Come early or late, there is room for everybody.
"စောစောလာလာ၊ နောက်ကျလို့ပဲလာလာ အလုပ်ဖြစ်တာတော့ အလုပ်ဖြစ်တာပါပဲ" တဲ့။ ဒါက ဈေးရောင်းတဲ့သူတွေရဲ့ ဆောင်ပုဒ်ပါ။ စီးပွားရေးနယ်ပယ်မှာ အသုံးများတဲ့စကားပါ။ "ပင်လယ်ရေသောက်လို့ မကုန်ပါဘူး" လို့လည်း ပြောတတ်ပါတယ်။ ဆိုလိုတာက သူများရောင်းဝယ်တဲ့ ပစ္စည်းတွေကို ရောင်းဝယ်ထုတ်လုပ်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်လို့ ပြောတာပါပဲ။
ဒီတော့ စီးပွားရေးလုပ်နေကြတဲ့ လူတွေဟာ အသစ်တီထွင်မှ တိုးတက်တာ မဟုတ်ပါဘူး။ သူများလုပ်ကိုင်တာကို အတုယူ လုပ်ကိုင်ရင်လည်း တိုးတက်တာပါပဲ။ သို့သော် သူများလုပ်ကိုင်တဲ့ အလုပ်အချို့ကို အတုယူလုပ်ကိုင်တာဟာ "ခိုး" သလို ဖြစ်တတ်တာကို သတိပြုသင့်တယ်။
ကျွန်တော်တို့ အရင်က လက်မှုပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေကို ခိုးပြီး ဈေးကွက်ထဲ ၀င်ကြတယ်။ မော်တော်ကား ပုံစံတူတွေ အများကြီး ရှိခဲ့ဖူးတယ်။ ယနေ့ "အိုင်တီ" လို့ခေါ်တဲ့ သတင်းအချက်အလက်ခေတ်မှာ အတုယူ လုပ်ကိုင်ရတာ မူလလက်ရာအတိုင်း ဖြစ်လာတယ်။
အထူးသဖြင့် ကွန်ပျူတာဆော့ဖ်ဝဲလ်တွေကို ခိုးယူရတာ အင်မတန်လွယ်ကူတယ်။ ဗီစီဒီ၊ ဒီဗီဒီ၊ ကက်ဆက်တွေကို ခိုးရတာ အင်မတန်လွယ်တယ်။ ဒါကြောင့် ဈေးကွက်မှာ သူခိုးပစ္စည်းတွေ ပြည့်လျှံလို့ နေပါတယ်။ ဒါတွေကို "Intellectual Properties" ပညာပစ္စည်းတွေလို့ ခေါ်ကြပါတယ်။
ငယ်ငယ်က ပြောကြပါတယ်။ "ပညာရွှေအိုး လူမခိုး" တဲ့။ ပညာကို လူခိုးလို့မရပေမယ့် ပညာပစ္စည်းတွေကိုတော့ လူတွေ ခိုးနေကြတယ်။
အနုပညာပစ္စည်းတွေကို အဖိုးအခမပေးဘဲ ခိုးယူသုံးစွဲနေကြတယ်။
ဈေးကွက်ထဲမှာကြည့်ရင် ခိုးကူးထားတဲ့ စီဒီတွေ၊ ကက်ဆက်တွေကို ပြောင်ပြောင်တင်းတင်းပဲ ရောင်းချနေကြတယ်။ သတင်းတွေထဲမှာ အဲဒါတွေကို ဖမ်းဆီးဖျက်သိမ်းတာတွေကို တွေ့ရမှာဖြစ်တယ်။
ယခင်က "မူးယစ်ဆေးဝါးဟာ လူသားတို့ရဲ့အန္တရာယ်" ဆိုပြီး စီမံချက်ဖြင့် ဖျက်ဆီးသလို ယခုအခါမှာလည်း ခိုးကူးခွေများကို ဖျက်ဆီးနေပြီဖြစ်တယ်။ သတင်းထဲမှာ ထိုင်း၊ တရုတ်၊ စင်ကာပူတို့မှာ အဆိုပါ အခွေများကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးပစ်တာကို မကြာခဏ တွေ့ရတယ်။
မြန်မာနိုင်ငံမှာလည်း (၁၄-၁-၂၀၀၄) က ခိုးကူးခွေများကို ဖျက်ဆီးပစ်တဲ့ သတင်းကို ဖတ်ရှုရတယ်။ ဒီလို ဖျက်ဆီးမှုကို "မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်" မှာပဲ ပြုလုပ်သွားတယ်။ ဆိုလိုတာက လူသားတွေရဲ့ လုပ်ရပ်တွေထဲက Intellectual Properties များကို ခိုးယူတာဟာ မူးယစ်တွေ ရောင်းဝယ်ဖောက်ကား သုံးစွဲသလိုပဲ အရေးကြီးကြောင်း ထင်ရှားလှတယ်။ ဒီအတွက် ကျွန်တော်တို့က ဒီကိစ္စကို မူးယစ်ဆေးဝါးလို အရေးမကြီးပါဘူးလို့ ယူဆကောင်း ယူဆကြမှာဖြစ်တယ်။
"လေဆာဓာတ်ပြားတစ်ခု ခိုးကူးတာပဲ တိုင်းပြည်ပျက်တာမှ မဟုတ်တာ" လို့ စောဒက တက်ကြတယ်။ ယနေ့ အင်တာနက်ခေတ်မှာ သီချင်းများ၊ သတင်းများကို အလွယ်တကူ Download လုပ်ယူလို့ ရနေတယ်။ ဒီလို Download လုပ်တဲ့အထဲမှာ YAHOO သတင်းလိုမျိုးက တစ်ဆင့်ယူသုံးခွင့်ပြုတယ်။ MP3 သီချင်းတွေကတော့ နားထောင်လို့ရတယ်။ ထပ်ဆင့်ကူးယူဖြန့်ခြင်း မပြုရဘူး။
အင်တာနက်မှာပါတဲ့ "ဆောင်းပါး"တွေကို ထပ်ဆင့်ဖြန့်ဖြူးခြင်း မရဘူး။ ပိုင်ရှင်ကို ခွင့်တောင်းရတယ်။ လူတစ်ယောက်ရဲ့ စာပေ၊ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဆော့ဖ်ဝဲလ်တွေ ခိုးယူခြင်းဟာ "မကောင်းမှု" ဆိုတာ သေသေချာချာ သိရမယ်။ တောင်းပန်လိုက်ရင် ပြီးတာပဲ။ ဒီအတွက် ဘာမှ ပြဿနာမရှိပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်မယ်ဆိုရင် မသင့်တော်ပါဘူး။
မြန်မာနိုင်ငံဟာ ဒီကိစ္စကို မူးယစ်ဆေးဝါးလို သဘောထားတဲ့အတွက် ကြိုဆိုပါတယ်။ ၀မ်းလည်းသာပါတယ်။
နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ မိမိသားသမီးတွေ ခိုးတာကို အားပေးကြရင်တော့ "မိမိနားရွက် ကိုက်ဖြတ်ခံရမှာ" ဖြစ်တယ်။ ဒါဟာ စာရိတ္တနဲ့ ဆိုင်ပါတယ်။ တကယ်တော့ လူတိုင်းမှာ လူစွမ်းလူစ ရှိပါတယ်။
ငှက်တွေဟာ ကောင်းကင်ထဲမှာ ၀ဲပျံတတ်တယ်။ ငါးတွေဟာ ရေကူးတတ်တယ်။ ရေလည်း ငုပ်နိုင်တယ်။ ဒါပေမယ့် လူတွေဟာ ဘာမှ မတတ်ပါဘူး။ သို့သော် ယနေ့မှာ လူတွေဟာ ဒါတွေအားလုံး လုပ်လို့ရနေပြီ ဖြစ်တယ်။ လေထဲသာမက လေမရှိတဲ့ အာကာသထဲပါ ပျံလို့ရနေပြီဖြစ်တယ်။ ဒီတော့ အားလုံးအတွက် အလုပ်တွေရှိပါတယ်။ မပူကြပါနဲ့။ ခိုးလည်း မခိုးကြပါနဲ့။
သို့သော် ပြောချင်တာတစ်ခု ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖျော်ဖြေရေး ကိစ္စတွေပဲ။ ဒီနေရာမှာ သုံးပွင့်ဆိုင် ပါဝင်တယ်။ အဆိုတော်ရယ်၊ တီးဝိုင်းရယ်၊ သီချင်းရေးဆရာရယ်ပါပဲ။ ဖျော်ဖြေရေး တစ်ခုလုပ်ရင် အဆိုကျော်က ပိုက်ဆံအရဆုံး ဖြစ်လေ့ရှိတယ်။ ပိုက်ဆံမရသူက တေးရေးဆရာပါပဲ။ သူ့အတွက် ကာကွယ်စောင့်ရှောက်ဖို့ အဖွဲ့တွေ ဖွဲ့ပါတယ်။
ဒီနေရာမှာ အနုပညာ ညီအစ်ကိုမောင်နှမများ သဘောထားကြီးဖို့လည်း လိုပါတယ်။ တစ်ဖက်က ပရိသတ်လည်း ရှိသေးတယ်။ သူတို့က သူတို့ နားထောင်ချင်တဲ့ သီချင်းကို တောင်းတယ်။ အဆိုတော်က "ဒီသီချင်းကို မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တေးရေးဆရာက မူပိုင်ခွင့် တောင်းမှာစိုးလို့ပါ" ဆိုတာမျိုးကို မပြောသင့်ပါ။ တေးရေးဆရာကို ပရိသတ်နဲ့ ရန်တိုက်ပေးသလိုမျိုး မလုပ်သင့်ပါ။ တေးရေးသူများဟာ သူတို့ရပိုင်ခွင့် နည်းနည်းကိုသာ တောင်းဆိုတာပါ။ လိုအပ်ရင် သူတို့ကလည်း လျှော့ပေါ့ပေးကြတာပါပဲ။ အရင်တစ်ခေတ်လုံး သူတို့ အနစ်နာခံခဲ့တာကို ကိုယ်ချင်းစာဖို့ပါ။
မူပိုင်ခွင့်မှာ မေတ္တာတရားတွေနဲ့ ဖြေရှင်းရင် အခက်အခဲ မရှိပါဘူး။ ကျွန်တော်ဆိုလိုတာက မူပိုင်ခွင့်ကို သဘောပေါက်လာရင် အားလုံးအဆင်ပြေကြမှာပါ။ ပညာရှင်အများ တိုးတက်ကြီးပွားနိုင်ကြပါစေ။
Bi Weekly Eleven Journal
အတွဲ (၃) အမှတ် (၃)
April 9, 2010
စာမျက်နှာ - ၂၃
အတွဲ (၃) အမှတ် (၃)
April 9, 2010
စာမျက်နှာ - ၂၃
No comments:
Post a Comment