Friday, April 09, 2010

Cbox ရွှေ့ထားတယ်


အခြားသော စာဖတ်သူများအတွက် အနှောင့်အယှက်ဖြစ်မည်ကို မလိုလားသည့်အတွက် စီဘောက်ကို ဘလော့ဂ်အောက်ခြေသို့ ရွှေ့ထားလိုက်ပါသည်။ ဆွေးနွေးပြောဆိုလိုသူများအနေဖြင့် ထိုနေရာ၌ လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။ သို့သော် ညစ်ညမ်းသည့် အသုံးအနှုန်းများနှင့် အခြားသော ဘလော့ဂ်ဖတ်သူများအတွက် အနှောင့်အယှက်ဖြစ် ထိခိုက်စေနိုင်သည့် အရေးအသားများကိုမူ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးလိုပါသည်။ ရေးသည့်သူတောင် ရေးရဲသေးတာ၊ ဖတ်သည့်သူက မဖတ်ရဲစရာ ဘာအကြောင်းမှ မရှိပါ။ ယိုသူက မရှက်သည့်ကိစ္စကို မြင်သူက ရှက်နေရခြင်းမှာ ထိုသူနှစ်ဦး၏ အယူအဆ၊ ခံယူချက်များ မတူညီသောကြောင့် ဖြစ်ပါလိမ့်မည်။

ထပ်မံအသိပေး မေတ္တာရပ်ခံလိုပါသည်။ ဤဘလော့ဂ်သို့ လာရောက်ဖတ်ရှုကြသူများတွင် အသက်အရွယ်အမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး၊ လူအမျိုးမျိုး ပါဝင်ကြပါသည်။ သို့သော် သေချာသည်ကတော့ လာရောက်ဖတ်ရှုကြသူအားလုံးသည် မြန်မာလူမျိုးများ ဖြစ်ကြပါသည်။ မြန်မာလူမျိုး မဟုတ်လျှင်သော်မှ တစ်နည်းနည်းကြောင့် မြန်မာစကား၊ မြန်မာစာနှင့် ရင်းနှီးကျွမ်းဝင်နေသူများ ဖြစ်ကြပါသည်။ မြန်မာစာဖတ်တတ်သူများသာလျှင် ဤဘလော့ဂ်သို့ လာရောက်ကြပါသည်။ ထို့အတွက် မိမိ၏ အရေးအသားများသည် မြန်မာဆန်ကြစေလိုပါသည်။ ဘယ်သူက ကောင်းလို့လား၊ ဘယ်သူကဆိုးနေတယ်ဟု ပြောမနေဘဲ ကိုယ်တိုင်ကောင်းအောင်သာ ကြိုးစားကြစေချင်ပါသည်။ ထိုအခါ အားလုံးကောင်းသွားပါလိမ့်မည်။ သူများမကောင်းကြောင်းကို ကိုယ်က မကောင်းသည့်စကားလုံးများ၊ အသုံးအနှုန်းများဖြင့် ပြောဆိုသည့်အတွက် ကိုယ်တိုင်လည်း မကောင်းသူတစ်ဦး ဖြစ်သွားပါလိမ့်မည်။ ကိုယ်တိုင်မကောင်းပါဘဲ သူများမကောင်းတာကို လိုက်ပြောနေခြင်းသည် ဆီလျော်အပ်စပ်ပါ၏လောဟု မေးခွန်းထုတ်ချင်ပါသည်။

လူတိုင်းသည် မိမိ၏ အယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိသည်ဟူသော အယူအဆကို ကျွန်တော်အကြွင်းမဲ့ လက်ခံပါသည်။ သို့သော် လူမှုဝန်းကျင်တွင် နေထိုင်ကြရသူများ ဖြစ်သည့်အတွက် လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှုများကို လျစ်လျူရှုကာ ပြုမူပြောဆိုမှုမျိုးကိုတော့ လူယဉ်ကျေးမဟုတ်သူများ၏ လုပ်ရပ်ဟု ဆိုချင်ပါသည်။ ကိုယ့်စိတ်ထဲမှာ ရှိသမျှကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလိုက်မှုသည် အခြားသောသူများအတွက် အနှောင့်အယှက် ဖြစ်စေသည်ဆိုလျှင် ထိုလွတ်လပ်မှုသည် တန်ဖိုးရှိပါ၏လောဟု ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ကြစေချင်ပါသည်။

ပြောလိုသည်မှာ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိ၊ အခြားသော ကြားရဖတ်ရသူများလည်း အကျိုးရှိစေမည့် စကားများကိုသာ ပြောဆိုဆွေးနွေးကြပါရန် အနူးအညွတ်ထပ်မံ မေတ္တာရပ်ခံလိုခြင်း ဖြစ်ပါသည်။

သင်တို့၏ လွတ်လပ်ခွင့်အတွက် အထူးလေးစားပါသည်။ ထို့အတူ အခြားသူများအတွက်လည်း စဉ်းစားပေးစေလိုပါသည်။

ကျေးဇူးတင်လျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်၊ သောကြာနေ့။
ည ၇ နာရီ ၅၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics