Saturday, April 10, 2010

ပြည်သူများ တာဝန်ကျေကြရမည့်အချိန်


မြန်မာနိုင်ငံတွင် အဆင့်ဆင့်ဖြစ်ပေါ်လာခဲ့သော အခြေခံဥပဒေကိစ္စ၊ ရွေးကောက်ပွဲကိစ္စများသည် ပြည်တွင်း၌ နေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံးအတွက် ပေးထားချက်သာဖြစ်ကြောင်း The Voice Weekly တွင် အကြိမ်ကြိမ် ဖော်ပြခဲ့ဖူးပါသည်။

ထိုပေးထားချက်ကို ပေးထားချက်အဖြစ် လက်မခံသော ပြည်ပရောက် မြန်မာအချို့သည် အကောင်းဆုံးစံများကို ညွှန်ပြလျက် မီဒီယာလှိုင်းကို တက်စီးခဲ့ကြရာ တွေဝေသွားကြသော ပြည်သူအချို့ကို တွေ့မြင်ခဲ့ရပါသည်။ ဗုဒ္ဓဘာသာတရားတော်များတွင် အများသိကြသော ကာလာမသုတ်တွင် မြတ်စွာဘုရားက "ငါဘုရား ပြောခြင်းကြောင့်လည်း မယုံနဲ့၊ မိမိရဲ့ အသိဉာဏ်နဲ့ယှဉ်ပြီး ဆုံးဖြတ်ပါ" ဟု မှာကြားခဲ့ဖူးပါသည်။ ကျွန်ုပ်တို့အားလုံးသည် အရေးကြီးသော အဆုံးအဖြတ်များကို ပြုကြသည့်အခါ တစ်စုံတစ်ဦး၏ ပြဋ္ဌာန်းချက်ထက် မိမိ၏ အသိဉာဏ်နှင့် ဆုံးဖြတ်ကြရန် ပြောခဲ့ခြင်းဖြစ်ပါသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာ ပြောကြားသူများအနေဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခြင်း၊ မဲပေးမှုမပြုခြင်းများကို စဉ်းစားမည်ဟုဆိုလျှင် မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ထိုအပြုအမူများ၏ အကျိုးဆက်ကို စဉ်းစားကြရပါလိမ့်မည်။ ထိုသို့ ပြုမူခဲ့လျှင် မည်သည့်ကောင်းကျိုးများ ရှိနိုင်သကဲ့သို့ မည်သည့်ဆိုးကျိုးများလည်း ရှိနိုင်သည်ကို တွေ့ရှိနိုင်ရန် လိုပါသည်။ အထူးသဖြင့် ဆိုးကျိုးများကို မြင်နိုင်ရန်လိုပါသည်။

မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲများသည် မဖြစ်မနေဖြတ်သန်းရမည့် ဖြစ်စဉ်တစ်ခု ဖြစ်နေရာ အဓိက မျှော်မှန်းချက်ဖြစ်သော Political Process နှင့် Check and Balance ဖြစ်ပေါ်စေနိုင်မည့် လုပ်ငန်းစဉ်များကို အားပေးကူညီ ထောက်ခံကြရပါလိမ့်မည်။ ရွေးကောက်ပွဲများကို ဆန့်ကျင်သူ များပြားခဲ့လျှင် သဘောပေါက်သော ပြည်သူများက ဆန့်ကျင်သူများကြောင့် ဖြစ်ပေါ်သွားသော ကွက်လပ်များကိုလည်း ဖြည့်၍ အလုပ်လုပ်ကြရပါလိမ့်မည်။

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် (လွှတ်တော်နှစ်ရပ်ပေါင်း) နေရာ ၄၉၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ရာ တစ်နိုင်ငံလုံး စည်းရုံးနိုင်သော ပါတီကြီးများ၊ တာဝန်မကျေမှုကြောင့် ဖြစ်ပေါ်သွားသော အပေါက်များကို မြို့မိမြို့ဖများက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များဖြင့် ဖြည့်ဆည်းပေးကြရပါလိမ့်မည်။ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၉၈ နေရာအတွက် မြန်မာနိုင်ငံသား သန်းငါးဆယ်ထဲတွင် စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်တိုက်တွန်းသူ အနည်းဆုံး ၄၉၈ ဦး၊ ကိုယ်တိုင်ယှဉ်ပြိုင်ပေးသူ အနည်းဆုံး ၄၉၈ ဦး ပေါ်ပေါက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟု ဆိုချင်ပါသည်။

ပြည်သူများ တာဝန်ကျေရမည့် အချိန်ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းလိုက်ပါသည်။

အယ်ဒီတာ (၇-၄-၂၀၁၀)
The Voice Weekly ဂျာနယ်
အယ်ဒီတာ့အာဘော်
အတွဲ (၆) အမှတ် (၂၃)
Monday, April 12 - 18, 2010
စာမျက်နှာ - ၎

No comments:

Post a Comment

 
Web Statistics