ချင်းပဲ ဆိုင်တဲ့ကိစ္စကြီးလေဗျာ။
အိမ်မှာကျန်ခဲ့တဲ့လူတွေကလည်း ဆင်းသွားတဲ့လူခမြာ သတင်းစာကို နေ့တိုင်းစောင့်ဖတ်နေရှာမှာပဲလို့ တွေးမိတယ်။ ဆင်းသွားတဲ့လူကလည်း အမေတို့၊ အဖေတို့ ငါ့ကို ဘယ်နေ့ပြန်ခေါ်မလဲဆိုပြီး သတင်းစာကို နေ့တိုင်းစောင့်ဖတ်တယ်။ ကဲ... အဲဒီလိုကြီးများလား?
နားမလည်နိုင်တော့ပါဘူးဗျာ....။
ကျွန်တော်ကိုကလည်း တုံးလွန်းတာနဲ့ တူပါရဲ့နော်...???
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်၊ စနေနေ့။
ည ၁၀ နာရီ ၄၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment