အရေးကြီးတယ်လည်းမဟုတ်၊ အရေးမကြီးဘူးလို့လည်း ပြောလို့မရတဲ့ အကြောင်းအရာလေးတွေပါ။ မကြာခဏဆိုသလို ကြုံရတတ်တဲ့ အငြင်းပွားဖွယ် ကိစ္စလေးတွေအတွက် ကျွန်တော်မှတ်သားဖူးတာလေးတွေကို ပြန်ဝေမျှရုံသက်သက်ပါ။ မင်းတို့ပြောတာ မှားနေတယ်ကွ၊ စာအုပ်စာပေတွေထဲမှာ ဒီလိုပြောဆိုထားတယ်ကွဆိုပြီး ဆရာလုပ်တာ၊ မိတ္တူပေးတာ၊ နှိပ်ကွပ်တာ မဟုတ်ရပါဘူး။ ငြင်းခုံဖူးသူ အများစုကလည်း သူတို့တွေ တစ်သက်လုံး ကြားဖူးနားဝအရ မှတ်သားလာတာ၊ လက်ခံလာတာတွေကို မှားတယ်လို့ပြောတဲ့အတွက်သာ လူ့သဘောသဘာဝအရ မခံချင်ဖြစ်ပြီး ငါ့စကားနွားရ ပြန်ပြောကြတာလို့ နားလည်ပေးထားပါတယ်။ ဒါပေမယ့် သူတို့တွေသိထားတဲ့ အလွဲတွေကိုများ နောက်လူတွေကို ဆက်ပြီး လက်ဆင့်ကမ်းခဲ့ရင် အမှားတွေကိုပဲ ထပ်ပြီးမှတ်သားနေကြမှာစိုးလို့ ကျွန်တော်သိသမျှကို ပြန်ဝေမျှတာပါ။
(၁)
ပထမဆုံးတစ်ခုကတော့ မကြာခဏဆိုသလို သွားနေရတဲ့ မင်္ဂလာဆောင်အခမ်းအနားတွေမှာ ဘိသိက်သွန်းတဲ့ဆရာတွေက အာဝါဟ၀ိဝါဟ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပြောတတ်၊ ရွတ်တတ်ကြတာပါ။ သူတို့ကတော့ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခြားမသိတဲ့လူတွေကျတော့ မင်္ဂလာဆောင်ရင် အာဝါဟ၀ိဝါဟ လုပ်တယ်လို့ပဲ မှတ်ထင်ကြပါတယ်။ သူတို့ထင်တာက ယောက်ျားနဲ့မိန်းမ ထိမ်းမြားမင်္ဂလာပြုတာဟာ အာဝါဟ၀ိဝါဟဖြစ်တယ်လို့ ထင်နေကြတာပါပဲ။ အဲဒီအထင်တွေ မှားတယ်၊ မှန်တယ်ဆိုတာ ကျွန်တော်က ဆရာလုပ်မနေတော့ပါဘူး။ ကျွန်တော်မှတ်ထားဖူးတာလေးကို ဖတ်ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။- အာဝါဟ မင်္ဂလာ - ယောက်ျားလေးအိမ်သို့ သတို့သမီးကို ခေါ်ဆောင်လာ၍ ပြုသောမင်္ဂလာ။
- ၀ိဝါဟ မင်္ဂလာ - မိန်းကလေးအိမ်သို့ သတို့သားကို ခေါ်ဆောင်လာ၍ ပြုသောမင်္ဂလာ။
- စရ မင်္ဂလာ - အခြားနေရာ၌ ကြီးကျယ်ခမ်းနားစွာ ပြုသောမင်္ဂလာ။
ကဲ.. အဲဒီလောက်ဆိုရင် ကျွန်တော်ဘာပြောချင်တယ်ဆိုတာ သိလောက်ပြီထင်ပါရဲ့။ ဘိသိက်ဆရာတွေများပါရင် ကျွန်တော့်ကို ကျိန်ဆဲနေကြမလား မသိဘူး။ :D ရွတ်နေကျ စကားလုံးတွေကို ပြောင်းပစ်ဖို့တော့ မလွယ်တော့ဘူးထင်ပါရဲ့။ ဒါပေမယ့် မသိတာထက် သိထားတာကတော့ ပိုကောင်းတယ်မဟုတ်လား။
(၂)
ဒီတစ်ချက်ကတော့ ပြောရတာနည်းနည်းခက်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာထိုင်ရင်း တစ်ခါတုန်းက ဆွေးနွေးဖူးတဲ့ အကြောင်းအရာတစ်ခုပါ။ ဘယ်ကဘယ်လို စကားစပ်မိသွားတယ်မသိပါဘူး။ အဲဒီအကြောင်းကို ရောက်တဲ့အချိန်မှာ ကျွန်တော်နဲ့ အခြားတစ်ယောက် အသည်းအသန် ငြင်းခုံခဲ့ရတာကိုတော့ မှတ်မိနေပါတယ်။ သူကလည်း သူသိထားသမျှကို တစ်စက်ကလေးမှ မှားတယ်အပြောမခံပါဘူး။ ကျွန်တော်ကလည်း ထားလိုက်ပါတော့လို့သာ ပြောခဲ့ပေမယ့် သူ့စကားကို မယုံကြည်တာ၊ မမှန်ဘူးလို့ ယူဆထားတာကို သိနေလေတော့ အဲဒီပုဂ္ဂိုလ်ခမြာ အဲဒီအချိန်တုန်းက အတော်လေးကို ကျွန်တော့်ကို ဒေါသထွက်ခဲ့မှာပဲလို့ အခုမှ ပြန်တွေးမိပါတယ်။ စိတ်မကောင်းပါဘူး။ အော်.. သူ့အတွက် ပိုဒေါသထွက်စရာက ကျွန်တော်က ကျွန်တော်ဖတ်ဖူးထားတဲ့ဟာကို မေ့နေတဲ့အတွက် မပြောနိုင်ဘဲ သူပြောတာကိုပဲ မဟုတ်တဲ့အကြောင်း တွင်တွင်ငြင်းနေခဲ့လို့ပါ။ အခုတော့ သတိတရနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ ဗဟုသုတဆိုပေမယ့် အချို့သော စာဖတ်သူတွေအတွက် မသင့်မတော်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။ သည်းခံနားလည်ပြီး ဖတ်ပေးကြပါလို့ ပြောလိုပါတယ်။အခြားမဟုတ်ပါဘူး။ မိမိယူထားသော ဇနီးမယားပင်ဖြစ်စေကာမူ ကာမေသုမိစ္ဆာစာရကံ ထိုက်နိုင်တဲ့အကြောင်းပါ။ နည်းနည်းတော့ ထူးဆန်းနေမလားပဲ။ ဒါပေမယ့် ကျွန်တော်ဖတ်မှတ်ထားဖူးတာက အဲလိုပဲဆိုပါတယ်။ ဖတ်ကြည့်ပါဦး။ ဘယ်လိုအကြောင်းတွေဆိုရင် ကာမေသုမိစ္ဆာစာရကံ ထိုက်သလဲဆိုတော့
- ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ
- မိဘဆရာ သူတကာတို့မြင်သဖြင့် မသင့်သောနေရာ
- ကျင့်ရိုးမဟုတ် ကျင့်ခြင်း
- ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ
နောက်ထပ် ကျွန်တော်မှတ်သားဖူးတာတစ်ခုကတော့ မိမိရဲ့ ဇနီးမယားပင်ဖြစ်စေ အလိုမတူရင် ဥပဒေကြောင်းအရ မုဒိန်းမှုမြောက်တယ်ဆိုတာပါ။
(၃)
ကျွန်တော်က နတ်တွေကို မယုံကြည်ပါဘူး။ နတ်ဆိုလို့ အခြားနတ်တွေကို မတွေးလိုက်ပါနဲ့။ နတ်ကန္နားတွေပေး၊ ကန်တော့ပွဲတွေပေးရတဲ့ မင်းကြီး၊ မင်းလေးတို့၊ မြင်းဖြူရှင်တို့၊ မြင်းနီရှင်တို့ စတာတွေကို မယုံကြည်တာပါ။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော်ပေါ့လေ။ ယုံကြည်တဲ့လူတွေကိုလည်း ချင့်ယုံဖို့ကိုသာ ပြောလေ့ရှိပါတယ်။ ယုံကြည်တဲ့အတွက်တော့ သူတို့ကို မစော်ကားပါဘူး။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရှိကြစမြဲ မဟုတ်လား။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေအရလည်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ခွင့်ပြုထားတာပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာရမှာပေါ့။ အဲဒီအတွက် ကျွန်တော်မယုံပေမယ့် ယုံကြည်တဲ့လူတွေကို အပြစ်မဆိုတော့ပါဘူး။ ဒါပေမယ့် ယုံကြည်တယ်ဆိုတဲ့လူတွေက နတ်ကတော်တွေ ရွတ်နေကျ၊ ဇာတ်ကားတွေ၊ စာအုပ်တွေမှာ ပါနေတာတွေကို ကြားဖူးနေ၊ ဖတ်ဖူးနေလို့သာ အပြင် (၃၇)မင်း၊ အတွင်း (၃၇)မင်း ဘာညာ သိကြတာပဲဗျ။ ကဲပါဗျာ... အဲဒီ (၃၇)မင်းကို ပြောပြစမ်းပါဦးဆိုရင် ကျွန်တော့်ကို မျက်စောင်းထိုးကြတယ်ဗျ။ ဘာများအမှားပါလို့လဲဗျာ။ ကျွန်တော်က သိချင်လို့ မေးတဲ့ဟာပဲ။ မသိရင်မေးဆိုတဲ့ ရှေးစကားလည်း ရှိသားမဟုတ်လား။ ဒါပေမယ့် ကျွန်တော်က သိသိကြီးနဲ့ တမင်ချောက်တွန်းပြီး မေးနေတယ်လို့ သူတို့က ထင်ကြတာကိုး။ ကျွန်တော်ကလည်း ဘယ်ရလိမ့်မလဲ၊ သိတယ်မလား၊ မှင်မောင်းအပြည့်နဲ့ သိချင်ဟန်ဆောင်ရတာပေါ့။ အဲဒီတော့ အမေးခံရသူက သူမသိတာ အရှက်ကွဲမှာစိုးတော့ ကျွန်တော့်ကို မျက်စောင်းထိုးတော့တာပေါ့။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း မကောင်းပါဘူးဗျာ။ အဲဒီလို မေးပြီးကာမှ ငါ့ကိုပြန်မေးရင်၊ ရွတ်ပြခိုင်းရင် ခက်ရချေရဲ့ဆိုပြီး ရှာပြီး ဖတ်ထားရသေးတယ်။ ဖတ်ထားတော့ နည်းနည်းပါးပါး ဖောလို့ရတာကိုး။ ကဲ... အဲလိုကောင်ပါဆိုမှ... ကောင်းတော့ မကောင်းပါဘူးဗျာ။ကဲ... အတွင်း (၃၇)မင်းကို ဖော်ပြပေးလိုက်ပါတယ်။ မူကွဲအမျိုးမျိုးရှိတဲ့အတွက် ကျွန်တော်ဖတ်ဖူးတာကိုပဲ တင်ပေးတာပါနော်။
- သိကြား
- မဟာဂီရိ
- နှမတော် တောင်ကြီးရှင်
- ရွှေနပေ
- တောင်မကြီး
- သုံးပန်လှ
- ရှင်နဲမိ
- ထီးဖြူဆောင်းမယ်တော်
- ပရိမ္မ ရှင်မင်းခေါင်
- ရှင်ကွ
- ထီးဖြူဆောင်း
- မန္တလေးဘိုးတော်
- ရွှေဖျဉ်းကြီး
- ရွှေဖျဉ်းငယ်
- ညောင်ချဉ်း
- ကိုးကောင်းတကာ
- မင်းကျော်စွာ
- မင်းစည်သူ
- အောင်စွာမင်းကြီး
- ရွှေစစ်သင်
- မယ်တော်ရွှေစကား
- ငါးစီးရှင်
- အနောက်မိဖုရား
- မင်းတရားကြီး
- မောင်ပိုးတူ
- အောင်ပင်လယ် ဆင်ဖြူရှင်
- ရှင်ကုန်း
- သံတော်ခံ
- ရွှေနော်ရထာ
- မြောက်ဘက်ရှင်မ
- တပင်ရွှေထီး
- ယွန်းဘုရင်
- တောင်ငူရှင်မင်းခေါင်
- မင်းရဲအောင်ထင်
- ရှင်တော်
- အောင်မင်းဖြူ
- မင်းသားမောင်ရှင်
ဖတ်ပြီးသွားတဲ့အချိန်မှာ အံ့သြစရာနာမည်တွေ အများကြီးတွေ့ရတယ်။ ဘယ်လိုများ နတ်ဖြစ်သွားရပါလိမ့်ဆိုပြီး တွေးရတဲ့နာမည်တွေ အတော်များတယ်။ ကျွန်တော်က နားမလည်တာလည်း ဖြစ်မှာပါ။ အဲဒီနတ်တွေက ဘာတွေလုပ်နေကြသလဲ၊ ဘယ်မှာနေကြသလဲဆိုတာကို မေးချင်လိုက်တာဗျာ။ တွေ့ခဲ့ရင် ကျွန်တော်က မေးတဲ့အကြောင်း ပြောပြလိုက်ကြပါဦးနော်။ ကျေးဇူးမမေ့ပါဘူးဗျ။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၁၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၁၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment