Wednesday, April 21, 2010

နိုင်ငံရေးသတင်းတွေ ဘယ်လိုရေးကြမှာလဲ - လူထုစိန်ဝင်း


လတ်တလောကာလမှာ ဘယ်ဂျာနယ်ပဲ လှန်လိုက်လှန်လိုက် မှတ်ပုံတင်လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့အကြောင်း သတင်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အသားပေး ဖော်ပြထားကြတာကို တွေ့ရတယ်။

မင်းသားမင်းသမီး အင်တာဗျူးသလို
နိုင်ငံရေးပါတီတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲအကြောင်း ဒီခေတ်လူငယ် ဂျာနယ်လစ်လေးတွေက ဖတ်ဖူးရေးဖူးကြတာ မဟုတ်လေတော့ သူတို့မေးတဲ့ရေးတဲ့ ပုံစံတွေက ရုပ်ရှင်မင်းသား မင်းသမီးတွေကို အင်တာဗျူးလုပ်ပြီး ရေးတာတွေ ဖတ်ရသလို ဖြစ်နေတယ်။ ပါတီတစ်ခုအကြောင်း ဂျာနယ်တစ်မျက်နှာလောက်တော့ ရေးထားတာပဲ။ ဒါပေမယ့် အဲဒီပါတီနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေတော့ ဘာမှ မသိလိုက်ရဘူး။ မင်းသား မင်းသမီးတွေ မော်ဒယ်တွေကို ကြော်ငြာပေးတာနဲ့ ဘာမှ သိပ်မကွာခြားလှပါဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ အနှစ်သာရ မပါဘူး။

အသုံးချ မခံရဘူး
သတင်းသမားဆိုတာ ဘယ်သူ့အသုံးချခံ လက်ကိုင်တုတ်မှ မဖြစ်ရဘူးဆိုတဲ့အကြောင်း ကြိမ်ဖန်များစွာ ရေးဖူးပါတယ်။ နိုင်ငံရေးသမားတို့၊ စီးပွားရေးသမားတို့ ဆိုတာကတော့ သူတို့အကြောင်း ကောင်းတာ ခဏခဏ ရေးပေးဖို့ သတင်းသမားများကို ပုံစံအမျိုးမျိုးနဲ့ သိမ်သွင်းကြမြဲ ဖြစ်ပါတယ်။ သူတို့အလုပ် သူတို့လုပ်တာဖြစ်တယ်။ အပြစ်ပြောလို့ မရဘူး။ သူတို့လိုပဲ သတင်းသမားကလည်း သူ့အလုပ် သူလုပ်ရမှာ ဖြစ်တယ်။ သတင်းသမားရဲ့အလုပ်က သတင်းပေးဖို့ ဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထု သိချင်တဲ့၊ သိသင့်သိထိုက်တဲ့ အကြောင်းကိစ္စမှန်သမျှကို အမှန်ဆုံးနဲ့ အမြန်ဆုံး ရှာဖွေတင်ပြပေးဖို့ ဖြစ်တယ်။ သတင်းသမားဆိုတာ နိုင်ငံရေးသမား မဟုတ်ဘူး။ မင်းဆရာပုရောဟိတ် မဟုတ်ဘူး။ ကြားပွဲစားလည်း မဟုတ်ဘူး။

အခမဲ့ ကြော်ငြာပေး
သတင်းသမားက ဘယ်သူ့အတွက်မှ ၀ါဒဖြန့်မပေးရဘူး။ ဘယ်သူ့ကိုမှ စင်တင်ပေးဖို့လည်း မလိုဘူး။ ပေါင်းကူးဆက်သွယ်ပေးတယ်ဆိုပြီး ကြားပွဲစားလည်း မလုပ်ရဘူး။ လူငယ်တွေက ဒါကို နားမလည်တော့ မရည်ရွယ်ပါဘဲနဲ့ နိုင်ငံရေးသမားတွေရဲ့ ကြော်ငြာကို အခမဲ့ ၀ါဒဖြန့်ချိပေးသလို ဖြစ်နေကြတယ်။ နိုင်ငံရေးပါတီတွေရဲ့ အသုံးချခံ ဖြစ်သွားတယ်။ ဂျာနယ်တွေမှာ ဖတ်ရတဲ့ "ပါတီရဲ့ မူဝါဒလမ်းစဉ်က ဘာပါလဲ" ဆိုတဲ့ မေးခွန်းဟာ အင်မတန်မှကို ညံ့ဖျင်းတဲ့မေးခွန်း ဖြစ်တယ်။ ဒီခေတ်မှာ ဘယ်ပါတီသွားမေးမေး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့ အဖြေကိုပဲ ပေးကြမှာချည်းပဲ။ ဆိုရှယ်လစ်၊ ဆိုရှယ်လစ်နဲ့ အကျယ်လောင်ဆုံး အော်ခဲ့တဲ့သူတွေကလည်း ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီစကားပဲ ပြောနေကြတာ ကြားနေရတာပဲ မဟုတ်ဘူးလား။

မမေးမတတ်ရင် ဘာမှမရဘူး
အမေးမတတ်တော့ ဘာမှမရလိုက်ဘူး။ တကယ်မေးရမှာက စီးပွားရေးသမား ကုန်သည်ပွဲစားက ဈေးကွက်ကို သူ့စိတ်ကြိုက် ၀ယ်လိုအားနဲ့ ရောင်းလိုအားအလိုက် ဖန်တီးခွင့်ပေးတဲ့စနစ်မျိုး ကျင့်သုံးမှာလား၊ အစိုးရက စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မယ့်စနစ်မျိုး ကျင့်သုံးမှာလားဆိုတာ ဖြစ်တယ်။ ဒီလိုမေးမှ ဒီပါတီရဲ့ စီးပွားရေးမူဝါဒဟာ ဘာလဲဆိုတာ သိရမှာဖြစ်တယ်။ အလားတူပဲ ပညာရေးစနစ်ဆိုရင်လည်း မသင်မနေရ ပညာရေးကို ဘယ်အတန်းထိ သတ်မှတ်မှာလဲ၊ စကင်ဒီနေးဗီးယားနိုင်ငံတွေလို သူငယ်တန်းက တက္ကသိုလ်အထိ လုံးဝအခမဲ့ ပညာရေးစနစ် ကျင့်သုံးမှာလား၊ အမေရိကန်လို အစိုးရက တချို့တစ်ဝက်စိုက်၊ ကျန်တာ ကိုယ့်ဟာကိုယ် ကျောင်းလခပေးဆိုတဲ့ စနစ်ကျင့်သုံးမှာလား။

မေးတတ်မှ အတိမ်အနက်သိ
ကျန်းမာရေးမူဝါဒကရော ရှေးရှေးတုန်းကလို အားလုံးနိုင်ငံတော်က တာဝန်ယူပြီး ထမင်းလည်းကျွေး၊ ဆေးလည်းကုပေးတဲ့ စနစ်ကျင့်သုံးမှာလား၊ အခုလက်ရှိ ကျင့်သုံးနေတဲ့ စရိတ်မျှပေးစနစ် ကျင့်သုံးမှာလား၊ လျှပ်စစ်မီးမှန်မှန် မရတဲ့ကိစ္စ ဘယ်လိုဖြေရှင်းပေးမှာလဲ၊ တိုင်းပြည်ရဲ့ သယံဇာတဖြစ်တဲ့ ရေနံဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်တွေကို ဘယ်လိုအသုံးချမှာလဲ၊ သစ်တောပြုံးတီးမှုနဲ့ မြစ်ချောင်းအင်းအိုင်တွေ တိမ်လာကောလာမှုကို ဘယ်လိုတားဆီးမှာလဲ စတဲ့မေးခွန်းတွေကို မေးလိုက်မှ အဲဒီပါတီတွေရဲ့ အတိမ်အနက်ကို အသေအချာ သိနိုင်မှာဖြစ်တယ်။

လူအကြောင်း သိဖို့လို
ပါတီတွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိအောင်မေးပြီးတဲ့အခါ၊ လူတွေအကြောင်းကိုလည်း စာဖတ်ပရိသတ် ပြည်သူလူထုသိအောင် လုပ်ပေးဖို့ လိုသေးတယ်။ သူတို့တစ်တွေရဲ့ (CV) "စီဗီ" လို့ခေါ်တဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြရုံလောက်နဲ့တော့ သူတို့ကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့ဟာ ဘယ်အရပ် ဘယ်ဒေသက လာတယ်၊ ဘာအလုပ် လုပ်တယ်၊ ပညာအရည်အချင်း ဘယ်လောက်ရှိတယ်၊ နိုင်ငံရေးလုပ်ဖူးကိုင်ဖူးတဲ့ အတွေ့အကြုံ ဘယ်လောက်ရှိတယ်၊ ဘာကိုယုံကြည်ပြီး ဘယ်ပါတီတွေမှာ ပါဝင်ဖူးတယ်ဆိုတာတွေကို ပြည့်ပြည့်စုံစုံမေးမြန်းပြီး ရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ နောက်ခံသမိုင်းကြောင်းက အဲဒီလူ ဘယ်လိုလူစားဖြစ်တယ်ဆိုတာ ကောင်းကောင်းညွှန်ပြနိုင်ပါတယ်။

လမ်းမတော်ဖိုးတုတ်လိုလူ
ဘယ်သူမဆို ပါးစပ်နဲ့ကတော့ စေတနာထားတတ်တာချည်းပါပဲ။ တကယ်ဟုတ်မဟုတ် ဆိုတာကိုတော့ သူ့လုပ်ရပ်တွေကို ကြည့်ပြီးမှ ပြောနိုင်တယ်။ တိုင်းကျိုးပြည်ကျိုးဆောင်မယ့် နိုင်ငံရေးသမားဆိုတာ ပါးစပ်အကျိုးပြု (Lip Service) လုပ်နေရုံနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရတယ်။ ရိုးသားဖြောင့်မတ်ရတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဗလောင်းဗလဲ လုပ်လို့မရဘူး။ ခိုင်မြဲတည်ကြည်ရတယ်။ သိက္ခာကို ရိက္ခာနဲ့ မလဲရဘူး။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတဲ့ ပုတ်သင်ညို မဖြစ်ရဘူး။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်တဲ့သူ (Man of Principle) ဖြစ်ရမယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်ပိုင်းမှာ နူးညံ့သိမ်မွေ့ရမယ်။ ပျော့ပျောင်းမှု ရှိရမယ်။ အစည်းအဝေးမှာ ငြင်းခုန်ရင်းနဲ့ တစ်ဖက်သားကို "လက်သီးနဲ့ ထထိုးလိုက်ရ" လို့ ကြိမ်းမောင်းတတ်သူဟာ နိုင်ငံရေးသမားကောင်း မဟုတ်ဘူး။ လမ်းမတော်ဖိုးတုတ်လို လူမိုက်ပဲ လုပ်သင့်သူ ဖြစ်တယ်။

၁၀ မျက်နှာကို ၁၀ ကြောင်းနဲ့ ရေးတတ်ရမယ်
နိုင်ငံရေးသတင်းထောက်ဆိုတာ ပါတီတွေဆီသွား၊ သူတို့ပေးတဲ့ ကြေညာချက် လက်ကမ်းစာစောင်ကိုယူ၊ သူတို့ပြောတာကို ကက်ဆက်နဲ့ အသံသွင်းယူပြီး "ဤ၊ သည်" မလွဲ အတိအကျ ပြန်ရေးတဲ့သူ မဟုတ်ဘူး။ အဲဒီလို ပြန်ရေးတဲ့သူဟာ ကြော်ငြာသမားပဲ ဖြစ်နိုင်တယ်။ သတင်းထောက် မဖြစ်နိုင်ဘူး။ သတင်းထောက်ဆိုတာက ၁၀ မျက်နှာလောက်ရှိတဲ့ ကြေညာချက်ကြီးတစ်ခုကို စာကြောင်း ၁၀ ကြောင်းလောက်နဲ့ "လိုတိုရှင်း" ရေးတတ်ရမယ်။ နှစ်နာရီ၊ သုံးနာရီကြာအောင် ပြောသွားတဲ့ စကားတွေကိုလည်း လိုရင်းကိုထုတ်ပြီး ၁၀ ကြောင်း၊ ၁၅ ကြောင်းနဲ့ သတင်းဖြစ်အောင် ရေးတတ်ရတယ်။

အင်တာဗျူးလုပ်ရာမှာ သူ့စကားကို ပြင်မရေးရဘူး။ သူမပြောတာကို ထပ်ဖြည့်မရေးရဘူး။ ဒါပေမယ့် ကြိုက်သလို ဖြုတ်နိုင်တယ်၊ တည်းနိုင်တယ်။ "ဤ၊ သည်" မလွဲ လုံးစေ့ပတ်စေ့ ပြန်ရေးဖို့ မလိုဘူး။ အပြည့်အစုံ ထည့်ပေးပါမယ်ဆိုတဲ့ ကတိမျိုး ဘယ်သူ့ကိုမှ ဘယ်အချိန်အခါမှ မပေးရပါဘူး။

ရေးတာကို ပြဖို့မလို
တချို့က အင်တာဗျူးလုပ်ထားတာကို ပြန်ရေးပြီးတဲ့အခါ စာစောင်ထဲမထည့်မီ သူတို့ကိုပြ၊ အတည်ပြုချက်ယူပြီးမှ ထည့်ပါလို့ ပြောပြလေ့ရှိတယ်။ ဒါဟာ သတင်းထောက်ကို မယုံဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ။ အကြီးမားဆုံး သတင်းထောက်သိက္ခာကို စော်ကားမှု ဖြစ်တယ်။ သတင်းထောက်ဟာ သူရေးတဲ့ သတင်းကို သူ့အယ်ဒီတာကလွဲပြီး ဘယ်သူ့ကိုမှ ပြဖို့မလိုပါဘူး။ အင်တာဗျူးခံရမယ့်သူက သတင်းထောက်ကို၊ ဒါမှမဟုတ် သူ့စာစောင်ကို စိတ်မချရင် အစကတည်းက အင်တာဗျူးမပေးဘဲ ငြင်းနိုင်ပါတယ်။ ပြန်ပြပါဦးဆိုတာက "ခင်ဗျားတို့ကို မယုံလို့ စစ်ဆေးဦးမယ်" ဆိုတာနဲ့ သဘောချင်း အတူတူပါပဲ။

လံကြုတ်အင်တာဗျူးတွေ
မယုံတာ၊ စိတ်မချတာဟာ ကိုယ့်ဘက်က သမိုင်းမလှခဲ့လို့ ဖြစ်တာမျိုးလည်း ရှိတတ်တယ်။ တချို့က အထူးသဖြင့် ပေါ့ပ်သတင်းလောကမှာ မင်းသမီးကို သွားမမေးဘဲနဲ့ ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့ လျှောက်ရေးတယ်ဆိုတာမျိုးတွေ မကြာခဏ ကြားရလေ့ရှိတယ်။ တချို့ကျတော့ ရိုက်ကွင်းတစ်ခုမှာ ပြုံးပြနှုတ်ဆက်ပြီး "နေကောင်းရဲ့လား" လို့ မင်းသမီးကို မင်းသားကို နှုတ်ဆက်လိုက်ရတာကို ပုံကြီးချဲ့ပြီး "လံကြုတ်" အင်တာဗျူးတွေ ဖန်တီးတယ်ဆိုတာမျိုးလည်း တွေ့ဖူးတယ်။ အဲဒါမျိုးတွေ မကြာခဏ ကြားရကြုံရလို့ သတင်းထောက်ကို မယုံတာဖြစ်တယ်။ တစ်ဖက်သားက ကိုယ့်ကို ယုံကြည်စိတ်ချစေချင်တယ်၊ လေးစားစေချင်တယ်ဆိုရင် သတင်းသမားတွေကလည်း ယုံကြည်စိတ်ချအောင်၊ လေးစားအောင် နေကြလုပ်ကြဖို့ လိုပါတယ်။

ယုံကြည်စိတ်ချမှုနဲ့ လေးစားမှုဆိုတာ ငွေပေးဝယ်လို့ မရသလို အတင်းအကျပ် လုပ်ယူလို့လည်း မရပါဘူး။ လက်တွေ့အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်။ "Actions Speak Louder Than Words" ဆိုတဲ့စကား အရှိသားမဟုတ်လား။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၈)
Wednesday, ၂၁-၄-၂၀၁၀
စာမျက်နှာ - ၂၀

No comments:

Post a Comment

 
Web Statistics