စိန်ပန်းပြာတွေ ကြွေကုန်ပြီ။ အရွက်စိမ်းစိမ်းတွေက နေရာယူလိုက်ကြပြီ။ လက်ကျန်စိန်ပန်းပြာလေးတွေကလည်း ဟိုနားတစ်ပွင့်၊ ဒီနားတစ်ပွင့်နဲ့ပေါ့။ လေတစ်ချက်အဝေ့ဆိုရင် မြေပြင်ပေါ်ကို ကခုန်ပြီး ဆင်းလာကြရတာ တ၀ဲဝဲနဲ့။
ရာသီဥတုက အခုရက်ပိုင်း ကြည်ကြည်လင်လင် မရှိလှဘူး။ မိုးပေါက်တွေ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာလိုက်၊ တိတ်သွားလိုက်နဲ့။ ကောင်းကင်ကလည်း စောစောကပဲ အပြာရောင်လင်းနေတယ်၊ ခဏကြာတော့ မည်းမှောင်ချင် မည်းမှောင်နေပြန်ရော။ ဒီနေ့တစ်နေကုန်လည်း လေပြင်းတွေ တိုက်နေတယ်။ လမ်းသွားရင် အမှိုက်တွေ၊ ဖုန်တွေက မျက်စိထဲကို အပြေးအလွှား ၀င်လာကြတာ စိတ်ညစ်ဖို့ကောင်းတယ်။ အခန်းထဲကိုလည်း ပလတ်စတစ်တွေရော၊ သစ်ရွက်ခြောက်တွေရော၊ ဖုန်တွေသဲတွေရော မဖိတ်ခေါ်ဘဲ အလည်ရောက်လာကြတယ်။ နက်ဖြန်မှပဲ နှင်တော့မယ်။
စိန်ပန်းနီတွေ ပင်လုံးကျွတ် ရဲရဲနီအောင်ပွင့်နေတာကို ထိုင်ကြည့်ရတာ အလိုလိုနေရင်း အားအင်တွေ ပြည့်လာတယ်။ နေပူပူအောက်မှာ ရဲရဲနီတဲ့ အလှတွေနဲ့ ခေါင်းမော့နေလိုက်ကြပုံက တကယ့်ကို အောင်ပွဲရ စစ်သူကြီးအလားပဲ။ စိန်ပန်းနီတွေကို ဓာတ်ပုံရိုက်ရဦးမယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်၊ အင်္ဂါနေ့။
ည ၉ နာရီ ၁၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment