Friday, April 09, 2010

အတွေးတိုက်ပွဲ - ကိုဉာဏ် (ပန်းလောင်မြေ)


ကျွန်တော်တို့ထိုင်နေကျ လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ရလာခဲ့တဲ့ အတွေးလေးတွေပါ။ သူ့အကြောင်းပြောမှာ မဟုတ်ပါဘူး။ သူလုပ်ကိုင်နေတာတွေကို မြင်နေရတဲ့ ကျွန်တော်က ဘာတွေများ တွေးမိခဲ့သလဲဆိုတာကို ပြန်ပြောပြချင်တာပါ။ ကျွန်တော့်အတွေးသက်သက် ဖြစ်တဲ့အတွက် စာဖတ်သူနဲ့ အမြင်မတူတာတွေ၊ လက်မခံနိုင်စရာတွေ ပါခဲ့ရင်လည်း အံ့သြစရာတော့ မရှိပါဘူး။

ပြောမယ့်သာ ပြောရတာပါ။ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်ကိုက အတွေးပေါင်းစုံ ဖြစ်နေမိတယ်ဗျ။ ကျွန်တော့်အတွေးတွေကလည်း နည်းနည်းပါးပါးတောင် လမ်းကြောင်းမတူဘဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေကြပြန်ရော။ အဲဒီအတွေးတွေကို တွေးမိတာ ကြာလှပြီဖြစ်ပေမယ့် ဘယ်အတွေးကို အနိုင်ပေးရမယ်ဆိုတာ မသိတဲ့အတွက် အခုမှပဲ ချရေးဖြစ်တော့တယ်။ ရေးဖို့မှတ်ထားတဲ့ မှတ်စုစာအုပ်ထဲမှာ ရက်စွဲက အတော်တောင်ဟောင်းနေပြီ။ အတွေးနှစ်ခုလုံးကို တင်ပေးလိုက်ပါတယ်။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်နေမလား မဆိုနိုင်ဘူး။ သည်းခံပြီး ဖတ်ကြည့်ကြပါဦး။

စောစောက ကျွန်တော်ပြောခဲ့တဲ့ စားပွဲထိုးလေးအကြောင်း နိဒါန်းပျိုးလိုက်ပါဦးမယ်။ မောင်ဖြူပဲ ဆိုကြပါစို့။ မောင်ဖြူက အသက် ၁၄-၁၅ နှစ်လောက် ကောင်လေးတစ်ယောက်ပါ။ စာမတတ်ဘူး၊ ကျောင်းမနေဖူးဘူး။ အိမ်က မိဘတွေကလည်း ဆင်းရဲချို့တဲ့တဲ့ လက်လုပ်လက်စားတွေ၊ ပညာမတတ်၊ ဘာမတတ်နဲ့ ကလေးတွေတော့ အများကြီးမွေးထားပုံရတယ်။ ထားပါလေ.. အဲဒါတွေက ကျွန်တော်ပြောမှာတွေနဲ့ မသက်ဆိုင်ပါဘူး။ မောင်ဖြူက ကျွန်တော်တို့ထိုင်နေကျ လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတာ (၅)နှစ်တောင် ပြည့်တော့မယ် ထင်တာပဲ။ အခြားစားပွဲထိုးတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်၊ သူကတော့ ပင်တိုင်ပဲ။ အားလည်းကိုးရတယ်။ သွက်လည်းသွက်တယ်။ အမြဲလာသောက်တဲ့ ဖောက်သည်တွေနဲ့လည်း ရင်းနှီးနေတတ်တယ်။ ဧည့်သည်တွေက တစ်ခုခုလိုချင်ပြီဆိုတာနဲ့ မောင်ဖြူ့ကိုပဲ လှမ်းခေါ်တတ်ကြတယ်။ ကလေးဖြစ်တဲ့အတွက် တချို့ယဉ်ကျေးမှုလေးတွေ နားမလည်တာမျိုးတော့ ရှိတတ်သပေါ့။ သူများစကားပြောတာကို ၀င်နားထောင်တာမျိုး၊ လူကြီးတွေကို ၀င်နောက်တာမျိုး၊ ရေနွေးအိုးကို လူတွေခေါင်းပေါ်ကနေ ကျော်ချတာမျိုး စတာလေးတွေပေါ့။ အဲ... မောင်ဖြူရဲ့ အကောင်းဆုံးစွမ်းရည်တွေက ဘာတွေလဲဆိုရင် ဧည့်သည်တစ်ယောက်ကို မြင်လိုက်တာနဲ့ အဲဒီလူ သောက်နေကျလက်ဘက်ရည်ကို မှားပြီးသား ဖြစ်နေတတ်တာပဲ။ ကျွန်တော့်အထင်ပြောရရင် သူတို့ဆိုင်မှာ နေ့စဉ်ပုံမှန်သောက်သူက အနည်းဆုံး ၇၀-၈၀ လောက်တော့ ရှိမယ်ထင်တာပဲ။ အဲဒီလူတွေအားလုံးရဲ့ သောက်နေကျ လက်ဘက်ရည်အမျိုးအစားကို မောင်ဖြူက အလွတ်မှတ်မိနေတတ်တာကို ကျွန်တော်က အံ့သြမိတယ်။ နောက်တစ်ချက်ကတော့ လက်ဘက်ရည်သောက်ပြီးလို့ ကျသင့်ငွေတွက်တဲ့အခါ အမှားအယွင်းမရှိ တွက်ပေးနိုင်တာပါပဲ။ ဆိုင်မှာရှိသမျှ စားပွဲထိုးတွေအားလုံးထဲမှာ ကျသင့်ငွေတွက်တဲ့နေရာမှာ မောင်ဖြူကို မီတဲ့လူ မရှိဘူးလို့တောင် ပြောရမယ်။ ဒါက မောင်ဖြူနဲ့ပတ်သက်ပြီး နည်းနည်းလေး ပုံကြမ်းခြစ်ပြတာပါ။

ပြောချင်တာက စာတစ်လုံးမှ မတတ်တဲ့ မောင်ဖြူက ကျသင့်ငွေတွက်တာ၊ ပိုက်ဆံအမ်းခိုင်းတာတွေကို အမှားအယွင်းမရှိ လုပ်နိုင်တာကိုပါ။ စာမတတ်တာမှ က(ကကြီး)ကို ပုတ်လောက် ရေးပြရင်တောင် ဘာမှန်းမသိဘူးဆိုတဲ့ အမျိုးအစားထဲကပါ။ အဲဒီလိုပဲ တစ်၊ နှစ်၊ သုံး၊ လေး ဆိုတာကို ဘာမှန်းမသိတဲ့ လူတစ်ယောက်ပါ။ အပေါင်းတို့၊ အမြောက်တို့ဆိုတာ ဝေးရောပေါ့ဗျာ။ အဲဒီလို လူတစ်ယောက်က လက်ဘက်ရည်တစ်ခွက်ကို ဘယ်လောက်ကျတယ်၊ ၀ိုင်းမှာ ဘယ်နှခွက်သောက်ရင် ဘယ်လောက်တောင်းရမယ်၊ မုန့်စားရင် ဘယ်မုန့်က ဘယ်လောက်၊ စုစုပေါင်း ဘယ်လောက်ကျတယ် ဆိုတာကို မှန်ကန်အောင်တွက်နိုင်တယ်၊ အဲ... ဧည့်သည်ပေးလိုက်တဲ့ ပိုက်ဆံကိုလည်း ဘယ်လောက်တန်ဆိုတာ သိတယ်၊ ပြီးတော့ ကောင်တာကို လှမ်းပြီး ဘယ်လောက်အမ်းရမယ်ဆိုတာကို လှမ်းပြောနိုင်တယ်။ ကဲ.. မထူးဆန်းဘူးလား။

ငါးရာတန်တစ်ရွက်ပေးလိုက်ရင် အဲဒါဟာ ငါးရာကျပ်တန်မှန်း သူသိတယ်။ ဒါပေမယ့် အဲဒီပိုက်ဆံပေါ်မှာ ရေးထားသမျှ တစ်ခုမှ သူမဖတ်တတ်ဘူး။ သူ့အထာနဲ့သူ မှတ်သားထားတာလည်း ရှိချင်ရှိမှာပေါ့လေ။ သေချာတာကတော့ ပိုက်ဆံပေါ်က ၅၀၀ ဆိုတဲ့ ဂဏန်းတွေကို သူမဖတ်တတ်ပါဘူး။ ငါးရာတန်မှမဟုတ်ဘူး၊ ဘယ်ပိုက်ဆံကိုပဲဖြစ်ဖြစ် ဘာရေးထားသလဲဆိုတာ သူမသိပါဘူး။ ဒါပေမယ့် ပြန်အမ်းရမယ့် ပိုက်ဆံဟာ ဘာအရောင်၊ ဘယ်လိုဆိုတာကိုတော့ သူသိပုံရတယ်။ ဘယ်တော့မှ မှားပြီး မအမ်းမိစေရဘူး။

ပထမအတွေး
စာတစ်လုံးမှ မတတ်ဘူး၊ ဒါပေမယ့် ဘယ်သူက ဘာသောက်တတ်တယ်ဆိုတဲ့ မှတ်ဉာဏ်ဟာ သူ့မှာ ရှိနေတယ်။ ဂဏန်းသင်္ချာ လုံးဝနားမလည်ဘူး။ ဒါပေမယ့် လက်ဘက်ရည်ဖိုး၊ မုန့်ဖိုးတွေကို မမှားအောင် သူတွက်ချက်နိုင်တယ်။ စာမဖတ်တတ်ဘူး၊ ဒါပေမယ့် ဘယ်ပိုက်ဆံဟာ ဘယ်လောက်တန်ဆိုတာ သူသေသေချာချာ သိတယ်။

အဲဒီတော့ ကျွန်တော်ဘာတွေးမိသလဲဆိုတော့ တစ်ခါတလေမှာ သီအိုရီတွေထက် လက်တွေ့က ပိုပြီးများ ပဓာနကျနေသလားလို့ပါ။ အပေါင်းရဲ့ သဘောတရားတွေ၊ အနုတ်ရဲ့ သဘောတရားတွေ၊ မြောက်ခြင်း၊ စားခြင်းရဲ့ သဘောတရားတွေကို နားမလည်ပေမယ့် လက်တွေ့လုပ်ငန်းဖြစ်တဲ့ စားပွဲထိုးရင်း ကျသင့်ငွေ တွက်ချက်ခြင်းကို လုပ်နိုင်တာဟာ သီအိုရီထက် လက်တွေ့အလုပ်ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ပြသရာများ ရောက်သလားလို့ပါ။ နှစ်တန်းအထိ နေခဲ့ဖူးပါတယ်ဆိုတဲ့ စားပွဲထိုးတွေ၊ ကျွန်တော်က လေးတန်းအထိ ကျောင်းနေဖူးတယ်ဆိုတဲ့ ကလေးတွေက ပိုက်ဆံတွက်ဖို့ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတဲ့အချိန်မှာ မောင်ဖြူကတော့ တစ်ဝိုင်းလုံးကို တွက်ချက်သွားလိုက်တာ အဆင်ကိုပြေနေတာပဲ။

အင်း၊ တစ်ခါတလေမှာ စာအုပ်ထဲမှာထက် အပြင်လက်တွေ့က ပိုအရေးကြီးတယ် ထင်ပါရဲ့။ စာအုပ်တွေထဲမှာ ပိတ်မိနေပြီး အပြင်ကို ထွက်မလာနိုင်သူတွေ ဘယ်လောက်များနေပြီလဲ မသိပါဘူး။

ဒုတိယအတွေး
စောစောက ပြောခဲ့သလို မောင်ဖြူ စာမတတ်ဘဲ အလုပ်ဖြစ်အောင် လုပ်နိုင်တာက ဟုတ်ပါပြီ။ အသိမပါတဲ့ လက်တွေ့ဟာ ရေရှည်မခိုင်မြဲဘူးကွ။ အသိဆိုတာ ပညာပါပဲ။ ပညာဆိုတာမျိုးက သူများက သင်ပေးလို့ဖြစ်စေ ကိုယ်တိုင်လေ့လာသင်ယူလို့ဖြစ်စေ ရနိုင်တာမျိုးပါ။ သေချာတာကတော့ ပညာရှိနေတဲ့လူဟာ ပညာမဲ့ထက်တော့ သာတယ်ဆိုတာပါပဲ။ စောစောက ပြောခဲ့တယ်နော်... နှစ်တန်းသုံးတန်း တက်ဖူးတဲ့လူတွေက အလုပ်မဖြစ်ဘူး၊ စာမတတ်တဲ့ မောင်ဖြူက ပိုအလုပ်ဖြစ်တယ်လို့။ ဒီနေရာမှာ အဲလိုပြောလို့ မဖြစ်ပြန်ဘူး။ သူတို့ချင်းကွာခြားတာဟာ စာတတ်တာ၊ မတတ်တာကြောင့် မဟုတ်ဘူး။ စိတ်ပါဝင်စားမှုနဲ့၊ သွက်လက်ထက်မြက်မှုနဲ့ပဲ ဆိုင်တယ်။

မင်းပြောသလိုဆိုရင် ကားမပြင်တတ်တဲ့ အင်ဂျင်နီယာထက် ၀ပ်ရှော့က စာမတတ်ပေမတတ် ကားပြင်တဲ့ကောင်ကပဲ ပိုတော်သလို ဖြစ်နေတယ်။ တကယ်ကတော့ အဲလိုမဟုတ်ဘူးလေ။ ကားပြင်တဲ့လူက ဘာဖြစ်ရင် ဘာကိုပြင်ရမယ်ဆိုတာကို အလွတ်မှတ်မိ နေတတ်တာမျိုးကွ။ မင်းပြောတဲ့ မောင်ဖြူ ပိုက်ဆံတွေကို အသေမှတ်ထားတာလိုမျိုးပေါ့။ တကယ်လို့သာ ငါးရာတန်ကို အရောင်ပြောင်းကြည့်လိုက်၊ မောင်ဖြူဘာမှ လုပ်တတ်တော့မှာ မဟုတ်ဘူးကွ။ အဲဒီလိုပဲ ကားပြင်တဲ့လူကလည်း ကားကဘယ်လိုဖြစ်ပြီး ဘယ်လိုရပ်သွားတယ်ဆိုရင် ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာကို သူကားပြင်လာတဲ့ အတွေ့အကြုံအရ လုပ်ပေးနိုင်တာပါ။ အင်ဂျင်တွေရဲ့ သဘောတရားကို သူသေသေချာချာ နားမလည်ပါဘူး။ အင်ဂျင်နီယာကတော့ ကားမပြင်တတ်တာ မှန်ပါတယ်။ ဒါပေမယ့် အင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်တယ်၊ သဘောတရားက ဘယ်လိုရှိတယ်ဆိုတာကို စာအားဖြင့် သိပြီးသားလူပါ။

ကဲ... ပြောလိုရင်းကို ဆက်မယ်။ စကားတွေရှည်နေတော့ လိုရင်းမရောက်ဘူး။ မင်းပြောခဲ့တဲ့ မောင်ဖြူ စားပွဲထိုးအလုပ်မှာ ကျွမ်းကျွမ်းကျင်ကျင် တွက်ချက်တတ်ဖို့အတွက် နှစ်တွေအများကြီး အတွေ့အကြုံနဲ့ သင်ခဲ့တာကွ။ ပြောမယ်ဆိုရင် စာမတတ်ဘူးဆိုပေမယ့် အဲဒီလိုတွက်ချက်တတ်တာလည်း သူ့ရဲ့ ပညာတစ်ခုပါပဲ။ အသေမှတ်တာပဲ ဖြစ်ဖြစ်ပေါ့လေ။

ကားပြင်တဲ့လူလည်း အဲဒီလိုပဲ။ သူပြင်နေကျ ကားတွေကိုပဲ ဘာဖြစ်ရင် ဘာကိုပြင်ရမယ်ဆိုတာ သူသိတာပါ။ သူမမြင်ဖူးတဲ့ ကားအသစ်တစ်မျိုးကို ပြင်ခိုင်းကြည့်ပါလား။ အဲဒီလူ ရူးသွပ်သွားမှာပေါ့။ ဆိုလိုတာက အတွေ့အကြုံကြောင့်သာ သူဝံ့ကြွားနေနိုင်တာ၊ လုပ်ကိုင်နိုင်နေတာပါ။ တကယ်တမ်း ပညာနဲ့ ယှဉ်လာပြီဆိုရင် သူတို့တွေ ခေါင်းမမော်ရဲပါဘူး။

နှစ်တန်း၊ သုံးတန်း၊ လေးတန်းအထိ စာသင်ဖူးတဲ့ စားပွဲထိုးတွေကသာ မောင်ဖြူလို စိတ်ဝင်တစားနဲ့ သွက်သွက်လက်လက် လုပ်ကြမယ်ဆိုရင် မောင်ဖြူထက် ပိုတော်ကြမှာ၊ ပိုသွက်ကြမှာ အသေအချာပဲ။ မယုံရင် အဲဒီကောင်လေးတွေကို မင်း train လုပ်ပေးကြည့်ပါလား။ ငါကတော့ ရဲရဲကြီး အာမခံပါတယ်။ မောင်ဖြူထက် မသာစရာ ဘာအကြောင်းမှ မရှိဘူး။ မောင်ဖြူက လက်ဘက်ရည်တစ်ခွက် (၁၅၀) ကျပ်ကို (၅)ခွက်ဆိုရင် ဘယ်လောက်ကျမယ်ဆိုတာ သူ့အမှတ်အသားနဲ့သူ တွက်နေရတာ။ ဟိုကောင်တွေက (၁၅၀)ကို (၅)နဲ့ ကောက်မြောက်လိုက်မှာပဲ။ ဒါမှမဟုတ် (၅)ခွက်အတွက် (၁၀၀)နှုန်းနဲ့ အရင်တွက်ပြီး ပြီးတော့မှ (၅၀)နှုန်းနဲ့ (၅)ခွက်စာကို တွက်ချင်လည်း တွက်ကြပေမပေါ့။ ကြိုက်တဲ့ နည်းစနစ်ကို မင်းသင်ပေးလို့ရတယ်။ မင်းသင်တဲ့အပေါ်မှာပဲ မူတည်တယ်။ မောင်ဖြူကိုတော့ မင်းအဲဒီလို သွားမသင်ပေးလေနဲ့မောင်။ သေချာတယ်... တတ်မှာမတတ်မှာတော့ မသိဘူး။ မင်းသင်တာ တစ်ရက်မပြည့်ခင် အဲဒီမောင်ဖြူ ထွက်ပြေးမှာပဲ။ သူက ခေါင်းထဲမှာ ရှိတာကိုပဲ အသေမှတ်ထားတာလေ။ ပြောင်းလဲဖို့ တစ်ခုခုလုပ်ပြီဆိုတာနဲ့ သူ့ခေါင်းထဲမှာ နေရာတွေလွဲကုန်ရင် ဘာမှလုပ်တတ်မှာ မဟုတ်တော့ဘူး။ တအားနုတဲ့လူတွေဆိုရင် ရူးသွားနိုင်တယ်။

အေး... စောစောက အင်ဂျင်နီယာကိုလည်း ကားပြင်တာကို တစ်ပတ်၊ တစ်လလောက်သာ သင်ပေးလိုက်။ သူကလည်း စိတ်ဝင်စားမယ်ဆိုရင်ပေါ့။ အဲဒါဆိုရင်တော့ စာမတတ်၊ ပေမတတ် ကားပြင်တဲ့ကောင်ထက် အဆပေါင်းများစွာ သာသွားလိမ့်မယ်။ အဲဒီလိုကောင်တွေ နောက်ထပ် အယောက်တစ်ထောင်လောက်ကို ခိုင်းစားနိုင်တဲ့လူ ဖြစ်သွားလိမ့်မယ်။ သူတို့လို နှစ်နဲ့ချီပြီး အတွေ့အကြုံတွေယူစရာ မလိုဘူးလေ။ သူ့မှာ ရှိပြီးသား၊ တတ်ပြီးသား ပညာဉာဏ်နဲ့ယှဉ်ပြီး သူတတ်မြောက်သွားမှာပါ။ ကားပြင်တဲ့ကောင် ငါးယောက်လောက်ရဲ့ တစ်ယောက်ချင်းစီ တတ်ထားတဲ့ ပညာရပ်တွေကို သူတစ်ယောက်တည်း အကုန်အစင်တတ်နိုင်ပါတယ်ကွ။ ပညာကို အထင်မသေးစမ်းပါနဲ့။

အဲဒီတော့ ပြောချင်တာက လက်တွေ့ဆိုတာထက် သီအိုရီပိုင်း ကျွမ်းကျင်နေဖို့က အရေးကြီးတယ်လေ။ သီအိုရီကို ကျွမ်းကျင်နေပြီဆိုရင် လက်တွေ့ပိုင်းကို ကူးပြောင်းဖို့အတွက် ငှက်ပျောသီးအခွံ နွှာသလောက်တောင် မခက်ခဲတော့ပါဘူး။

နိဂုံးအတွေး
ကဲ... တွေ့တယ်မလား၊ ကျွန်တော့်ခေါင်းထဲမှာ သူတို့အချင်းချင်း တိုက်ခိုက်နေကြတာ ဘယ်လောက်များ ပျော်ဖို့ကောင်းသလဲ။ ဟိုအတွေးက တစ်မျိုးတွေးလိုက်၊ ဒီအတွေးက တစ်မျိုးတွေးလိုက်နဲ့ စိတ်ဝင်စားဖို့ ကောင်းသကိုးဗျ။ ကျွန်တော်ကတော့ အဲဒီအတွေးနှစ်ခုကို စိတ်ကြိုက်လွှတ်ပေးထားခဲ့တာ ကြာပါပေါ့လား။ အခုမှပဲ ပေါ့ပါးသွားတော့တယ်။ သူတို့တွေကို ရင်ဖွင့်လိုက်ရတဲ့အတွက် ကျွန်တော့်ခေါင်းထဲမှာ သိမ်းထားရတဲ့ ဒုက္ခလည်း ကျွတ်လွတ်သွားတယ်။

ပြောရရင်တော့ဗျာ... သဘောတရား (သီအိုရီ) နဲ့ လက်တွေ့ဆိုတာ ပိုက်ဆံတစ်ခုနဲ့ ရှေ့ဘက်နဲ့ ကျောဘက်လို ကပ်လျက်ရှိနေသင့်တဲ့ အရာတွေလို့ ထင်တာပါပဲ။ ရှေ့ဘက်မှာ ထင်ထင်ရှားရှားဖြစ်နေပေမယ့် နောက်ကျောဘက်က မင်တွေစွန်းပေနေမယ်၊ အညစ်အကြေးတွေနဲ့ ဖတ်လို့မရအောင် ပျက်စီးနေမယ်ဆိုရင် သုံးစွဲလို့ အဆင်ပြေမယ် မထင်ပါဘူး။ သုံးလို့ရရင်တောင် လူတိုင်းက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံချင်ကြမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ရှေ့ဘက်ကလည်း စင်းလုံးချော၊ နောက်ကျောကလည်း ခြောက်ပစ်ကင်း ဖြစ်နေမှသာ လူတိုင်းက သုံးချင်၊ ကိုင်ချင်ကြမယ်လို့ ထင်တာပါပဲ။

အဲဒီအတွက် (သီအိုရီ+လက်တွေ့) ဖြစ်နေတာမျိုးကသာ အကောင်းဆုံးဖြစ်တယ်လို့ မြင်မိပါတယ်။ သီအိုရီသက်သက်၊ လက်တွေ့သက်သက်ဟာ ထင်သလောက် ခရီးမပေါက်ဘူးဆိုတာကို လူတိုင်းလည်း နားလည်နိုင်ကြမယ် ထင်ပါရဲ့။

သခွားသီးစားချင်ရင် သခွားပင်စိုက်ရပါမယ်။ သခွားပင်စိုက်ဖို့အတွက် သခွားပင်နဲ့ ပတ်သက်တာတွေ သိနားလည်ရပါမယ်။ သခွားပင်ကို နှင်းဆီပန်းအိုးမှာ ထည့်စိုက်ပြီး အညွန့်လေးတွေ ဖြတ်ပေးနေရင်း သခွားသီးစားဖို့ စောင့်နေတာမျိုးတော့ မလုပ်ကြပါနဲ့။ သခွားစေ့တွေကို လက်မှာကိုင်ပြီး ဘယ်အချိန်မှာစိုက်ရမယ်၊ ဘာမြေသြဇာတွေ ထည့်ရမယ်၊ ဘယ်အချိန်မှာ ဆေးဖြန်းရမယ်၊ ဘယ်အချိန်မှာ အပွင့်ပွင့်မယ်၊ ဘယ်အချိန်မှာ အသီးကင်းစမယ် စသဖြင့်လည်း စိတ်ကူးယဉ်ပြီး အချိန်ကုန်မနေပါနဲ့။

သခွါးသီး စားချင်တယ်မလား?

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၃၇ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics