Monday, April 19, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


နည်းနည်းရှင်းပြဦးမယ် (တစ်နည်း) လျှာရှည်ဦးမယ်
ဗီဒီယိုဇာတ်ကားအကြောင်းတွေ မရေးတော့ဘူးလားလို့ မေးလာတဲ့လူ အတော်များတဲ့အတွက် အံ့သြရသလို ၀မ်းသာရတယ်။ အံ့သြရတာက အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးရခြင်း ရည်ရွယ်ချက်က ကျွန်တော်ကြည့်ဖြစ်ခဲ့တာတွေကို ဒီအတိုင်း မှတ်ထားတာထက်စာရင် အခုလိုမျိုး ရေးပြီးမှတ်ထားတော့ နောင်တစ်ချိန် ပြန်ဖတ်ရင်၊ ပြန်ကိုးကားရင် ပိုပြီး အသုံးဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီလို ဗီဒီယိုဇာတ်ကားအကြောင်းတွေ ရေးတဲ့အတွက် အတိအလင်း ကန့်ကွက်ဝေဖန်တာ၊ အကြံပြုလာကြသူတွေတောင် ရှိကြတယ်။ တကယ့် စာကောင်းတွေကို တင်ပေးနေတဲ့နေရာမှာ အဲဒီဗီဒီယိုဇာတ်ကား အကြောင်းတွေက ဆွမ်းဆန်ထဲမှာ ကြွက်ချေးရောသလို ဖြစ်နေတယ်လို့ စိတ်ပူကြသူတွေပါ။ ကျေးဇူးတင်ရပါတယ်။ တချို့ကလည်း ဆက်ရေးသင့်တယ်တဲ့။ အဲဒီ တချို့ကိုပဲ ကျွန်တော်က အံ့သြရပြန်ရော။ ကျွန်တော်ထင်တာက ရေးထားတာတွေကိုဖတ်ပြီး သူတို့ဇာတ်လမ်းရွေးတဲ့အခါ အထောက်အကူဖြစ်တယ်လို့ အောက်မေ့မိတာကိုး။ ဘယ်ဟုတ်လို့တုန်း။ သူတို့တွေက ကြည့်ပြီးတာ ကြာလှနေပြီ။ ကျွန်တော်ရေးထားတဲ့ အမြင်တွေကို သဘောကျတာတဲ့။ ပြောရရင်ဗျာ… အဲဒီဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား ဝေဖန်ရေးသဘောမျိုး ရေးထားတာတွေကို ဖတ်ရတာ သဘောကျကြတာတဲ့။ ကဲ… ဘယ်လောက်တောင်များ အံ့သြဖို့ကောင်းလိုက်သလဲ။ ကြည့်ပြီးသားဇာတ်ကားတစ်ခုကို ကျွန်တော်က ကျွန်တော့်အမြင်အရ ထင်ရာမြင်ရာ ရေးထားတာတွေကို စိတ်ဝင်တစား စောင့်ဖတ်ကြတယ်၊ အားပေးကြတယ်ဆိုတာက ကျွန်တော်ဝမ်းသာရခြင်း အကြောင်းပါခင်ဗျား။ ဆက်ရေးသွားပါဦးမည်။

သြော်… တစ်လက်စတည်း ဒီသင်္ကြန်နားရက်မှာ ဇာတ်ကားအသစ်တွေ၊ အဟောင်းတွေ ရွေးမနေနိုင်ပါဘူး။ ကိုယ်မကြည့်ရသေးတာဟာ အသစ်ပဲပေါ့ဗျာ။ ဟုတ်တယ်မလား။ အဲဒီအတွက် ဟာ… ဘိုးတော်ဘုရားလက်ထက်က အခွေကြီးကို အခုမှလာရေးထားတယ်လို့ မျက်စောင်းတွေထိုးပြီး အတင်းတွေ ဆိုမနေကြပါနဲ့ဦးလို့ ကြိုတင်စကား ဆိုလိုက်ပါရစေနော်။ အလကားပြောတာပါဗျာ… သူများဇာတ်ကားတွေကိုကျတော့ ပိုက်ဆံလေးနည်းနည်း အကုန်ခံကြည့်ပြီး မတန်အောင်ပြောထားပြီးကာမှ ကိုယ့်အလှည့်ကျတော့ မနွဲ့ကြစတမ်းပေါ့။ ဟုတ်တယ်ဟုတ်? ပြောချင်ရာသာ ပြောကြပါ။ ကဲ.. ကျွန်တော်ကတော့ မြင်သမျှကို မြင်တဲ့အတိုင်း ပြောလိုက်ပါပြီ။

ဇာတ်ကားအမည် - ပင်လယ်ကောက်ကြောင်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - သည်ခေတ်နေ
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - နေတိုး၊ စိုးမြတ်သူဇာ၊ ၀ိုင်းစုခိုင်သိန်း၊၊ ဟိန်းမင်း
(ကျွန်တော့်အမြင်)
စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပါ။ သို့လော၊ သို့လောများစွာနဲ့ ကြည့်ခဲ့ရပြီး ဇာတ်သိမ်းသွားခါမှ သြော်.. ဒီလိုကိုးလို့ မှတ်ချက်ချရတဲ့ ဇာတ်ကားပါ။ အထူးသဖြင့် သရုပ်ဆောင်ကဝေ စိုးမြတ်သူဇာရဲ့ မျက်နှာအမူအရာတွေ၊ ပြောဆိုဟန်တွေဟာ ဇာတ်လမ်းကို ကြွတက်လာအောင်၊ အသက်ဝင်လာအောင် အများကြီး အထောက်အပံ့ ပေးသွားတာပါပဲ။ အဲဒါကြောင့်လည်း ဒီနေ့ဇာတ်ကားတွေမှာ စိုးမြတ်သူဇာပါတဲ့ ဇာတ်ကားတွေဟာ သိသိသာသာ တစ်မူထူးခြားနေတာ ဖြစ်မယ်ထင်ပါရဲ့။ တစ်ခုပဲ စိတ်ထဲမှာ မကျေမနပ်ဖြစ်ရတာက နေတိုးက စိုးမြတ်သူဇာ ဖုန်းပြောတာကို သူ့ရေဒီယိုနဲ့ ဘယ်လိုခိုးဖမ်းပြီး နားထောင်လို့ရသလဲဆိုတာပါ။ သူငယ်ချင်းတွေ ဂျီအက်စ်အမ်ဖုန်းပြောတိုင်း ဘေးကနေပြီး ရေဒီယိုတိုင်ထောင်ပြီး ဟိုလှည့်ဒီလှည့် လိုက်လုပ်ကြည့်နေမိတဲ့ ကျွန်တော်ကပဲ ညံ့လွန်းနေတာလား၊ နေတိုးသုံးတဲ့နည်းကိုပဲ ကျွန်တော်မသိနားမလည် တာလားဆိုတာကိုတော့ အခုအချိန်ထိ ဇဝေဇ၀ါ ဖြစ်နေရဆဲပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။

ဇာတ်ကားအမည် - ကဲကိုကဲလွန်းတယ်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ဉာဏ်ကြီး
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်
(ကျွန်တော့်အမြင်)
အဲဒီဇာတ်ကားက ဘယ်လောက်တောင် ဟောင်းနေပြီလဲဆိုတာ မသိဘူး။ မင်းမော်ကွန်းရုပ်ကို ကြည့်ရတာ တကယ့်ကို ကလေးသရုပ်ဆောင် ကြည့်နေရသလိုပဲ။ တစ်ကားလုံး မနားတမ်းရယ်လိုက်ရတယ်။ နောက်ဆုံးပြီးခါနီး နှစ်ခန်းပဲ ၀မ်းနည်းစရာ အတည်အခန့်အဖြစ် ကြည့်လိုက်ရတယ်။ ကျန်တာတွေက တစ်ကားလုံး ပါးစပ်ကို ပိတ်မနေရဘူး။ စကားတစ်ခွန်းပြောရင် ပြောတဲ့စကားက တစ်ခုမဟုတ်တစ်ခုနဲ့ ငြိပြီး ရယ်နေရတော့တာပဲ။ မင်းမော်ကွန်းနဲ့ အူဝဲကလည်း တကယ့်ကို ပီပီပြင်ပြင် ပေါပေးထားတယ်။ သြော်.. ပေါတယ်ဆိုလို့ အကြည်တော်ပေါတာမျိုး မထင်မှတ်လိုက်ပါနဲ့။ အတင်းကလိထိုးတာ၊ အောက်ပိုင်းပြက်တာမျိုးတွေ မပါဘဲ စကားလုံးတွေ၊ မျက်နှာအမူအရာတွေနဲ့ပဲ ရယ်အောင်လုပ်သွားတာပါ။ မကြည့်ဖူးသေးဘူးကွဆိုရင် ငှားကြည့်ဖြစ်အောင် ငှားကြည့်စမ်းပါဗျာ။ သြော်…. တစ်ခုတော့ရှိတာပေါ့ဗျာ။ အဲဒီဇာတ်ကားနာမည်ပြောပြီး အငှားဆိုင်မှာ သွားမေးလို့ အခွေငှားတဲ့လူက "ဒါ.. ဗီဒီယိုခွေ အငှားဆိုင်ဗျ… ဗီဒီယိုပြတိုက် မဟုတ်ဘူးဗျ" ဆိုရင်တော့ ဆက်မမေးပါနဲ့ဗျာ။ တော်ကြာ ခင်ဗျားကို လိုက်ရိုက်နေဦးမယ်။ တစ်ရက်ကို ဇာတ်ကားဆယ်ဂဏန်းအထက် ထွက်နေတဲ့ ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဇာတ်ကားကို သွားမေးတာမျိုးကို ဘယ်အခွေငှားသူက ကျေနပ်လိမ့်မလဲဗျာ။ ကျွန်တော့်လိုမျိုး ကိုယ့်ဘာသာကိုယ် လက်ကို ဖုန်အပေခံပြီး လိုက်ဖွ၊ လိုက်ရှာရင်တော့ ကြည့်ရကောင်းပါရဲ့ဗျာ။ :D

ဇာတ်ကားအမည် - ပန်းသွန်းကဗျာ
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - သီဟစိုး
ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - ပြေတီဦး၊ ဆန်းထွဋ်၊ အိန္ဒြာကျော်ဇင်၊ ခင်မို့မို့အေး
(ကျွန်တော့်အမြင်)
နောက်ပိုင်းဇာတ်ကားတွေမှာ အတွဲညီနေတဲ့ သီဟစိုးနဲ့ ၀ိုင်းရဲ့ ပူးပေါင်းဖန်တီးမှုဟာ ဆရာမ ပုညခင်ရဲ့ ၀တ္ထုကို တကယ့်ကို အသက်ဝင်လာအောင် ပုံသွင်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မတင်မကျဖြစ်နေရတာတစ်ခုက ဆန်းထွဋ်ကိုကြည့်ရင်းနဲ့ အဲဒီဇာတ်ကောင်ဟာ ဆန်းထွဋ်ဖြစ်သွားတာလား၊ ဆန်းထွဋ်ကပဲ အဲဒီဇာတ်ကောင်စရိုက်နဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာလားဆိုတာကိုပါ။ အူဝဲကို ချစ်တဲ့လူတွေအတွက်တော့ ရင်ဘတ်ကြီးကို ကြက်မွေးနဲ့ ကလိနေသလိုမျိုး အိုက်တင်အမျိုးမျိုး၊ မျက်နှာပေးအမျိုးမျိုးနဲ့ ကလူကျီစယ်တာကို ခံစားကြရဦးမှာပါ။ အဓိကပြောစရာ ဖြစ်ခဲ့ရတာကတော့ ဇာတ်ကွက်အလှည့်ဖြစ်ပါတယ်။ လုံးဝမထင်မှတ်ထားတဲ့ အကွက်ကို ရွှေ့ပစ်လိုက်တဲ့အတွက် ဇာတ်ကားပြီးသွားမှန်း သိသိကြီးနဲ့ တနုံ့နုံ့နဲ့ ဘယ်လိုကြီးဖြစ်ပြီး ကျန်ခဲ့မှန်း မသိပါဘူး။ အဲဒီလောက်တော့ မလုပ်သင့်ပါဘူးဗျာ။ ဇာတ်သိမ်းခန်းကို ရေးတဲ့အချိန်မှာ ဆရာမပုညခင်ရဲ့ သွေးထဲကို မောင်လှမျိုးရဲ့ ၀ိညာဉ်တွေများ စီးဝင်သွားခဲ့သလားဆိုတာ တွေးနေမိတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါဗျာ။

ဇာတ်ကားအမည် - ပီးပေါ်နှင့် သူ၏ဇနီး
ဇာတ်လမ်း - မိုးကလေး
ဇာတ်ညွှန်း - လှေနံဓားထစ်
ဒါရိုက်တာ - မိုးအောင် ၏ လက်ရာ
သရုပ်ဆောင်များ - သူထူးစံ၊ သင်ဇာဝင့်ကျော်၊ ၀င်းနိုင် (အနုပညာ)၊ ဗေဒါ
(ကျွန်တော့်အမြင်)
ရှေ့ပိုင်းနှစ်ခန်းလောက် ကြည့်ပြီးတဲ့အချိန်မှာ သည်းခံနိုင်စွမ်း အတော်ကုန်နေပါပြီ။ ဒါပေမယ့် အကောင်းမြင်စိတ်ကလေး မွေးပြီးတော့ နည်းနည်းထပ်တိုးပြီး ကြည့်ရင်းကြည့်ရင်းနဲ့ စီဒီပထမတစ်ချပ် ပြီးဆုံးတဲ့အခါမှာ ကျွန်တော့်စိတ်ရော၊ ဦးနှောက်ရောက ဘယ်လိုမှကို ဒုတိယအချပ်ကို ထပ်ထည့်ဖို့ ခွင့်မပြုတော့ပါဘူး။ လပ်ကီးဆဲဗင်းနဲ့ မအေးအေးဝင်း စီစဉ်သည်ဆိုတဲ့ စကားလုံးတွေကို ရူးသွပ်ယုံကြည်ခဲ့ဖူးတဲ့ ကျွန်တော့်အတွက် အတော်လေးကို ဆိုးဝါးသွားစေတဲ့ ဇာတ်ကားပါ။ သူများတွေက အရေအတွက်မှ အရည်အချင်းသို့ဆိုပြီး လုပ်နေကြတဲ့အချိန်မှာ လပ်ကီးဆဲဗင်းဟာ အရည်အချင်းကနေ အရေအတွက် (အရည်အချင်းမရှိသော) ဖြစ်သွားတာကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

ဇာတ်ကားအမည် - ပန်းသီးဝိုင်
ဝတ္ထု - မျိုးကိုမျိုး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ကိုပေါက်၊ ဦးအောင်လွင်၊ ကေညီဦး၊ အေးသီတာ၊ တက္ကသိုလ်ဂွမ်းပုံ၊ ယွန်းရွှေရည်
(ကျွန်တော့်အမြင်)
ရယ်ရတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် အတင်းအဓမ္မ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ခုလို့ မြင်မိပါတယ်။ အပြင်မှာ တကယ်ပဲ အဲဒီလို ပက်ပက်စက်စက် တိုက်ဆိုင်တာမျိုးတွေ ရှိနေသလားဆိုပြီး တွေးနေမိတယ်။ တစ်ခါတိုက်ဆိုင်၊ နှစ်ခါတိုက်ဆိုင်၊ အိုဗျာ… သုံးခါအထိ တိုက်ဆိုင်ပါဦးဗျာ။ ဘယ်နှယ့်ဗျာ… အခုတော့ ဇာတ်မသိမ်းမချင်း တိုက်ဆိုင်နေတာကြီးကတော့ ကြည့်နေရင်းနဲ့ ဘယ်လိုကြီးဖြစ်မှန်း မသိဘူး။ အပျော်ကြည့်အနေနဲ့တော့ ကြည့်ပျော်ပါတယ်။ ရယ်မောပျော်ရွှင်ရမှာပါ။ မင်းမော်ကွန်းကလည်း နဂိုကတည်းက ပြောင်စပ်စပ်၊ အူဝဲကလည်း လိုသလိုလုပ်ပြနိုင်တဲ့ ကဝေမဆိုတော့ သူတို့ကို ကြည့်ရတာနဲ့တင် ရယ်နေရပါပြီ။ အပျင်းပြေသက်သက်တော့ ကြည့်လို့ကောင်းပါ့ဗျာ။

ဇာတ်ကားအမည် - မကြောက်နဲ့ ချစ်လိုက်
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - မိုးကျော်အောင် (M.K.A)
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ ကျော်ထက်၊ စိုးမြတ်သူဇာ၊ ခင်လေးနွယ်၊ ခင်လှိုင်
(ကျွန်တော့်အမြင်)
ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်က အတော်လေးကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်သစ် ကျော်ထက်ရဲ့ အတွေ့အကြုံနည်းမှုကြောင့် (အားမနာတမ်းပြောရရင်) ဇာတ်လမ်းက ပေါ့သွားတယ်။ သူလုပ်ရမယ့် ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် လုပ်နိုင်တယ်လို့ အကြမ်းဖျင်း ပြောနိုင်တယ်။ ဒါပေမယ့် သူသရုပ်ဆောင်နေတာက သရုပ်ဆောင်နေသလိုပဲ ဖြစ်နေတာက အတော်ဆိုးတယ်။ ဆိုလိုတာကဗျာ…. သူလုပ်နေရတဲ့ ဇာတ်ကောင်စရိုက်ဟာ သူ့ဝိညာဉ်ထဲမှာ ပူးဝင်မနေတာပါပဲ။ အဲဒီတော့ သူ့မျက်လုံးတွေကသတ်သတ်၊ သူလုပ်နေတာကသတ်သတ် ဖြစ်နေတော့တာပေါ့။ ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာကို ဘာလို့ထည့်ထားသလဲ ဆိုတာကိုတော့ ကိုဇော်(အရုဏ်ဦး)ကိုတောင် မေးကြည့်စရာ မလိုပါဘူးဗျာ။ သူတို့မပါဘဲ အဲဒီဇာတ်ကားကိုသာ ကြည့်ရရင်ဆိုတဲ့ အတွေးနဲ့တင် သက်ပြင်းအလုံးကြီး ချလိုက်မိတယ်။ ပေါတောတော ဇာတ်ကားတွေထက်စာရင်တော့ ငှားကြည့်ပျော်တဲ့ကားပါ။

ဇာတ်ကားအမည် - ဂေါက်ချက်ကတော့ ကမ်းကုန်
ဇာတ်လမ်း - ဆရာလေး ကိုကြည်နိုင်
ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး ရဲ့ ရိုက်ချက်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ န၀ရတ်၊ ခင်လှိုင်၊ တိမ်ညွန့်၊ ဆင်မ
(ကျွန်တော့်အမြင်)
မပြောချင်ဘူး.. ဒါပေမယ့် ပြောရဦးမယ်။ ပရိသတ်တစ်ယောက်အနေနဲ့ အမြင်ကို အမြင်အတိုင်းပဲ ပြောတာပါ။ ဘယ်သူ့ကို သာပါစေ၊ နာပါစေဆိုတဲ့စိတ် မရှိရပါဘူး။ ပေးထားတဲ့ပိုက်ဆံနဲ့ တန်အောင်ပြောတာလို့ ဆိုချင်လည်း ဆိုကြပါဗျာ။ ဇာတ်လမ်းရေးတဲ့ဆရာလေးကိုတော့ ကျွန်တော်မသိဘူး။ ဇာတ်ညွှန်းရေးတဲ့ ဂေါက်ကြီးကတော့ တကယ့်ကို နာမည်နဲ့လိုက်တယ်။ မိုက်တီးကလည်း တကယ့်ကို ရိုက်ချက်ပြင်းတယ်။ ကြည့်ရတဲ့ ကျွန်တော့်မှာ ခွေကနဲပဲ။ အထင်ကြီးတစ်ခွဲသားနဲ့ ကြည့်ရတာဆိုတော့ အထိပိုနာတယ်။ ဇာတ်ကားနာမည်ပေးထားတာကို အဲဒီတော့မှ ပြန်စဉ်းစားမိတယ်။ လက်စသတ်တော့ ဇာတ်ကားနာမည်မှ မဟုတ်တာပဲဗျာ။ ကြည့်တဲ့ပရိသတ်တွေကို ပြောတာပဲဗျ။ ဟုတ်တော့ဟုတ်ပါတယ်ဗျာ။ ကျွန်တော်တို့ကလည်း အဲဒီကားကို ငှားကြည့်မိတာကိုး။ ဂေါက်ချက်ကတော့ ကမ်းကုန်ပါပဲဗျာ။ ကိုယ့်ကိုယ်ကိုယ် ပြောပါတယ်။ ဘယ်သူ့ကိုမှ မဆိုလိုပါဘူး။

ဇာတ်ကားအမည် - နှင်းဆီမိုးတိမ်
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း - အောင်ကြီး၊ စိုးမြတ်သူဇာ
ရိုက်ညွှန်း - ဒွေး
ဒါရိုက်တာ - ဒွေး
သရုပ်ဆောင်များ - ဒွေး၊ သားညီ၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ ဖူးဖူး၊ ထွန်းထွန်းဝင်း
(ကျွန်တော့်အမြင်)
နာမည်ကြီးနေတဲ့ဇာတ်ကားကို အခုမှပဲ မျက်ဝါးထင်ထင် ကြည့်ဖြစ်တော့တယ်။ ဒွေး နောက်ဆုံး အားထုတ်ခဲ့တယ်ဆိုတဲ့ ဇာတ်ကားဆိုလို့လည်း စိတ်ဝင်စားမှု ပိုခဲ့တယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဒွေးရဲ့ရူးသွပ်မှုတွေ၊ အားထုတ်မှုတွေ၊ မဖြစ်မနေ ကြိုးစားထားတာတွေကို မြင်တွေ့လိုက်ရတယ်။ မြန်မာရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ ကြည့်တောင့်ကြည့်ရခဲတဲ့ ရိုက်ချက်တွေ၊ တည်းဖြတ်မှုတွေ၊ အယူအဆတွေကို ကြည့်လိုက်ရတယ်။ အမှန်အတိုင်းပြောရရင် ဒွေးသေသွားတုန်းက ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှကို မဖြစ်မိပါဘူး။ လူတိုင်းသေကြမှာပဲကိုး။ လူတစ်ယောက်သေသွားတာပဲကိုး။ ဒါပေမယ့် အခုကြည့်လိုက်ရတဲ့ နှင်းဆီမိုးတိမ်ကို ကြည့်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဒွေးကို တကယ်ကို လွမ်းသွားပါတယ်။ သေသွားတဲ့အတွက် နှမြောသွားမိပါတယ်။ ကျော်ဟိန်းကြီး ဘာကြောင့်မို့ ဒွေးအတွက် ဒေါသတွေ ထွက်ခဲ့ရတယ်ဆိုတာကို သေသေချာချာ နားလည်သွားတယ်။ ဇာတ်လမ်းတွေ၊ သရုပ်ဆောင်အကြောင်းတွေ ပြောပြနေစရာ လိုမယ်မထင်ပါဘူး။ ပါမောက္ခကြီးတော်တာကို နွားကျောင်းသားက ချီးကျူးနေစရာမှ မလိုတာပဲဗျာ။ ချီးကျူးနေမိရင်လည်း လူရယ်စရာ ဖြစ်နေမှာပေါ့။ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၀၁ မိနစ်တွင် ပြီး၏။

1 comment:

  1. ကြည့်နှိုင်လှချည်လားဗျာ။

    ReplyDelete

 
Web Statistics