Friday, April 09, 2010

တောစကား၊ တောသတင်း၊ တောဓလေ့၊ တောစရိုက် - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကိုရွှေယုန်။ ဘာဖြစ်ကြတာလဲဗျ။ ဖုန်တွေလည်း တထောင်းထောင်း၊ တစ်တောလုံးလည်း ဆူညံနေတာပဲဗျ။
ရွှေမျောက်။ မသိဘူး၊ ဒါပေမယ့် ဟိုဘက်တောအုပ်ထဲက ကျားတွေ၊ ဆင်တွေက ရှေ့ကပြေးနေပြီး မြင်းတွေ၊ ကျွဲရိုင်းတွေက နောက်ကပြေးလိုက်နေကြတယ်ဗျ။ ငါတို့တောအုပ်ထဲကဖြတ်ပြီး ဘယ်ကိုပြေးကြတာလဲ မသိဘူး။
ကိုရွှေယုန်။ ဟာ... ဘယ်လိုဖြစ်ကုန်ကြတာတုန်း။ ကျွန်တော်အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်။
ရွှေမျောက်။ မဟုတ်ပါဘူးဗျ။ ဟိုးနောက်မှာဆို သမင်တွေ၊ ဒရယ်တွေ၊ ယုန်တွေတောင် ပါသေးတယ်။ သူတို့လည်း နောက်ကနေ အသည်းအသန် လိုက်နေကြတယ်ဗျ။ စကားမေးတောင် ပြန်မဖြေနိုင်ကြဘူး။ သူတို့တောကကောင်တွေ ဘာတွေများ ဖြစ်ကုန်ကြတာလဲ မသိဘူး။
ကိုရွှေယုန်။ ဒုက္ခပါပဲဗျာ။ ကမ္ဘာများ ပျက်နေပြီလား မသိဘူး။ သမင်တွေ၊ မြင်းတွေ၊ ယုန်တွေက လိုက်ကြတာကို ဘာဖြစ်လို့ ကျားတွေ၊ ဆင်တွေ၊ ၀ံပုလွေတွေ၊ မြေခွေးတွေက ထွက်ပြေးကြရတာလဲဗျ။
ရွှေမျောက်။ အဲဒါတော့ မသိဘူးငါ့လူရေ။ ငါတော့ အချိန်ရှိတုန်း မျောက်ရွာကိုပြန်ပြီး ဒီသတင်းကို ဖြန့်လိုက်ဦးမယ်။
ကိုရွှေယုန်။ အင်း... ကျွန်တော်လည်း အမျိုးတွေနဲ့ နီးစပ်ရာကို ပြန်ပြောရဦးမယ်။ သတင်းထူးဗျ။

(၂)
ကပ်လျက်တောအုပ်တွင်ရှိသည့် မြင်းများ၊ သမင်များ၊ ဒရယ်များ၊ ကျွဲများက ဒေါသတကြီး လိုက်လံတိုက်ခိုက်ကြသဖြင့် အဆိုပါ တောတွင်းရှိ ကျားများ၊ ကျားသစ်များ၊ ဆင်ကြီးများ ကမူးရှူးထိုး ထွက်ပြေးကြသည် ဆိုသည့်သတင်းမှာ မြိုင်ဟေ၀န် တောအုပ်အတွင်း တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ အဆိုပါသတင်းထူးကို စတင်ဖြန့်ချိသူများဖြစ်သည့် ရွှေမျောက်နှင့် ရွှေယုန်တို့မှာလည်း လာရောက်မေးမြန်းသူများကြောင့် ပါးစပ်မလည်နိုင်အောင် ဖြစ်နေကြရသည်။

"ဟိုဘက်တောက ဒေါသအိုး ကျားရုပ်ဆိုးကြီးလေ၊ သိတယ်မလား၊ ပြေးလိုက်တာများဗျာ အမြီးကို ကုပ်နေတာပဲ၊ မျက်လုံးကြီးကို ပြူးနေတာများ ခင်ဗျားတို့ကို မြင်စေချင်တယ်"
ကိုရွှေယုန်က အာပေါင်အာရင်းသန်သန်ဖြင့် ပြန်ပြောပြနေသည်။ အားလုံးက မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားဖြင့် ရွှေယုန့်စကားမှာ နစ်မြောနေကြသည်။

မလှမ်းမကမ်းမှ ကိုရွှေမျောက်ကလည်း သန်းတုတ်ခံရင်း သူသိထားသော သတင်းထူးကို ဖောက်သည်ချနေသည်။ သူ့ဘေးမှာလည်း အကောင်ငယ်လေးတွေ ၀ိုင်းဝိုင်းလည်နေသည်။ ဒါကိုပင် ရွှေမျောက်က ကျေနပ်ဂုဏ်ယူနေလေသည်။
"ဖိုးဆင်ကြီးပြေးတာများ အမြောက်ပစ်လိုက်တဲ့ ကျည်ဆံလား အောက်မေ့ရတယ်၊ သူ့နောက်မှာက တောဝက်ကြီးဝတုတ်ပေါ့ကွာ။ ကြည့်ရတာတော့ တစ်ခါတုန်းက ဖိုးဆင်ကြီးက ၀တုတ်တို့ အစာစားနေတုန်း ၀င်နှောင့်ယှက်ဖူးတာကြောင့် ပြန်လက်စားချေတာဖြစ်မယ်ကွ"

ဘာပဲဖြစ်ဖြစ် မြိုင်ဟေ၀န်တောတစ်ခုလုံး အဆိုပါသတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရတာ သေချာသည်။ ဟိုနေရာမှာလည်း ဒီသတင်း၊ ဒီနေရာမှာလည်း ထိုသတင်းဖြင့် အတော်လေး ပြောစရာဖြစ်နေလေသည်။ သူတို့တောမှာသာ အဲဒီလိုဖြစ်လာခဲ့လျှင် ဘယ်သူ့ကိုတွယ်မယ် ဆိုတာကိုတောင် စာရင်းလုပ်နေလိုက်သေးသည်။ ရွှေယုန်တို့အုပ်စုက ကျားကြီးမိုးမှောင်တို့ မိသားစုကို အရင်ဆုံးတွယ်မယ်ဟု တိုင်ပင်ကြသည်။ ဆင်ကြီးပေါင်ချိန် နင်းသွားသောကြောင့် သူ့အသိုက်နှင့် ဥတွေ ပျက်စီးသွားရသော ငှက်မောင်နှံကတော့ ဆင်တွေကို လက်စားချေမည်ဟု ကြုံးဝါးကြသည်။ ထို့အတူ အခြားသော အကောင်ငယ်တို့ကလည်း သူတို့ မကျေနပ်သည့် အကောင်ကြီးများကို နှိပ်ကွပ်ဖို့အတွက် မျှော်တလင့်လင့် ဖြစ်နေကြလေသည်။ အကောင်ကြီးတွေခမြာလည်း တစ်ဆင့်ကြားရသော သတင်းစကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမည့်အစား ယခင်ကထက်ပင် ပိုလို့အဆင်ပြေနေသေးသည်။ ယခင်က တွေ့တာနဲ့ ခြေကုန်သုတ်ပြေးတတ်သော အကောင်ငယ်တွေက အခုတော့ သူတို့ကိုတွေ့တာနဲ့ ဘာမထီပုံစံဖြင့် မကြောက်သလိုလို၊ ပြန်ရန်မူချင်သလိုလိုနှင့် ရှိတတ်ကြရာ သူတို့အတွက် မပင်မပမ်းနှင့် အလွယ်တကူပင် ဖမ်းဆီးနိုင်နေကြလေသည်။ ခြင်္သေ့များနှင့်ကျားများ စည်းဝေးတိုင်ပင်၍ ထိုသတင်းစကားကို စတင်ဖြန့်ချိခဲ့သူ ရွှေယုန်နှင့် ရွှေမျောက်တို့ကို ကျေးဇူးတင်လွန်းသဖြင့် ယုန်များနှင့် မျောက်များကို မနှောင့်ယှက်ရ၊ မသတ်ဖြတ်ရဟူ၍ပင် သဘောတူညီမှု လုပ်လိုက်ကြလေသည်။

(၃)
ထိုအခြေအနေကို သဘောမကျသူက ဦးဇီးကွက်ဖြစ်သည်။ သူက တစ်နေ့လုံး ဘယ်မှသွားတာမဟုတ်ပေမယ့် ညဘက်ထွက်ချိန်လေးမှာ သတင်းစုံတတ်သည်။ လင်းနို့တွေ၊ ပိုးစုန်းကြူးတွေ၊ ခြင်တွေ စသည့် ညည့်ပျော်အသီးသီးထံမှာ ရသမျှသတင်းတွေကို မေးမြန်းတတ်သည်။ ဟိုးကောင်းကင် အမြင့်ကြီးပေါ်ကနေ အောက်မှာဖြစ်နေသမျှကို လေ့လာစူးစမ်းမှုလည်း ပြုတတ်သည်။ ပြီးတော့ တစ်နေ့ခင်းလုံး သူသိထားသမျှ၊ မြင်ထားသမျှကို ပြန်လည်စဉ်းစားရင်း အချိန်ကုန်တတ်သည်။ ညဘက်ပိုင်း ဟိုဘက်တောအုပ်ပေါ်မှာ သူပျံဝဲခဲ့တုန်းကလည်း ဘာမှထူးထူးခြားခြား မတွေ့ခဲ့ရ။ လင်းနို့တွေဆီကလည်း ဘာသတင်းမှ ထွက်မလာ။ အခုတော့ သူနေသည့်တောထဲက အကောင်အားလုံးက ထိုသတင်းကိုပဲ ဘာဖြစ်လို့ အရေးတယူ လုပ်နေကြသလဲဆိုတာ စဉ်းစားလို့မရနိုင်။ မဖြစ်နိုင်သည့်အကြောင်း သူပြောတော့လည်း ဘယ်သူကမှ လက်မခံချင်ကြ။ တစ်နေ့လုံး ငိုက်မြည်းနေတဲ့ အဘိုးကြီးဆိုပြီး အထင်အမြင်သေးကြသည်။ တစ်နေကုန် စဉ်းစားဆင်ခြင်နေတာကို သူတို့သဘောမပေါက်ကြ။ ညဘက်ကျမှသာ အေးအေးဆေးဆေး အလုပ်,လုပ်လို့ ကောင်းသည်။ နေ့ခင်းဘက်က ပူလည်းပူသည်၊ ရှုပ်လည်းရှုပ်သည်။ အဲဒါကြောင့်လည်း တစ်နေ့လုံး အိမ်တွင်းအောင်းနေပြီး ညဘက်ကျမှ အပြင်ထွက်ခြင်း ဖြစ်လေသည်။ ဒီတောက အသိဉာဏ်မရှိသည့် အကောင်တွေကို သူဘယ်လို ဆုံးမရမလဲ၊ ပြုပြင်ရမလဲဆိုတာကို တစ်နေကုန် စဉ်းစားနေမိလေသည်။

(၄)
"ပထမဆုကို ကိုလီယို ဆုလက်ခံယူပါရှင်၊ ဒီဆုကို တောဘုရင်ခြင်္သေ့မင်းကြီးက ပေးအပ်မှာဖြစ်ပါတယ်"
အခမ်းအနားမှူးဖြစ်သူ မရွှေဗျိုင်းက ကြေညာလိုက်သည်။
"ဟေးးးးး... လီယို... လီယို... လီယို..."
ကျားသစ်အပေါင်းတို့၏ အားပေးသံမှာ ဆူညံသွားသည်။ ကျားသစ်ကြီးလီယိုက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှေ့သို့ ထွက်လာသည်။ ခြင်္သေ့မင်းကြီးက ဘေးမှ သမင်မလေး လှမ်းပေးသော ပန်းကုံးကို လီယိုအား စွပ်ပေးလိုက်လေသည်။ ပရိသတ်အပေါင်း၏ အားပေးသံက ဘ၀ဂ်ညံသွားလေသည်။

"ဒုတိယဆုရရှိတဲ့ ၀ံပုလွေရွှေနီ ဆုလက်ခံယူပါရှင်"
မရွှေဗျိုင်း၏ ကြေညာသံအဆုံးတွင် ၀ံပုလွေအုပ်စု၏ အော်သံများက ဆူညံလို့သွားသည်။ လမ်းမှာ ခြေထောက်နာသွားခဲ့သော်လည်း မထင်မှတ်ထားဘဲ ဒုတိယဆု ရခဲ့သည့်အတွက် ရွှေနီအတွက် သူတို့ ကျေနပ်ကြသည်။

"တတိယဆုရရှိတဲ့ ခြင်္သေ့လေးသီဟ ဆုယူရန်ဖိတ်ခေါ်ပါတယ်"
တိရစ္ဆာန်အားလုံး၏ အားပေးသံက ဆူညံသွားသည်။ အားလုံးက ပထမရမည်ဟု ခန့်မှန်းထားကြသော်လည်း ပြိုင်ပွဲမ၀င်ခင် တစ်ရက်အလိုကျမှ ဖျားနေခဲ့သဖြင့် အားမရှိဘဲ ၀င်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ပြိုင်ပွဲတွင် အစွမ်းကုန် ယှဉ်ပြိုင်ခဲ့သည့်အတွက် တောကောင်အားလုံးက အားပေးခဲ့ကြသည်။ သီဟက မျက်နှာညှိုးငယ်စွာဖြင့် ရှေ့သို့ထွက်လာသည်။ ခြင်္သေ့မင်းကြီးက စိတ်ပျက်နေသည့် သီဟကို နှစ်သိမ့်သည်။ နောက်နှစ်တွင် ပထမဆုရအောင် ကြိုးစားပေါ့ဟု အားပေးသည်။

ထို့နောက် ခြင်္သေ့မင်းကြီးက ဆုပေးပွဲအတွက် နိဂုံးချုပ်စကားပြောသည်။
"ကျွန်တော်တို့ စိမ်းစိုသာမော တောအုပ်ကြီးရဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မာရသွန်ပြေးပွဲမှာ သက်ဆိုင်ရာ မျိုးနွယ်စုအလိုက် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အပြေးသမားများနဲ့ အားပေးကြသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပထမဆုံး ပြောလိုပါတယ်။ နောင်နှစ်တွေမှာလည်း နှစ်စဉ်ကျင်းပသွားနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်မှာ ၀င်မပြိုင်လိုက်ရသူတွေလည်း စိတ်မပျက်ကြဘဲ နောင်နှစ်ပြိုင်ပွဲမှာ အစွမ်းပြဖို့အတွက် အခုကတည်းက လေ့ကျင့်သွားကြပါလို့ မှာလိုပါတယ်။ တောလုံးကျွတ် မာရသွန်ပြေးပွဲကြီးကို ကျွန်တော်တို့ စိမ်းစိုသာမော တောအုပ်ကြီးက စတင်ကျင်းပနိုင်ခဲ့တာဖြစ်လို့ ဂုဏ်ယူကြောင်းလည်း ပြောကြားလိုပါတယ်။ နောင်ဆိုရင် အခြားတောအုပ်တွေကလည်း အခုလိုမျိုး ပြိုင်ပွဲတွေ ပြုလုပ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအခါကျရင် တောအုပ်ပေါင်းစုံ မာရသွန်ပြိုင်ပွဲကြီး ဖြစ်လာနိုင်တာမို့ စိမ်းစိုသာမောရဲ့ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် အခုကတည်းက လူသစ်မွေးပြီး လေ့ကျင့်ထားကြဖို့ မှာကြားလိုပါတယ်။ မာရသွန်ပြိုင်ပွဲကာလအဖြစ် တစ်လတာ သတ်မှတ်ထားခဲ့တာ မနက်ဖြန်ဆိုရင် အချိန်ပြည့်သွားပြီ ဖြစ်တဲ့အတွက် တောမလိုက်ရအမိန့်ကို ပြန်ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ မနက်ဖြန်ကစပြီး သဘာဝအတိုင်း တောလိုက်တာ၊ အစာရှာတာတွေ ပြန်လုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်"

သတ္တ၀ါအပေါင်း၏ သြဘာပေးသံများက ဆူညံသွားသည်။ တစ်တောလုံးဟိန်းကာ ပဲ့တင်ထပ်နေလေသည်။

(၅)
ထိုအသံများကို ကြားလိုက်ရသည်က အတွေးများနှင့် ငြိမ်သက်ကာ နားစွင့်နေခဲ့သော ဦးဇီးကွက်ဖြစ်သည်။ ခေါင်းတစ်ချက်ညိတ်ရင်း သူသဘောပေါက်လိုက်သည်။ ထို့အတူ သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
owl.jpg
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၅၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics