Friday, April 02, 2010

International News


(၁)
နိုင်ငံသားအဖြစ် တရားဝင် သတ်မှတ်ခံထားရသူများကိုသာ ရွေးကောက်ပွဲများတွင် မဲပေးခွင့်ပြုထားသော လူဦးရေ ၁၂၈ သန်းကျော်ရှိသည့် ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရထားသည့် နိုင်ငံခြားသားများကို ဒေသန္တရအဆင့် ရွေးကောက်ပွဲများတွင် မဲထည့်ခွင့်ပေးရေးကို ဂျပန်လွှတ်တော်နှစ်ရပ်လုံးတွင် အဆိုပြုဆွေးနွေးကြတော့မည်ဖြစ်ကြောင်း Mainichi Shimbun သတင်းစာဖော်ပြချက်အရ သိရသည်။

(၂)
အာဖဂန်နစ္စတန်နိုင်ငံတွင် ရောက်နေသည့် အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်များကို စနစ်တကျ ရင်ဆိုင်တိုက်ခိုက်နိုင်ရေးအတွက် အာဖဂန်နစ္စတန်ရှိ တာလီဘန်အုပ်စုများမှ ခေါင်းဆောင်များသည် အီရန်နိုင်ငံတောင်ပိုင်း သဲကန္တာရများအတွင်းရှိ စခန်းများတွင် သင်တန်းတက် လေ့ကျင့်လျက်ရှိကြောင်း The Sunday Times သတင်းမီဒီယာက ဖော်ပြသည်။

(၃)
ကမ္ဘောဒီးယားအမျိုးသမီးများကို တောင်ကိုရီးယား အမျိုးသားများနှင့် လက်မထပ်ရန် ကမ္ဘောဒီးယားအစိုးရက ဒုတိယအကြိမ် ခေတ္တပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

(၄)
အမေရိကန်ပြည်ထောင်စုတပ်မတော်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဒေါင်လိုက် အတက်-အဆင်း လုပ်နိုင်စွမ်းရှိသော F-35 B ဂျက်တိုက်လေယာဉ်သစ်များကို စတင်အသုံးပြုမည်ဖြစ်ကြောင်း အဆိုပါ လေယာဉ်အမျိုးအစားကို ၂၀၀၁ ခုနှစ်မှစတင်၍ ဒီဇိုင်းရေးဆွဲ တည်ဆောက်စမ်းသပ်နေခဲ့သည့် Lockheed Martin ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

(၅)
Avandia ဆိုသော ဆီးချိုဆေးဝါးတစ်မျိုးသည် နှလုံးရုတ်တရက်ထဖောက်ခြင်း (Heart Attack) နှင့် နှလုံး၏ လုပ်ငန်းများ ကျဆင်းရပ်ဆိုင်းခြင်း (Heart Failure) တို့ကို ခံစားရစေသည်ဟု လူနာထောင်ပေါင်းများစွာက တညီတညွတ်တည်း အစီရင်ခံကြကြောင်း New York Times သတင်းစာနှင့် ဆီးနိတ်လွှတ်တော်၏ ယင်းဆေးဝါးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

(၆)
အီရန်သမ္မတ အာမက်ဒီနေဂျက်နှင့်တကွ သဘောထားတင်းမာသည့် သြဇာကြီး အီရန်ဘာသာရေးခေါင်းဆောင်များကို ဆန့်ကျင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးဝါဒီ အီရန်ဒုတိယသမ္မတဟောင်း တစ်ဦးကို အီရန်အစိုးရက ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး နိုင်ငံရေးလုပ်ပိုင်ခွင့် ရာသက်ပန် ပိတ်ပင်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

(၇)
၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စတင်ပြုလုပ်မည့် ဆူဒန်ရွေးကောက်ပွဲကို အတိုက်အခံများ လုံလောက်သောကာလဖြင့် မဲဆွယ်ခွင့်ရစေရန် နောက်ဆုတ်ပေးစေလိုကြောင်း နိုင်ငံတကာစောင့်ကြည့်လေ့လာရေး NGO များက တောင်းဆိုထားရာ ၀င်ရောက်စွက်ဖက်သော စောင့်ကြည့်သူများကို ဆူဒန်သမ္မတ အိုမာအယ်ဘာရှားက နှင်ထုတ်ပစ်မည်ဟု သတိပေးပြောကြားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

(၈)
တာလီဘန်အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်စစ်ဘက်မှ ဖမ်းဆီးခဲ့ရာ ကုလသမဂ္ဂနှင့် တာလီဘန်တို့၏ လျှို့ဝှက်တွေ့ဆုံ ညှိနှိုင်းနေခြင်းကို ထိခိုက်ကြောင်း ကုလသမဂ္ဂ၏ တာလီဘန်ဆိုင်ရာ သံအမတ်ကြီးဟောင်း Kai Eide က ဝေဖန်ကာ ကုလသမဂ္ဂနှင့် တာလီဘန်တို့ လျှို့ဝှက်ဆွေးနွေးမှုများရှိကြောင်း လူသိရှင်ကြား အတည်ပြုခဲ့သည်ဟု ၀ါရှင်တန်ပို့စ်သတင်းတစ်ရပ်က ဆိုသည်။

(၉)
နျူကလီးယားအရေး သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ထပ်မံကြိုးပမ်းသည့်အနေဖြင့် အီရန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်သမ္မတ အိုဘားမားက အီရန်အစိုးရထံသို့ အင်တာနက်မှတစ်ဆင့် ဗီဒီယိုသတင်းစကား ပေးပို့လိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

(၁၀)
နိုင်ငံတစ်ဝန်းတွင် အိမ်ထောင်ရေးအကျိုးဆောင်ကုမ္ပဏီပေါင်း ၃၈၀၀ ကျော် ရှိနေသည့် ဂျပန်နိုင်ငံ၌ အိမ်ထောင်ပြုရန် စဉ်းစားထားသူများနှင့် အိမ်ထောင်ကျပြီးသူများအတွက် ပထမဆုံးသော အိမ်ထောင်ရေးနည်းပညာ သင်တန်းကျောင်းကို တိုကျိုမြို့တွင် ဖွင့်လှစ်ရာ သင်တန်းတက်ရန် စာရင်းပေးသွင်းသူ အမြောက်အမြားရှိနေကြောင်း Tokyo Times မီဒီယာသတင်းဖော်ပြချက်အရ သိရသည်။

(၁၁)
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းတိုးချဲ့ ပြုလုပ်သွားရန် စီစဉ်နေပြီး ဒါကာ-ကူမင်း တိုက်ရိုက်ရထားလမ်းဖောက်လုပ်ရေးနှင့် ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ရန် စိုင်းပြင်းကြိုးပမ်းလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားသည်။

(၁၂)
ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အစီအစဉ်များ ထိခိုက်ပျက်ပြားသွားစေရန် အယ်လ်ကေဒါအုပ်စုနှင့် အဆက်အသွယ်ရှိသော ဖိလစ်ပိုင်အခြေစိုက် အဘူဆေးယက်ဗ် စစ်သွေးကြွအုပ်စုနှင့် ကွန်မြူနစ်သူပုန်များ၏ New People's Army တို့သည် နှောင့်ယှက်တိုက်ခိုက်ရန် စီစဉ်နေကြပြီဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တရားဝင်သတိပေးချက် ထုတ်ပြန်သည်။

(၁၃)
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆရာဝန်တစ်ဦး စိတ်ဖောက်ပြန်ကာ မတ်လ ၂၉ ရက်နေ့က မူကြိုကျောင်းတစ်ခုရှိ ကလေးများကို ဓားဖြင့် လိုက်လံထိုးသတ်ရာ ကလေးငယ်ခြောက်ဦး သေဆုံးသွားပြီး ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြထားသည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
Monday, March 29 - April 4, 2010

No comments:

Post a Comment

 
Web Statistics