အခုနောက်ပိုင်း အပတ်စဉ်ထွက် ဂျာနယ်တိုင်းလိုလိုမှာ ကျွန်တော်ထူးထူးခြားခြား သဘောကျနေမိတာက ကာတွန်းတွေပါ။ လွန်ခဲ့တဲ့ ၃-၄ လလောက်အထိ ဂျာနယ်တွေမှာ ကာတွန်းကဏ္ဍပါဝင်မှုဟာ အင်မတန်မှကို နည်းပါးခဲ့ပါတယ်။ ဟော... အခုတော့ ကာတွန်းရွှေခေတ်လို့တောင် ပြောရမလားမသိဘူး။ ဂျာနယ်တိုင်းလိုလိုမှာ ကာတွန်းတွေပါနေလိုက်တာများ သဘောကျစရာ ကောင်းလွန်းသေးတော့တယ်။ သေချာတာကတော့ ကာတွန်းဖတ်တာ ကလေးတွေအလုပ်လို့ ပြောလို့မရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း ပါလာတဲ့ ကာတွန်းလေးတွေဟာ တော်တော်လေးကို အတွေးပါလာလို့ပါ။ အချို့ကာတွန်းတွေဆိုရင် အတော်ကြီးကို တွေးယူပြီးမှ ဘာကိုဆိုလိုသလဲဆိုတာ သဘောပေါက်တယ်။ အချို့ကျတော့ အဓိပ္ပါယ်တွေ အမျိုးမျိုး ထွက်နေပြန်ပါရော။ ဟိုလိုလို၊ ဒီလိုလိုနဲ့ ဖတ်ရတဲ့လူ၊ စဉ်းစားရတဲ့လူက သို့လော၊ သို့လောနဲ့ ဘယ်လိုကြီးမှန်းကို မသိဘူး။ နောက်ပိုင်းကာတွန်းတွေမှာ ခေတ်ကိုသရော်တဲ့ကာတွန်းတွေ အများကြီးပေါ်လာတာ တွေ့ရတယ်။ တော်တော်ကြီးလည်း ပွင့်လင်းလာကြသလို၊ ကာတွန်းဆရာတွေကလည်း တင်ပြပုံ အရမ်းကောင်းလာကြတယ်။
ရန်ကုန်တိုင်းမ်မှာ ဟိုးအရင်ခေတ်သတင်းစာတွေက ကာတွန်းအဟောင်းတွေကို ထည့်ပေးတတ်တယ်။ အများအားဖြင့်တော့ နိုင်ငံရေးကာတွန်းတွေပါ။ Northern Star မှာတော့ ဦးဘဂျမ်းရဲ့ ကာတွန်းတွေများတယ်။ သူကတော့ နိုင်ငံရေးအကြောင်းအရာ သက်သက်ပဲ။ 7Day News မှာတော့ ကာတွန်းကဏ္ဍအတွက် စာမျက်နှာတစ်ခု သတ်သတ်ကို ပေးထားတာ တွေ့ရတယ်။ အဲဒီဂျာနယ်ထွက်တဲ့နေ့ဆိုရင် ကျွန်တော်အရင်ဆုံး လှန်ဖတ်မိတာက ကာတွန်းစာမျက်နှာပါ။ ကာတွန်းတွေကို တ၀ကြီး၊ တစ်နေရာတည်းမှာ တစ်ထိုင်တည်း ဖတ်ရတယ်။ အဲဒီစိတ်ကူးအတွက်တော့ 7Day ကို ချီးကျူးမိတာ အမှန်ပါ။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ထည့်တာထက်စာရင် အဲဒီလို တစ်နေရာတည်းမှာ စုစုစည်းစည်းဖတ်ရတာလည်း အရသာတစ်မျိုးပဲလို့ ထင်မိတာပါပဲ။ Voice မှာတော့ နိုင်ငံရေးကာတွန်းတွေ ထည့်တာများတယ်။ Eleven ကတော့ လေးစောင်လုံးမှာ ကာတွန်းတွေပါတတ်တယ်။ Health Digest ဂျာနယ်မှာလည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ ကာတွန်းလေးတွေ ပါတတ်တယ်။ သစ္စာဂျာနယ်၊ မြန်မာတိုင်းမ်၊ နိုင်ငံတကာသတင်းတွေမှာတော့ ကာတွန်းမပါတတ်ဘူး။ နိုင်ငံတကာရေးရာမှာတော့ မျက်နှာဖုံးညာဘက်ထောင့်မှာ နိုင်ငံခြားကာတွန်းပုံတစ်ပုံ အမြဲပါတတ်တယ်။ လျှပ်တစ်ပြက်ကတော့ အခုနောက်ပိုင်းကျမှ တစ်ပုံစ၊ နှစ်ပုံစ တွေ့လာရတယ်။
ကဲ... ထားပါတော့ဗျာ။ အခုလောလောဆယ်တော့ ကျွန်တော့်ရင်ဘတ်ထဲကိုရောက်လာတဲ့ ကာတွန်းလေးတွေကို ဝေမျှပါဦးမယ်။ အားလုံးက Eleven ဂျာနယ်တွေမှာ ပါခဲ့တဲ့ကာတွန်းတွေပါ။ သူရဲ့အင်တာနက်စာမျက်နှာမှာ ကာတွန်းတွေကို သီးသန့်တင်ပေးထားတဲ့အတွက် အလွယ်တကူ ကြည့်လို့ရ၊ သိမ်းလို့ရတာကို သဘောကျမိတယ်။ အဲဒီအထဲက ကျွန်တော်သဘောကျတာလေးတွေကို ဝေမျှလိုက်ပါတယ်နော်။
ဒီတစ်ပတ်ထဲမှာ ကျွန်တော်အကြိုက်ဆုံး ကာတွန်းလေးပါပဲ။ Eleven မှာ ကာတွန်းလေးတွေကို Cartoon နဲ့ Satire ဆိုပြီး ခွဲခြားဖော်ပြပေးတတ်တာကို တွေ့ရပါတယ်။ အရင်ကာတွန်းတွေတုန်းကတော့ ပြောစရာသိပ်မရှိပါဘူး။ ဒီကာတွန်းကိုတော့ ဘာဖြစ်လို့ Satire ဆိုပြီး မသတ်မှတ်သလဲဆိုတာ ကျွန်တော့်အတွက် နည်းနည်းပြောစရာဖြစ်တယ်။ ကာတွန်းရေးသူမှသာ သူ့ရဲ့ မူရင်းအာဘော်ကို သိနိုင်မှာဖြစ်ပေမယ့် ကျွန်တော့်အမြင်ကတော့ အခုလက်ရှိအခြေအနေတစ်ခုကို ပညာသားပါပါနဲ့ သရော်ထားတဲ့ တကယ့်ထိပ်တန်းကာတွန်းတစ်ခုလို့ မြင်မိပါတယ်။ တစ်ဦးနဲ့တစ်ဦးတော့ အမြင်တူချင်မှ တူပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီကာတွန်းကို ကြည့်လို့မ၀၊ တွေးလို့မ၀၊ သဘောကျလို့မဆုံး ဖြစ်နေတာကို မမြိုသိပ်ထားနိုင်ပါဘူး။ စာဖတ်သူကိုလည်း နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ ကျွန်တော့်မှာလေ မဖြစ်နိုင်လို့သာပေါ့... ဖြစ်နိုင်လို့ကတော့ ဒီကာတွန်းရဲ့ဖန်ဆင်းသူ ဆရာဧကနဲ့ နှစ်ယောက်တည်းထိုင်ပြီး ဆွေးနွေးလိုက်ချင်တာမှ တစ်ကိုယ်လုံးကို သေလို့ပါဗျာ။
ပထမပြုံးမိတယ်၊ နောက်တွေးမိတယ်၊ ပြီးတော့ သက်ပြင်းတွေချမိတယ်။ ရင်ထဲမှာ တစ်ခုခုကို စူးစူးနင့်နင့် ခံစားလိုက်ရသလိုပဲ။ ကာတွန်းကိုပဲ အရင်ဆုံးကြည့်ရရင်တော့ ကာတွန်းထဲက အမေးခံရသူခမြာ ဘယ်လောက်တောင် အဖြေရခက်လိုက်မလဲဆိုတာကို တွေးကြည့်နေမိတယ်။ ကျွန်တော့်ကိုရော အဲဒီလိုလာမေးရင် ကျွန်တော်ဘာပြန်ဖြေရမလဲလို့ စဉ်းစားနေမိတယ်။ မမေးခဲ့ဘူးပေမယ့် အဲဒီလိုအဖြေရခက်တဲ့ လူများစွာကို ကျွန်တော်တွေ့ဖူး၊ ကြုံဖူးပါတယ်။ ကာတွန်းထဲက ပညာရှိကြီးလို အဖြေရခက်တဲ့လူတွေ ဘယ်လောက်များနေပြီလဲ မသိဘူးနော်။ ပညာရပ်တွေမှာ တကယ်ပဲ မရဲရင့်လို့လားလို့လည်း တွေးမိလိုက်တယ်။ အမောဆို့ပြီး ရင်ထဲရောက်ခဲ့ရတဲ့ ကာတွန်းလေးတစ်ကွက်ပါ။
ရှင်းပြစရာတောင်မလိုတဲ့ ကာတွန်းလေးပါ။ သာမန်ရယ်စရာတစ်ခုအနေနဲ့ပဲ ဖတ်မယ်ဆိုရင်တောင် ကျေနပ်စရာကောင်းလှပါတယ်။ ရယ်စရာနောက်က မောစရာလေးတွေကို ဆက်တွေးကြည့်လိုက်တော့လည်း သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာတွေ ပါလာပြန်ပါရောလား။ ကျွန်တော်တို့တွေရဲ့ လက်ရှိဘ၀မှာရော အဲဒီလို လူတွေနဲ့ ဘယ်လောက်ကြုံခဲ့ရသလဲ၊ ကြုံနေရသလဲ၊ ကြုံဦးမှာလဲဆိုတာ သိနိုင်ပါ့မလားဗျာ။ အဲ... အရေးကြီးတာတစ်ခုက အဲဒီလူဟာ ကိုယ်ကိုယ်တိုင်ရော ဖြစ်နေသလားဆိုတဲ့ မေးခွန်းပါပဲ။ ကျွန်တော်တို့တွေရော ဖြတ်လမ်းပေါ်ကလူတွေလားဆိုတာ အားမနာတမ်း မေးကြည့်ရအောင်လားဗျာ။
ဘယ်တော့မှရိုးမယ်မထင်တဲ့ ကာတွန်းတစ်ကွက်ပါပဲ။ ထိလည်းထိပါတယ်။ ဘ၀တစ်လျှောက်လုံးမှာ အဲဒီလို လည်ပင်းညှစ်တဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လောက်တောင် ဆုံခဲ့ရသလဲဆိုတာ စာဖတ်သူကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ အရေးကြီးတာက ကျွန်တော်တို့ကိုယ်တိုင်က လည်ပင်းညှစ်တဲ့လူ မဖြစ်ဖို့ပါဘဲ။ အင်း... စဉ်းစားစရာက လည်ပင်းညှစ်တဲ့လူ မဖြစ်စေနဲ့ဆိုတော့ အညှစ်ခံသူရော ဖြစ်ရမှာလားဆိုတဲ့ မေးခွန်းပါ။ အဲဒီလိုအဖြစ်ခံရင်လည်း ကိုယ်ညံ့ရာကျပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်လည်ပင်းကိုလည်း အညှစ်မခံနဲ့၊ သူများကိုလည်း လည်ပင်းမညှစ်နဲ့၊ ဟုတ်တယ်မလား။
တွေးစရာလေးပါ။ မေးတဲ့လူနဲ့ ဖြေတဲ့လူကတော့ ကိုက်နေတာပါပဲ။ နောက်ဆုံးဖြေလိုက်တဲ့ အဖြေထဲမှာ စဉ်းစားစရာ၊ တွေးစရာတွေ အများကြီးပါနေတယ်လို့ ကျွန်တော်ကမြင်မိတယ်။ တစ်ခါတလေကျတော့လည်း ဘော့စ်ဖြစ်ဖို့ထက် အလုပ်သမားကောင်းတစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ လူတိုင်းဟာ ဘော့စ်မဖြစ်နိုင်ဘူးမလား။ ဘော့စ်မဖြစ်နိုင်မယ့်အတူတူ ဘာအလုပ်ကိုမှ မကြိုးစားချင်တော့ဘူး ဆိုရင်လည်း ဒီလောကကြီးဟာ အဆင်ပြေမယ် မထင်ဘူး။ တစ်ဖက်ကကြည့်ပြန်တော့လည်း ကြိုးစားပါလျက်၊ ရိုးသားပါလျက်၊ သစ္စာရှိပါလျက် ဘော့စ်မဖြစ်နိုင်ဘူးဆိုတာကို ကျေနပ်နိုင်မယ်မထင်ဘူး။ အဲဒီအရည်အချင်းတွေ ရှိတယ်ဆိုရုံနဲ့ ဘော့စ်လုပ်လို့မရတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် အလုပ်သမားကောင်းတစ်ယောက် (၀ါ) နောက်လိုက်ကောင်းတစ်ယောက် ဖြစ်တာဟာလည်း ဂုဏ်ယူဖွယ်ရာဆိုတာကို နားလည်နိုင်ကြရင် အားလုံးပဲ အဆင်ပြေချောမွေ့နေမှာပါ။
စိတ်ရှည်သည်းခံပြီး အင်တာနက်သုံးနေရတဲ့ ဘလော့ဂ်ဖတ်သူတွေကို အားနာတဲ့အတွက် ကာတွန်းတွေအများကြီး မတင်ပေးတာပါ။ နောက်ပို့စ်များကျမှ ဆက်ကြသေးတာပေါ့။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး။ အမြင်မတူတာတွေအတွက်လည်း အမြဲတမ်း ကြိုဆိုလျက်ပါ။ ကွန်းမန့်တွင်ဖြစ်စေ၊ စီဘောက်တွင်ဖြစ်စေ ဆွေးနွေးနိုင်ကြကြောင်းပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့။
နံနက် ၀ နာရီ ၀၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment