Saturday, April 10, 2010

ကုန်ကြမ်းတွေ ပေါနေတယ်၊ ပျော်စရာကြီးပေါ့


အခုတလော ကျွန်တော်ကိုဉာဏ် အရမ်းကို ပျော်ရွှင်နေမိတယ်။ တစ်မျိုးမထင်လိုက်ကြပါနဲ့ဦး။ သိန်းငါးရာထီလည်း မပေါက်ပါဘူး။ ဘာကံစမ်းမဲမှလည်း မပေါက်ရပါဘူး။ အဲဒီလိုတွေမဟုတ်ဘဲ အလကားနေရင်း ပျော်နေတယ်ဆိုတော့ ပုံမှန်မှ ဟုတ်သေးရဲ့လားလို့လည်း မတွေးကြပါနဲ့ဦး။ ကျွန်တော် အကောင်းကြီးပဲ ရှိပါသေးတယ်ခင်ဗျာ။ ဆေးရုံကားခေါ်ဖို့ မလိုအပ်သေးပါဘူး။ လိုအပ်ရင်တော့ အသိပေးပါ့မယ်။ :D

ဒီလိုပါဗျာ။ အခုတလော စာရေးဖို့အတွက် အတွေးတွေက တစ်မျိုးပြီးတစ်မျိုး ထွက်နေလို့ပါ။ စာရေးချင်တဲ့လူဆိုတော့ ရေးစရာ စဉ်းစားမိတဲ့အခါ ပျော်တာပေါ့ဗျာ။ တချို့ကထင်ကြတယ်ဗျ၊ ကိုယ်ရေးချင်ရာရေးတာပဲ ဘာစဉ်းစားစရာလိုသလဲတဲ့။ ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ဗျာ။ တကယ်တမ်းပြောရရင်တော့ စာရေးတာကို လူတိုင်းရေးတတ်တယ်ဗျ။ စာရေးတာ မခက်ဘူးဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီရေးတဲ့စာမှာ အတွေးအခေါ်တစ်ရပ်ပါဖို့၊ ဒဿနတစ်ခုခု ပါဖို့ကတော့ အရမ်းခက်တယ်ဗျ။ စာတတ်တဲ့လူတိုင်း စာရေးနိုင်တာပဲဆိုရင် လူတိုင်းစာရေးဆရာ လုပ်နေကြတော့မှာပေါ့။ ကိုယ်နေ့စဉ် ကြုံတွေ့နေရတာကိုတောင် မရေးတတ်တဲ့လူ ရေးထားတာနဲ့ ရေးတတ်တဲ့လူ ရေးထားတာ မတူညီဘူးဗျ။ ဆိုကြပါစို့... ပိတောက်ပန်းပန်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို ခင်ဗျားမြင်လိုက်ရသလို အခြားစာရေးဆရာ တစ်ယောက်ကလည်း မြင်လိုက်တယ်ဆိုပါစို့။ အဲဒီမြင်ကွင်းကိုပဲ စာရေးဆရာက သူ့အမြင်၊ သူ့အတွေး၊ သူ့စာရေးတဲ့အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သြော်... ငါလည်မြင်ခဲ့ရတဲ့ မြင်ကွင်းတစ်ခုက အဲဒီလောက်တောင်ပဲလားလို့ ဖြစ်ဖူးသူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆိုလိုတာက စာရေးတတ်တာနဲ့ စာရေးတတ်တာ မတူပါဘူး။ ပထမ စာရေးတတ်တာက ကကြီး၊ ခကွေး၊ ဂငယ် ဆိုတဲ့ အက္ခရာတွေကိုသိပြီး စာရေးတာကို ဆိုလိုပြီး၊ ဒုတိယ စာရေးတတ်တယ်ဆိုတာကတော့ စာ၊ ကဗျာ ဖွဲ့သီနိုင်တာကို ဆိုလိုတာပါ။

ထားပါတော့ဗျာ။ ဘာရေးရရင်ကောင်းမလဲလို့ အမြဲတမ်းတွေးနေတတ်တဲ့ ကျွန်တော့်အတွက် စာရေးစရာ ကုန်ကြမ်းတွေရတာဟာ ပျော်စရာပဲပေါ့။ အခုတလောကျမှ ဘာဖြစ်လို့ တွေ့သမျှက စာရေးဖို့ဖြစ်နေရသလဲ မစဉ်းစားတတ်ဘူး။ ကျွန်တော့်ဘလော့ဂ်က စီဘောက်မှာ ပြောဆိုနေကြတာတွေကို ဖတ်ပြီး အတွေးတွေရတယ်။ ရေးစရာတွေ စဉ်းစားမိတယ်။ လမ်းလျှောက်သွားရင်းနဲ့ သစ်ရွက်တွေကြွေနေတာ တွေ့တဲ့အခါ ဘာရေးရမလဲဆိုတဲ့အတွေး ခေါင်းထဲရောက်လာတယ်၊ လမ်းဘေးမှာ သင်္ကြန်သီချင်းတွေဖွင့်ပြီး အကတိုက်နေတဲ့ အသံကြားရင် သြော်.. ဘာရေးဖို့ ရှိတာပဲဆိုပြီး အတွေးရပြန်ရော၊ ဟော... ညဘက်ကြီး လမ်းလျှောက်ပြန်လာတော့ ခွေးဟောင်သံကြားပြီး နောက်ထပ်ရေးစရာတစ်ခု တွေးမိပြန်ရော။ အမယ်.. အဲဒီမှာတင် မဆုံးသေးဘူးဗျ။ အခန်းထဲကိုအ၀င် အပေါက်မှာ ခလုတ်တိုက်မိတာတောင်မှ ရေးဖို့အတွေး ရလိုက်သေးတာကိုး။ တွေးမိတာလေးတွေ မေ့မသွားရအောင် မှတ်စုစာအုပ်မှာ အမြန်မှတ်လိုက်ရသေးတယ်။ အဲဒီလိုမှတ်နေတာကိုကပဲ ရေးစရာအကြောင်း ဖြစ်သွားရပြန်ပါရောလား။

အင်း... ဒီလိုတော့လည်း လောကကြီးဟာ ပျော်စရာကြီးပါပဲနော်။ ရထားတဲ့ အတွေးလေးတွေအတွက် ကျွန်တော်စာတွေ ရေးရပါဦးမည်။ စာဖတ်သူတွေလည်း သည်းခံပြီးသာ ဖတ်ပေးကြပါဦး။ ကြိုက်တဲ့ဟာလေးတွေ ခံစားပြီး၊ မကြိုက်တာတွေကို မေ့ပစ်လိုက်ပါဦးနော်။ စာရေးချင်စိတ် ရှိတဲ့လူဆိုတော့ ကျွန်တော်ကတော့ စာတွေရေးနေပါဦးမည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်၊ စနေနေ့။
နံနက် ၁၀ နာရီ ၂၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics