အင်္ဂလန်ပရီမီယားလိဂ်ကို ရင်ခုန်ကြသူတွေအတွက် ဒီနှစ်ဘောလုံးရာသီကတော့ တကယ့်ကို စိတ်ဝင်စားစရာ ရသအဖုံဖုံနဲ့ ဆွဲဆောင်ထားနိုင်နေဆဲပါပဲ။ အမှတ်ပေးပွဲစဉ်တွေပြီးဆုံးဖို့ (၃)ပွဲပဲ လိုတော့တဲ့အချိန်မှာ ဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာကို ဘယ်သူကမှ မပြောနိုင်ဘူးဖြစ်နေတယ်။ မန်ချက်စတာယူနိုက်တက်လား၊ ချဲလ်ဆီးလား ဘယ်အသင်းလဲဆိုတာကို ဘယ်သူကမှ တစ်ထစ်ချ မပြောရဲသေးဘူး။ မရဲတရဲလည်း မပြောနိုင်သေးဘူး။ စိတ်ကူးနဲ့လည်း မမှန်းဆနိုင်သေးဘူး။ လက်ကျန်သုံးပွဲမှာ ဖြစ်ချင်တာတွေ ဖြစ်နိုင်နေသေးတာကိုး။
ချန်ပီယံလုပွဲမှာ မထွက်ချင်ပေမယ့် ခြေရည်မမီ၊ အဆင့်မမီလို့ အစောကြီး ထွက်သွားရတာက ကြိုးကြာနီ လီဗာပူးလ်။ You'll never walk alone ဆိုတဲ့ သူတို့ပရိသတ်တွေတော့ အချင်းချင်းပဲ တစ်ယောက်တစ်လှည့် နှစ်သိမ့်ပေးကြရင်းနဲ့ အမှတ်ပေးချန်ပီယံဖလားကို ဝေးဝေးကသာ လွမ်းပါမည်ဆိုတဲ့ သီချင်းကို ဆိုနေကြပြီ။ ဘင်နီတက်ဇ်မျက်နှာ တစ်ရွာမှတ်ပြီး ပြောင်းလာခဲ့တဲ့ တောရက်စ်ကတော့ အခုလောက်ဆိုရင် နောင်တတွေပဲ ရနေမလား၊ မန်ယူကို သွားခဲ့ရရင် အကောင်းသားဆိုပြီး လွတ်သောငါး ကြီးနေမလား၊ "x x x စပိန်ကို ပြန်ချင်တယ် x x x စပိန်မြေကို သိပ်လွမ်းတယ် x x x"ဆိုပြီး လွမ်းတေးတွေ သီကျူးနေမလား ဘယ်သူသိနိုင်ပါ့မလဲ။
ဒီနှစ်ဖလားလုပွဲမှာ ကျွန်တော်မပါချင်တော့ဘူးဆိုပြီး ပွဲအရှိန်ရနေကာမှ သူ့သဘောနဲ့သူ အလံဖြူပြပြီး ထွက်သွားတာက အာဆင်နယ်။ ကာလရှည်ကြီး ဖိအားတွေအများကြီးနဲ့ ပြိုင်ပွဲဝင်လာကြရတာဆိုတော့ ဆရာဝင်းဂါးရဲ့ ကလေးတွေလည်း ခြေကုန်လက်ပမ်း ကျသွားကြရှာပြီ ထင်ပါရဲ့။ ကျွန်တော့်ကလေးတွေကို ကျွန်တော်ယုံတယ်ဆိုတဲ့ အသံကိုတောင် နောက်နှစ်ကျရင် ကြားရပါတော့မလားလို့ ဂန်းနားပရိသတ်တွေ စိတ်ပူနေကြရပြီ။ ဖာဘရီဂတ်စ်ကလည်း အာဆင်နယ်နဲ့ အမ်းမရိတ်စ်ကွင်းကြီးဟာ သူ့အသည်းနှလုံးပါလို့ ဆိုနေပေမယ့် ချန်ပီယံလိဂ်ဖလားတွေ၊ စပိန်အမှတ်ပေးဖလားတွေပြပြီး မြူဆွယ်နေတဲ့ မွေးမိမာတာ ဘာစီလိုနာကို သံယောဇဉ်မျက်ဝန်းတွေနဲ့ ကြည့်နေရပြီလေ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရခဲ့ဖူးတဲ့ အသင်းရဲ့ တစ်သက်တာ အကောင်းဆုံး ဂန္ထ၀င်ဘောလုံးသမားဆိုတဲ့ အွန်နရီတောင်မှ ဘာကာရဲ့ အောင်မြင်မှုအလင်းရောင်အောက်ကို ခိုဝင်သွားခဲ့သေးတာပဲ။ ဖာဘရီဂတ်စ်က ဘာသားနဲ့ ထုထားတာမို့လဲ။ အခုချိန်လောက်ဆိုရင် ဂန်းနားလေးတွေစုပြီး "x x x ဒီနှစ်ခါလည်း အရင်နှစ်လိုပဲ ဖလားမဲ့ရပြီ x x x နောင်နှစ်ခါရော ဒီနှစ်လိုပဲ လာဦးမလား မသိပြီ x x x" ဆိုပြီး မျက်ရည်တွေနဲ့ သံပြိုင်ဟစ်ကြွေးနေလောက်ပြီ။
တစ်ဦးက အာဖရိကတိုက်ရဲ့ဂုဏ်ဆောင် မြင်းရိုင်းတစ်ကောင်ဖြစ်တဲ့ ဒရော့ဘာ။ အိုင်ဗရီကို့စ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ အဲဒီမြင်းရိုင်းဟာ အပြာရောင်တပ်ဖွဲ့အတွက်တော့ မရှိမဖြစ် ကျောက်ကောင်းတစ်ပွင့် ဖြစ်သလို ပရီမီးယားလိဂ်အတွက်လည်း အမှတ်အသားတစ်ခုတောင် ဖြစ်နေခဲ့ပါပြီ။ သန်မာလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လျင်မြန်လှတဲ့ ကစားပုံ၊ အားပါလှတဲ့ ကန်ချက်တွေက ခေတ်သစ်ဘောလုံးလောကအတွက် အံဝင်ဂွင်ကျဆိုသလို ဖြစ်လို့နေတယ်။
အာဖရိကန်ကစားသမား အများစုဟာ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူတွေ ဖြစ်ကြပါတယ်။ အဲဒီအထဲမှာမှ ဒရော့ဘာဟာ ထူးထူးခြားခြား ဆိုသလိုပဲ ကိုယ်ကာယကြံ့ခိုင်မှုအပြင် ဘောလုံးနည်းစနစ်လည်း ကျွမ်းကျင်မှုရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးတော့မယ်ဆိုရင် ဆန်ခါတင်စာရင်းမှာ အမြဲတမ်းပါနေတဲ့ ဒရော့ဘာကို ဂျော့ဝီယာနောက်ပိုင်းမှာ အထွန်းတောက်ဆုံး အနက်ရောင်စိန်တစ်ပွင့်အဖြစ် ကျွန်တော်က ဆိုချင်ပါတယ်။
နောက်တစ်ဦးကတော့ အဖြူရောင်ပီလီလို့ ပရိသတ်တွေက တင်စားကြတဲ့ ၀ိန်းရွန်းနီ။ အင်္ဂလန်အတွက်တော့ ရွန်းနီဟာ ဘက်ဟမ်းနောက်ပိုင်း ဂုဏ်ယူဖွယ်အကောင်းဆုံး သားကောင်းရတနာ ဖြစ်ပါလိမ့်မယ်။ ငယ်ရွယ်နုပျိုမှုနဲ့အတူ မခိုမကတ် ကြိုးစားမှု၊ ကြံ့ခိုင်သန်မာမှု၊ စိတ်ဓာတ်ပြင်းထန်မှု၊ ဘောလုံးနည်းစနစ် ကျွမ်းကျင်မှု၊ ဘောလုံးအထိန်းအသိမ်း ညက်ညောမှု၊ ဘောလုံးအပေးအပို့ သေသပ်တိကျမှု၊ ဂိုးသွင်းသေချာမှုတွေကြောင့် သရဲနီတို့ရဲ့ မရှိမဖြစ်သူရဲကောင်း ဖြစ်လာခဲ့ရတယ်။
ရီးရဲမက်ဒရစ်ကို စီရော်နယ်လ်ဒို ထွက်သွားတဲ့အတွက် ပရိသတ်တွေက စိတ်ပူခဲ့ကြပေမယ့် ရွန်းနီကတော့ "မလွမ်းလောက်ပါဘူး" သီချင်းကိုဆိုပြီး မန်ယူအတွက် အကောင်းဆုံး ပေးဆပ်ပြခဲ့တာ တစ်ကမ္ဘာလုံးက အံ့သြချီးကျူးရတဲ့အထိပဲ။ ဒီနှစ်မန်ယူအသင်းမှာ ကစားသမားကောင်း ပြောပလောက်အောင် မဖြည့်တင်းခဲ့ဘူးဆိုတာ လက်ခံရမယ်။ အဲဒီလို ပြောပလောက်အောင် နာမည်ကျော်ကစားသမား မရှိတဲ့အထဲကမှ ရှိနေတဲ့တစ်ယောက်ဖြစ်တဲ့ ရွန်းနီဟာ မန်ယူအတွက် တကယ့်ကို ကယ်တင်ရှင်တစ်ယောက်၊ တန်ခိုးရှင်တစ်ယောက်အဖြစ် နေ့ချင်းညချင်း ဖြစ်သွားရတာဟာ အမှတ်မထင်တော့ ဟုတ်မယ်မထင်ပါဘူး။ အမြဲတမ်းဘောလုံးကစားဖို့ပဲ ထက်သန်နေတဲ့ သူ့ရဲ့ဗီဇနဲ့အတူ အနိုင်ရချင်စိတ် ပြင်းထန်လွန်းတဲ့ သူ့ရဲ့စိတ်ဓာတ်တွေဟာ မန်ယူရဲ့ဝိညာဉ်တွေနဲ့ တစ်ထပ်တည်း ကျသွားတာ ဖြစ်ပါလိမ့်မယ်။ စီရော်နယ်လ်ဒိုဟာ မန်ယူအတွက် တကယ့်ကို ရှားရှားပါးပါး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူရဲ့ ဂန္ထ၀င်ကစားသမားကြီး ကင်တိုနာရဲ့ စိတ်ဓာတ်မျိုးနဲ့ မှော်ဆန်တဲ့ ဘောလုံးစွမ်းရည်တွေ ပိုင်ဆိုင်ပြီး ခြေရာနင်းနိုင်တာကတော့ ၀ိန်းရွန်းနီ ဖြစ်လို့နေပါတယ်။ အဲဒါကြောင့် ကျွန်တော်က ၀ိန်းရွန်းနီကို အဖြူရောင်ပီလီဆိုတာထက် အင်္ဂလိပ်ကင်တိုနာလို့ အမည်ပေးလိုက်ချင်ပါတယ်။
သူတို့နှစ်ယောက်က လောလောဆယ်မှာ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေကြတယ်။ ကွာခြားချက်က တစ်ဂိုးတည်း။ ပွဲကျန်သုံးပွဲမှာ ဘယ်သူက ဘယ်လိုဂိုးသွင်းပြီး ကျော်တက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြန်တယ်။ နောက်တစ်ခါ သူတို့အသင်းတွေရဲ့ အောင်မြင်မှုကိုလိုက်ပြီး သူတို့အတွက် တစ်ဦးချင်း ဆုတံဆိပ်တွေက စောင့်ကြိုလို့နေတယ်။ အခုအချိန်မှာ အင်္ဂလန်ပရီမီးယားလိဂ်အတွက် ဘယ်သူက အကောင်းဆုံးဆိုတာ ပြောဖို့ခက်တယ်။ ၀ိန်းရွန်းနီက ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတယ်လို့ တစ်ဖက်သတ်ဆိုရင်လည်း ဒီနှစ်ချဲလ်ဆီးအတွက် အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တဲ့ ဒရော့ဘာကို လျစ်လျူရှုဥပေက္ခာ ပြုရာရောက်မယ်။ ဒရော့ဘာကို အကောင်းဆုံးလို့ ပြောဖို့ရာကျလည်း မန်ယူတစ်သင်းလုံးရဲ့ စိတ်ဓာတ်အတက်အကျကို ထောက်ကန်ပေးထားတဲ့ ၀ိန်းရွန်းနီကို မလေးစားရာရောက်နေလိမ့်မယ်။ အဲဒီတော့ အခုအချိန်မှာ မပြောသေးဘဲ ရာသီကုန်တဲ့အချိန်ကျမှ ဘယ်အသင်းက အမှတ်ပေးချန်ပီယံဖလား ရမလဲဆိုတာကို စောင့်ကြည့်ပြီး ပြောရမယ့်အခြေအနေ ဖြစ်လို့နေတယ်။
မန်ယူအသင်းသာ ဖလားရသွားခဲ့ရင် ဘယ်အသင်းမှ မရဖူးသေးတဲ့ စံချိန်ဖြစ်တဲ့ (၄)နှစ်ဆက် အမှတ်ပေးချန်ပီယံဘွဲ့ကို ရရှိလိမ့်မယ်။ အမှန်ကတော့ အဲဒီတစ်ချက်တည်းနဲ့တင် မန်ယူရဲ့ ၀ိန်းရွန်းနီကို အကောင်းဆုံး ပေးသင့်နေပါပြီ။ ဒါပေမယ့် မန်ယူသာ ချန်ပီယံဖြစ်ခဲ့ရင် အဲဒီဂုဏ်ပုဒ်တစ်ခုတည်းနဲ့ မပြီးသေးဘူး။ ခေတ်သစ်ဘောလုံးလောကမှာ ဘယ်အသင်းမှ လိုက်မီဖို့ မလွယ်ကူတဲ့ အင်္ဂလန်ရဲ့ အမှတ်ပေးချန်ပီယံဆု အများဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အခုလောလောဆယ် ပူးတွဲရပ်တည်နေတဲ့ လီဗာပူးလ်ကိုကျော်ဖြတ်ပြီး သိမ်းပိုက်နိုင်ဦးမယ်လေ။ ကဲ… တကယ်လို့များ မန်ယူအသင်းသာ ဒီနှစ်အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် ၀ိန်းရွန်းနီဟာ အင်္ဂလန်ပရီမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆိုတာ ဘယ်သူကမှ ငြင်းပယ်ကြမယ် မထင်ပါဘူးနော်။
မော်ရင်ဟိုမရှိတော့တဲ့နောက် အင်္ဂလန်အမှတ်ပေး ချန်ပီယံဆုဖလားနဲ့ ခပ်ကင်းကင်းနေခဲ့ရတဲ့ ချဲလ်ဆီးအသင်းသာ ဒီနှစ်မှာ မန်ယူရဲ့ လေးနှစ်ဆက်ချန်ပီယံအိပ်မက်ကို ဖျက်ဆီးချေမွနိုင်ခဲ့မယ်ဆိုရင် ပိုက်ဆံတွေ ရေလိုသုံးထားတဲ့ ရုရှားသူဌေးကြီး အေဗရာမိုဗစ်ခ်ျ၊ ဒီနှစ်မှ ရောက်လာတဲ့ အီတလီသားကြီး အန်ဆယ်လော့တီ၊ တယ်ရီဦးဆောင်တဲ့ အပြာရောင်တပ်သားတွေ စတဲ့စတဲ့ ပုဂ္ဂိုလ်တွေ ပျော်တာမပျော်တာက မသေချာဘူး၊ သေချာပေါက် ပျော်မှာကတော့ အစောကြီးကတည်းက ချန်ပီယံပြိုင်ပွဲက ထွက်လိုက်ရတဲ့ လီဗာပူးလ်အသင်းပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ (မစားရတဲ့အမဲကို သဲနဲ့ပက်မဟဲ့ဆိုပြီး ချဲလ်ဆီးနဲ့ တွေ့မယ့်ပွဲမှာ လီဗာပူးလ်မကြိုးစားမှာကိုတောင် တွေးပူမိသေးတော့တယ်။ ဤကား စကားချပ်။) အဲဒါကြောင့် ချဲလ်ဆီးသာ အောင်ပွဲဆင်နိုင်ခဲ့ရင် ဒရော့ဘာဟာ ပရီမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုနဲ့ ထိုက်တန်ပါလိမ့်မယ်။
ကဲ… အခုတော့ မန်ယူနဲ့ ချဲလ်ဆီးအခြေအနေက အမှားမခံတော့တာတင် မဟုတ်တော့ဘူး။ မှားဖို့ကို စိတ်ကူးလို့ မရတော့တဲ့ အနေအထားကို ရောက်နေပြီ။ ဒီအချိန်မှာ အတွေ့အကြုံများပြီး အင်္ဂလန်ပရီမီးယားလိဂ်အကြောင်း အူမချေးခါးမကျန် သိထားတဲ့ မန်ယူရဲ့ သက်တော်ရှည်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကပဲ အမှားအယွင်းမရှိ ဖြတ်ကျော်ဗိုလ်စွဲသွားမလား၊ ပွဲကစားနေတဲ့အချိန် ကွင်းဘေးကနေ ကြီးကြပ်ရာမှာ သွေးအေးလွန်း၊ တည်ငြိမ်လွန်းတဲ့ အင်္ဂလန်ကို နောက်မှရောက်တဲ့ အီတလီသားကြီးကပဲ တည်တည်ငြိမ်ငြိမ်နဲ့ လက်မထောင်ပြပြီး ကတိပေးထားတဲ့အတိုင်း ချဲလ်ဆီးရဲ့ နည်းပြဟောင်း စပါယ်ရှယ်ဝမ်းအကြောင်းကို ပြောပြနိုင်မလားဆိုတာကိုတော့ ငွေရောင်ပိတ်ကားထက်မှာ မဟုတ်ဘဲ တီဗီဖန်သားပြင်မှာ စောင့်ကြည့်ကြရုံမှတစ်ပါး….။
မန်ယူပရိသတ်တွေ နဲ့ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ "၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား ဒီရာသီ" ဆိုတဲ့ မေးခွန်းပုစ္ဆာဟာ ရင်ခုန်စရာကောင်းနေတာ၊ စိတ်ဝင်စားမှုကောင်းနေတာတော့ ဘယ်သူကမှ ငြင်းမယ်မထင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မသိသေးတဲ့ အခြေအနေကို ကျေနပ်ပျော်ရွှင်မှုနဲ့အတူ ရင်ခုန်နေမိပါကြောင်း……………။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်၊ တနင်္လာနေ့။
ညနေ ၆ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment