Saturday, April 24, 2010

ကျွန်တော်နှင့် စာမေးပွဲများ - ကိုဉာဏ် (ပန်းလောင်မြေ)


ငယ်ငယ်တုန်းက
လွတ်လွတ်လပ်လပ် ကစားချင်တယ်။
ဒါပေမယ့်
မကျက်ချင်တဲ့ စာတွေကိုပဲ ကျက်ခဲ့ရတယ်။
ဘာကြောင့်လဲ?
စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်အောင်၊ ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင်တဲ့။

တက္ကသိုလ်ရောက်လာတော့
လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။
ဒါပေမယ့်
မကျက်ချင်တဲ့ စာတွေကိုပဲ ကျက်နေရပြန်ရော။
ဘာကြောင့်လဲ?
စာမေးပွဲမှာ အမှတ်ကောင်းအောင်၊ မာစတာတွေ၊ ပီအိပ်ခ်ျဒီတွေ ဆက်တက်နိုင်အောင်တဲ့။

ကျောင်းပြီးသွားတော့
ဝါသနာပါတဲ့ အလုပ်ကလေးတွေကို လုပ်ချင်တယ်။
ဒါပေမယ့်
မကျက်ချင်တဲ့ စာတွေကိုပဲ ကျက်နေရပြန်တယ်။
ဘာကြောင့်လဲ?
အလုပ်အင်တာဗျူးတွေ အောင်မြင်မှ အလုပ်ခန့်မှာမို့တဲ့။

ရင်ခုန်ရတဲ့ ကောင်မလေးနဲ့ တွေ့လာတော့
ရင်ခုန်သံချင်း ဖလှယ်ပြီး အချစ်ကို ကိုးကွယ်လိုက်ချင်တယ်။
ဒါပေမယ့်
လင်္ကာချောအောင် သီကုံးထားတဲ့ စကားလုံးတွေကို မပြောချင်ဘဲ ပေါပေါလောလော ပြောနေရတယ်။
ဘာကြောင့်လဲ?
ချစ်သူပေးတဲ့ အမှတ်တွေအများကြီးရမှ အောင်စာရင်းထွက်ပေးမှာတဲ့။

အိမ်ထောင်ကျလာတော့
မိသားစုလေး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေချင်တယ်။
ဒါပေမယ့်
မလုပ်ချင်တဲ့အလုပ်တွေ၊ မပေါင်းချင်တဲ့လူတွေ၊ မပြောချင်တဲ့စကားတွေ စတာတွေနဲ့ပဲ နပန်းလုံးနေရပြန်တယ်။
ဘာကြောင့်လဲ?
ကျွန်တော့်မျက်နှာကြည့်ပြီး စာမေးပွဲတွေဖြေနေကြတဲ့ သားတွေ၊ သမီးတွေကြောင့်တဲ့။

ဘ၀တစ်သက်တာလုံး
စာမေးပွဲတွေ အောင်မြင်ဖို့အတွက်
မဖတ်ချင်တာတွေ ဖတ်ရ၊ မကျက်ချင်တာတွေ ကျက်ရ၊ မလုပ်ချင်တာတွေ လုပ်ရ၊ မပြောချင်တာတွေ ပြောရ၊ မသွားချင်တာတွေ သွားရ။
ဒါပေမယ့်
နောက်ဆုံးစာမေးပွဲကျတော့မှ ကျွန်တော်အောင်ပါ့မလား တွေးပူမိတော့တယ်။
နောင်ဘ၀ကူးစာမေးပွဲ ဂုဏ်ထူးနဲ့အောင်မလား၊ ရိုးရိုးပဲလား၊ စာမေးပွဲကျပြီး ဒီဘ၀မှာ ပြန်နေရမှာလားဆိုတဲ့ အတွေးတွေကို တွေးမိတဲ့အချိန်မှာ ထိတ်လန့်ခြင်းကြီးစွာနဲ့ ကျွန်တော်ဟာ စာမေးပွဲခန်းထဲကို ရောက်နေခဲ့ပြီလေ။
ကျွန်တော် ဘာတွေဖြေရမလဲ?
ခင်ဗျားရော ဘာတွေဖြေမှာလဲ?

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်၊ စနေနေ့။
ည ၉ နာရီ ၃၀ မိနစ်တွင်ပြီး၏။

***** ကျေးဇူးစကား *****
လက်ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတစ်ယောက်က ချစ်သူဆီက အမှတ်တွေရဖို့ စာမေးပွဲဖြေနေရတယ်လို့ အမှတ်မထင်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကို အတွေးရွက်လွှင့်မိရင်း ရေးဖြစ်သွားတဲ့ စာတစ်ပုဒ်ပါ။ ကျေးဇူးပါ မောင်ယဉ်ရေ...။

1 comment:

  1. aung maw6:19 AM

    ဟုတ်တာပေါ့ဗျာ ကျနော်တို့၇ဲ့ဘ၀ဆိုတာ စာမေးပွဲတွေအမျိုးစုံအောင်ကို
    ဖြေနေ၇တဲ့ ကျောင်းကြီးပါဘဲ....

    ReplyDelete

 
Web Statistics