Monday, April 19, 2010

တစ်သက်တာ စာပေဆု


မြန်မာစာပေလောကတွင် ဘ၀တစ်သက်တာစာပေဆုကို ပေးအပ်ရန် စတင်စိတ်ကူးခဲ့သော ပုဂ္ဂိုလ်ကြီးမှာ မဟာကဗျာဆရာဘွဲ့နှင့် စာပေဆိုင်ရာ သံတမန်ဘွဲ့များ အပ်နှင်းချီးမြှင့်ခြင်းခံရသူ ဒေါက်တာထီလာစစ်သူ ဖြစ်၍ ယင်းအကြံအစည်အား အကောင်အထည်ဖော်သူမှာ စာပေတာဝန်ကို တစ်သက်တာကာလပတ်လုံး ဦးလည်မသုန် ထမ်းဆောင်ခဲ့၍ သူ့ဘ၀နှင့် မြန်မာစာပေကို ခွဲခြားရန် ခက်ခဲရလောက်အောင် တစ်ပူးတစ်တွဲရှိခဲ့သူနှင့် လွတ်လပ်ရေးရရှိပြီးကာလ စာပေမဏ္ဍိုင်ပုဂ္ဂိုလ်ကြီးဟု ဆိုရလောက်အောင် စာပေဂုဏ်ရှိသူ ရှေ့မီနောက်မီ စာရေးဆရာကြီး မောင်ဆုရှင် (ဦးမျိုးသန့်)ပင် ဖြစ်ပါသည်။ ဤစာရေးဆရာကြီးနှစ်ဦး၏ ကျေးဇူးကြောင့် မြန်မာနိုင်ငံ စာပေသမိုင်းတွင် တစ်သက်တာစာပေဆု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တစ်သက်တာစာပေဆု ချီးမြှင့်သော ဌာနကြီးလေးခု ရှိပါသည်။ ယင်းတို့မှာ -
(၁) နိုင်ငံတော်က ချီးမြှင့်သော အမျိုးသားစာပေဆု
(၂) ပခုက္ကူ ဦးအုန်းဖေ စာပေဆု
(၃) သုတစွယ်စုံ စာပေဆု
(၄) ထွန်းဖောင်ဒေးရှင်း စာပေဆု တို့ ဖြစ်ပါသည်။

အမျိုးသားစာပေ တစ်သက်တာစာပေဆု ရရှိသော စာပေပညာရှင်ကြီး (၈) ဦး ရှိပါသည်။
(၁) ပါရဂူ
(၂) မောင်ထင်
(၃) ဌေးမောင်
(၄) လေးမြိုင်
(၅) စောမုံညင်း
(၆) ဒေါ်ကြန်
(၇) ဆင်ဖြူကျွန်းအောင်သိန်း
(၈) ဒေါက်တာ ကျော်စိန်

ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ရရှိသော စာပေပညာရှင်ကြီး (၂၀) ဦး ရှိပါသည်။
(၁) မောင်ထင်
(၂) သင်္ခါ
(၃) ရန်အောင်
(၄) ဦးသုခ
(၅) ဇေယျာမောင်
(၆) တက္ကသိုလ် ထင်ကြီး
(၇) တက်တိုး
(၈) ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)
(၉) တိုက်စိုး
(၁၀) ဒဂုန်တာရာ
(၁၁) ပါရဂူ
(၁၂) ဦးမျိုးသန့် (မောင်ဆုရှင်)
(၁၃) စောမုံညင်း
(၁၄) ဆင်ဖြူကျွန်း အောင်သိန်း
(၁၅) ဒေါ်ကြန်
(၁၆) မမြတ်လေး
(၁၇) ခင်ဆွေဦး
(၁၈) ဒေါက်တာ ဦးသော်ကောင်း
(၁၉) ဒေါက်တာ ကျော်စိန်
(၂၀) ညွန့်ဝေ (ကသာ)

သုတစွယ်စုံ တစ်သက်တာစာပေဆု ရရှိသော စာပေပညာရှင်ကြီး (၅)ဦး ရှိပါသည်။
(၁) သိပ္ပံမှူးတင်
(၂) ပါရဂူ
(၃) ဦးမျိုးသန့် (မောင်ဆုရှင်)
(၄) ဒေါက်တာ ခင်မောင်ညွန့်
(၅) ချစ်စံဝင်း

ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု ရရှိသော စာပေပညာရှင်ကြီး (၁) ဦး ရှိပါသည်။
(၁) ဦးမျိုးသန့် (မောင်ဆုရှင်)

တစ်သက်တာစာပေဆု ပေးအပ်ရန် စတင်စိတ်ကူးခဲ့သော်လည်း တစ်သက်တာစာပေဆု ရရှိသွားခြင်း မရှိခဲ့သူသည် မဟာကဗျာဆရာ ဒေါက်တာထီလာစစ်သူ ဖြစ်ပါသည်။

မှတ်ချက်
၂၀၁၀ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၈၀)၊ စာမျက်နှာ-၃၃ တွင် ဖော်ပြပါရှိသည့် [ဆရာ ချစ်စံဝင်း] ၏ [မဟာကဗျာဆရာ နှင့် မဟာစာပေဆရာ ပုဂ္ဂိုလ်ကြီးနှစ်ဦး] ဆောင်းပါးမှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။

စာကြွင်း
ဆရာချစ်စံဝင်း၏ ဆောင်းပါးတစ်ခုလုံးကို ပြန်လည်ကူးယူတင်ပြချင်သော်လည်း အချိန်အခက်အခဲကြောင့် ပြန်ရိုက်ပေးရန် မတတ်နိုင်သည်ကို စိတ်မကောင်းဖြစ်ရပါသည်။ ထို့ကြောင့် အဓိကမှတ်တမ်းများကိုသာ ပြန်လည်ကူးယူထားမိပါသည်။ နောက်တစ်ခုက ဆောင်းပါးတွင် တစ်သက်တာစာပေဆုရ ဆရာကြီးများ၏ အမည်များကို ရေးသားထားရာ၌ ဆရာချစ်စံဝင်းက တလေးတစားဖြင့် ဆရာပါရဂူ၊ ဆရာမကြီးဒေါ်စောမုံညင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။ သို့သော် ကျွန်တော်က အဆိုပါ [ဆရာ၊ ဆရာမကြီး၊ ဦး၊ ဒေါ်] စသည့် အသုံးအနှုန်းများကို ဖြုတ်ပစ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်သည့်အတွက် အဆိုပါ စာရေးဆရာကြီး၊ ဆရာမကြီးများကို မရိုမသေ၊ မလေးမစား၊ အဂါရ၀ပြုသည်ဟု မယူဆကြစေချင်ပါ။ ကျွန်တော့်သဘောကတော့ စာရေးဆရာကြီးများ၏ မူလကလောင်အမည် အတိုင်းသာလျှင် ဖော်ပြလိုခြင်း ဖြစ်ပါသည်။ အဆိုပါ စာပေပညာရှင်ကြီးများ အားလုံးသည် မြန်မာစာပေလောကတွင် အထင်ကရများဖြစ်၍ စာဖတ်သူတိုင်းနီးနီးက သိရှိပြီး၊ အကျွမ်းဝင်ပြီး ပုဂ္ဂိုလ်ကြီးများဟု ယုံကြည်ပါသည်။ သူတို့ကို ဦးဘယ်သူ၊ ဒေါ်ဘယ်သူ၊ ဆရာကြီးဘယ်သူ စသည်ဖြင့် ခေါ်ဆိုရေးသားရသည်ထက် ကလောင်နာမည်အတိုင်း ဒီအတိုင်းရေးရတာက ပိုမိုပြီး ချစ်ခင်ရင်းနှီးသလို ခံစားရသည်ဟု ထင်မိပါသည်။ ဥပမာပြောရလျှင် ဒီနေ့ခေတ် ဆယ်ကျော်သက်တစ်ယောက်က မင်းလူစာအုပ်ကို ဖတ်ပြီးချိန်တွင် ဦးမင်းလူ အသစ်ထွက်တဲစာအုပ် ကောင်းတယ်ကွဟု ပြောမည်မထင်ပါ။ ထိုသို့မပြောသည့်အတွက် မင်းလူစာအုပ်ကောင်းတယ်ကွ၊ မင်းဖတ်ပြီးပြီလား အဲဒီကောင်ကတော့ ရေးလိုက်ရင် ပေါက်ပေါက်ရှာရှာကွာဟုလည်း ပြောကြမည်မထင်ပါ။ မြန်မာစာဖတ်ပရိသတ်သည် စာရေးဆရာများကို လေးစားရင်းစွဲရှိပြီး ဖြစ်ပါသည်။ ထို့အပြင် ဦးမင်းလူ၊ ဆရာမင်းလူ စသည်ဖြင့် ပြောဆိုတာက အကြောင်းမဟုတ်ဘဲ ထိုအတိုင်းသာ ရေးသားမည်ဆိုပါက နောင်တစ်ချိန်တွင် သမိုင်းမှတ်တမ်းအနေဖြင့် အခက်အခဲရှိသည်ဟု မြင်မိပါသည်။ အကျယ် မရှင်းလိုတော့ပါ။ နားလည်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ပြောလိုသည်မှာ ဆရာကြီးပါရဂူကို ပါရဂူ၊ ဆရာကြီးဦးသုခကို သုခ၊ ဆရာမကြီး ဒေါ်စောမုံညင်းကို စောမုံညင်း စသည်ဖြင့် ကျွန်တော်ရေးသားထားခြင်းသည် အဆိုပါ စာပေပညာရှင်ကြီးများကို မလေးမစား၊ မရိုမသေလုပ်ခြင်း မဟုတ်ပါကြောင်း အလေးအနက် အသိပေးလိုခြင်း ဖြစ်ပါသည်။ သက်မဲ့စာအုပ်များကိုသော်မှ တရိုတသေ၊ တလေးတစား၊ တမြတ်တနိုး တန်ဖိုးထားသည့် ကျွန်တော့်အတွက် အဆိုပါစာအုပ်များကို ရေးသားပြုစုခဲ့ကြသည့် စာရေးဆရာကြီးများ၊ စာရေးဆရာကြီးများကို မည်သို့သဘောထားမည် ဆိုသည်ကတော့ ပြောစရာလိုအံ့မထင်ပါ။ ကျေးဇူးတင်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၃၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics