နိုင်ငံရေးသဒ္ဒါ
မြန်မာ့အနာဂတ် နိုင်ငံရေးသည် ၂၀၁၀ ပြည့် ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ဖြတ်သန်းရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကို နိုင်ငံရေးသိပ္ပံ ပညာရှင်တို့က နည်းသုံးနည်းဖြင့် ကြည့်သည်။ ပထမနည်းသည် Narrative Approvel သဒ္ဒါကျမ်းစံ ဖြစ်သည်။ ရွေးကောက်ပွဲကို နိုင်ငံရေးသဒ္ဒါ၌ မရှိမဖြစ်သော အခြေခံစံအဖြစ် ကြည့်ခြင်းဖြစ်သည်။ သဒ္ဒါ၌ ကတ္တားကံ ကမ္မကံ ရှိရသလို နိုင်ငံရေး၌လည်း ရွေးကောက်ပွဲတို့ ရှိရမည်။ ရွေးကောက်ပွဲမရှိသော နိုင်ငံရေးသည် သဒ္ဒါမပီသပေ။
ထို့ကြောင့် ရွေးကောက်ပွဲတို့သည် နိုင်ငံရေးသဒ္ဒါဖြစ်၍ အခြေခံသဘောအရ ကြိုဆိုအပ်သည်။ ဒုတိယနည်းမှာ ရွေးကောက်ပွဲကို ပကတိယုတ္တိဖြင့် ကြည့်ခြင်းဖြစ်သည်။ ယခုလိုနည်းကို အပြောင်းအလဲကို ဖြစ်စေနိုင်သောအင်ဂျင် Engine for Change အဖြစ် ရှုမြင်ခြင်းဟူ၍လည်း ပေါ်ပေါက်သည်။ ရွေးကောက်ပွဲသည် အပြောင်းအလဲတစ်စုံတစ်ရာကို ဖြစ်ပေါ်စေသော အင်ဂျင်စက်ဖြစ်သည်။ ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်စေသောအင်ဂျင်သည် ရွေးကောက်ပွဲတို့သာ ဖြစ်သည်။
တတိယနည်းသည် ရွေးကောက်ပွဲသည် သက်ဆိုင်ရာပလေယာတို့က လူထုဆန္ဒယူရန် ပြင်ဆင်သောဖိုရမ် သို့မဟုတ် ယာဉ် ဖြစ်သည်။ တစ်နည်းပြောလျှင် ရွေးကောက်ပွဲသည် လူထု၏ ရွေးချယ်မှုအတွက် အခြေခံအကျဆုံး လမ်းဖွင့်ပွဲကြီး ဖြစ်သည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြွင်းမဲ့ဆန့်ကျင်လျှင် တာလီဘန်တို့နှင့် တူသွားမည်။ တာလီဘန်တို့သည် ရွေးကောက်ပွဲကို နိုင်ငံရေးသဒ္ဒါအဖြစ် လက်မခံပေ။ အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲတို့ကို တာလီဘန်တို့က အပြင်းအထန် ဆန့်ကျင်သည်။ ဖျက်ဆီးသည်။
အမျိုးသားရေးဝါဒ
သို့ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဖော်ပြခဲ့သော နည်းသုံးနည်းအနက် တစ်နည်းနည်းဖြင့် ရှုမြင်ကြည့်နိုင်သည်။ တာလီဘန်ကဲ့သို့ ကြည့်လျှင်မူ အစွန်းရောက်အခြေခံဝါဒီ ဖြစ်သွားမည်။ တာလီဘန်တို့သည် ရွေးကောက်ပွဲကို နိုင်ငံရေးသဒ္ဒါအဖြစ် အသိအမှတ်မပြုပေ။
စာရေးသူက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်နှစ်တိုင်ဖြုတ်ရန် အဆိုပြုသည်။ အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်သမိုင်းတို့သည် မြန်မာ့ခေတ်သစ်ကာလနှင့် မဆီလျော် မအပ်စပ်ပြီဖြစ်၍ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် လမ်းညွှန်အဖြစ် အသုံးမတည့်ဟု တင်ပြရေးသားနေသည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းကို တိုင်နှစ်တိုင်အဖြစ်ဖြုတ်ရန် တိုက်တွန်းသောအခါ အမျိုးသားရေးဝါဒ Nationalism ၏ ကဏ္ဍကို စစ်ဆေးစရာ ပေါ်သည်။
နိုင်ငံရေးတွေးခေါ်မှုတို့၌ ရိုးရိုးစင်းစင်း ပြီးစလွယ် အလွယ်တွေးမှု (Simplistic Thinking) တို့ကို ရှောင်အပ်သည့် အခြေအနေကို ပုံသေကြိုတင်ပြီး သုံးသပ်ထားသည်။ ကြိုတင်ပြီး ကောက်ချက်ဆွဲထားသည့် မိမိအစွဲအလမ်းတို့နှင့် တရားသေပုံသေ ကြည့်သည်။ အဖြူ သို့မဟုတ် အမဲဆိုပြီး ပုံသေမျက်နှာစာ နှစ်နည်းဖြင့်သာ ကြည့်သည်။ တစ်ယူသန်ပြောလည်း ရသည်။ အမျိုးသားရေးဝါဒနှင့် ပတ်သက်လျှင်လည်း စိတ်ဖွင့်၍ စဉ်းစားကြည့်ရန်လိုသည်။ အသေပိတ် မစဉ်းစားသင့်ပေ။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း ပထ၀ီနိုင်ငံရေး မြင်ကွင်းတို့က ပို၍ လွှမ်းမိုးနေသော အချိန်တွင် အမျိုးသားရေးဝါဒ၏ အနက်အဓိပ္ပါယ်သည် တစ်မျိုးတည်း မရှိနိုင်ပြီ။
ငါးမျိုး
အမျိုးသားရေးဝါဒသည် အိုင်ဒီအိုလိုဂျီပါတီ မဟုတ် ဆိုသောအချက်ကိုပင် စိန်ခေါ်စဉ်းစားကြည့်ကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့က အမျိုးသားရေးဝါဒကို ငါးမျိုး ခွဲပြသည်။ ၎င်းတို့မှာ -
(၁) လစ်ဘရယ် အမျိုးသားရေးဝါဒ၊
(၂) ကွန်ဆားဗေးတစ် အမျိုးသားရေးဝါဒ၊
(၃) သြဇာနယ်ချဲ့ချင်သော အမျိုးသားရေးဝါဒ၊
(၄) ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးဝါဒ၊
(၅) ကိုလိုနီခေတ်လွန် အမျိုးသားရေးဝါဒတို့ဟူ၍ ဖြစ်ကြသည်။
အမျိုးသားရေးဝါဒသည် အသွင်အမျိုးမျိုး ရှိလေရာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မည်သည့်ပုံစံ အမျိုးသားရေးဝါဒကို ဆွဲကိုင်မည်နည်းဟု စောင့်ကြည့်ရန် ပေါ်သည်။ အမျိုးသားရေးဝါဒကို တိုင်တစ်တိုင်အဖြစ် ထူမည်ဟု ဆိုသည့်တိုင်အောင် တိုင်ခွဲတွေ အမျိုးမျိုး ရှိပါလိမ့်မည်။
အညွှန်း - Political Ideologies by Andrew Hayward
ရွေးကောက်ပွဲ နိုင်ငံရေး
စာမျက်နှာ - ၁၃၅ မှ ၁၄၁
အိုင်ဒီယိုလိုဂျီ က မြန်မာ့နိုင်ငံရေးမှာ အသုံးမဝင်ပေမယ့် ခေတ်ပြိုင်သမိုင်းကတော့ အသုံးဝင်နိုင်စရာ ရှိပါတယ်။ ဒီနေ့ စီးပွားရေး ရှေ့တန်းကို ရောက်လာကြတဲ့ တရုတ်တို့ ဗီယက်နမ်တို့ဟာ ကျွန်တော်တို့ အတွက် အတုယူစရာတွေ အများကြီး လုပ်ခဲ့ပြီး ဖြစ်မှာပါ။ ဘယ်လို နည်းစနစ်တွေကိုပဲ သုံးသုံး ကိုယ့်အမျိုးသား အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ရမှာမို့ အမျိုးသားရေးဝါဒကလည်း ပစ်ပယ်လို့မရသေးတဲ့ အကြောင်းရပ်တစ်ခု ဖြစ်ပါတယ်။
ReplyDelete