ညနေပိုင်းသတင်းမှာ ရန်ကုန်မှာ ဗုံးပေါက်ကွဲတဲ့အကြောင်း လွှင့်သွားတယ်လို့ သူငယ်ချင်းတစ်ယောက်က လာပြောတဲ့အတွက် အခန်းအောင်းမနေနိုင်တော့ပဲ အင်တာနက်သုံးလို့ရတဲ့နေရာကို အပြေးလာခဲ့ရတယ်။ အင်တာနက်မှာ ဟိုသတင်းလိုက်ဖတ်၊ ဒီသတင်းလိုက်ဖတ်၊ ဂျီတော့ခ်က တွေ့သမျှ သူငယ်ချင်းတွေကိုလည်း သိသမျှလင့်ခ်တွေမေးရနဲ့ နည်းနည်းအလုပ်ရှုပ်သွားတယ်။
ရန်ကုန်သင်္ကြန်မှာ ဗုံးပေါက်ကွဲတာ တကယ်ဆိုတာ သိလိုက်ရတယ်။ ကန်တော်ကြီးမှာရှိတဲ့ မဏ္ဍပ်တစ်ခုလို့ဆိုတယ်။ X2O မဏ္ဍပ်လို့ ရေးကြတာ ဖတ်ရတယ်။ လူအသေအပျောက်တွေ၊ ဒဏ်ရာရတာတွေက တစ်ယောက်တစ်မျိုးစီပဲ ဖြစ်နေကြသေးတယ်။ အဲဒီအတွက် မရေးတော့ပါဘူး။
ရန်ကုန်ဗုံးပေါက်တာနဲ့ပတ်သက်တဲ့သတင်းတွေကို အောက်ကနေရာတွေမှာ သွားဖတ်နိုင်ပါတယ်။
(၁) ကိုညီလင်းဆက်ဘလော့ဂ် (ဓာတ်ပုံတွေနဲ့ပါ ဖော်ပြထားပါတယ်)
(၂) ဂူဂဲလ်သတင်း
(၃) MySinchew သတင်း
အခြားသော သတင်းဌာနတွေကိုတော့ မဖော်ပြတော့ပါဘူး။ မြန်မာလိုဖတ်လို့ရတဲ့အတွက် သူတို့ကို အားကိုးရမလား မှတ်ပါတယ်။ သူတို့ရေးထားသမျှက ဗုံးပေါက်တာကို ပျော်နေတဲ့လေသံတွေ စွက်နေတယ်လို့ ခံစားရလို့ပါ။ အစိုးရကို ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အခုလို ဗုံးပေါက်ကွဲပြီး ပြည်သူတွေ သေဆုံးဒဏ်ရာရတာဟာ ပျော်စရာမဟုတ်ပါ။ အစိုးရကို နှိပ်ကွပ်ဖို့အတွက် အကွက်ရပြီ၊ ငါတို့အတွက် အထူးသတင်းရေးစရာ၊ လွှင့်စရာ၊ ဆွေးနွေးစရာရပြီဆိုပြီး ကျေနပ်ရမယ့်ကိစ္စမျိုး မဟုတ်ပါ။
ဒီဗုံးဖောက်ခွဲမှုကို ဘယ်သူတွေ လုပ်တာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကို ရည်ရွယ်တာပဲဖြစ်ဖြစ်၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာပဲဖြစ်ဖြစ် အတိအလင်း ရှုံ့ချပါတယ်။ သူရဲဘောကြောင်တဲ့လူတွေ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့လူတွေ၊ လူစိတ်မရှိသူတွေရဲ့ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တစ်ခုလို့ အမည်ပေးချင်ပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ငြိမ်းချမ်းနေကြတဲ့ အပြစ်မဲ့ပြည်သူတွေကို သေကြေအောင်၊ ထိခိုက်ဒဏ်ရာရအောင် လုပ်တဲ့လူတွေဟာ ဘယ်သူတွေပဲဖြစ်ပါစေ တိရစ္ဆာန်စိတ်ဓာတ်ပဲ ရှိတယ်လို့ ဆိုချင်ပါတယ်။ အဲဒီလိုလူမျိုးတွေအတွက် ငရဲကလည်း အဆင်သင့်နေမှာပါ၊ ရာဇ၀တ်ဘေးဆိုတာကလည်း ပြေးလွတ်စရာမရှိပါဘူး။
ဗုံးပေါက်ကွဲတဲ့ သတင်းတွေကို ဖတ်ပြီး၊ နားထောင်ပြီး၊ ကြည့်ပြီး အဲဒီဖြစ်စဉ်ကို ဖန်တီးတဲ့လူတွေ ပျော်နေမလား၊ အောင်ပွဲခံနေမလား ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ သွေးချောင်းစီးနေသူတွေ၊ ဒဏ်ရာအနာတရနဲ့ ညည်းငြူသူတွေ၊ ဘေးကနေ အထိတ်တလန့်နဲ့ မျက်ကလူးဆန်ပြာ ဖြစ်နေသူတွေကိုကြည့်ပြီး သူတို့တွေ သနားတတ်မှာ မဟုတ်တာပါပဲ။ သူတို့မှာ လူစိတ်မှ မရှိကြတာပဲ။
ဗုံးဖောက်ခွဲသည့် အကြမ်းဖက်တိရစ္ဆာန်များ ငရဲသို့ အမြန်ဆုံး လားကြပါစေ။
ဗုံးပေါက်ကွဲမှုကြောင့် သေကြေခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရခဲ့ကြသူများ၊ စိတ်ဒဏ်ရာရခဲ့သူများအတွက် သူတို့နှင့်အတူ၊ သူတို့၏ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း မြန်မာ့သွေး၌ မှတ်တမ်းတင်ရေးသားအပ်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၅ ရက်၊ ကြာသပတေးနေ့။
မဟာသင်္ကြန် အကြတ်နေ့။
ညနေ ၇ နာရီ ၄၀ မိနစ်တွင်ပြီး၏။
ထပ်တူထပ်မျှပါဘဲဗျာ..
ReplyDelete