Thursday, April 01, 2010

စားသောက်ကုန်များပေါ်က လှည့်စားရေးသားထားသည့် လေဘယ်လ်များ - ဆက်ပိုင်လင်းခန့် (ဆေး-၂)


စားသောက်ကုန်ထုတ်လုပ်သူများက သူတို့ရဲ့ ပစ္စည်းတွေအပေါ်မှာ လူတွေယုံကြည်ပြီး လူကြိုက်များအောင်၊ ပိုရောင်းကောင်းအောင် ဟုတ်သလိုလိုနဲ့ လိမ်ညာပြီး အယုံသွင်းထားတဲ့ လေဘယ်လ်များကို ကျန်းမာရေးနဲ့ အာဟာရပညာရှင်များက ကမ္ဘာကို ထုတ်ဖော်တင်ပြလိုက်ပါတယ်။

Made With Whole Grains (နှံစားသီးနှံ သက်သက်ဖြင့်သာ ပြုလုပ်ထားသည်)

wholegrain.jpg
တကယ်တမ်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မပြုပြင်ထားဘဲ သဘာဝအတိုင်းသုံးတဲ့ နှံစားသီးနှံများရဲ့ ကစီဓာတ်များက တကယ်နည်းနည်းပါပြီး နှံစားသီးနှံသက်သက်ဖြင့်သာ ပြုလုပ်ထားသည်ဆိုတာ မဟုတ်ပါဘူး။ ပြုပြင်ထုတ်လုပ်ထားတဲ့ Refined Sugars and carbohydrates များသာ ဖြစ်ပါတယ်တဲ့။ (တကယ်တမ်းက ဒီလေဘယ်လ်ဟာ အစားအသောက် တော်တော်များများမှာပါတဲ့ လေဘယ်လ်ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ ဆီးချို၊ အဆီများ သွေးကြောပိတ်ရောဂါ၊ အချိုရှောင် ၀ိတ်ချလိုသူများအတွက်သာ မသင့်တော်တာပါ)

Ingredients (ပါဝင်ဖက်ပစ္စည်းများ)
ingredientss.jpg
အဲဒီစာရင်းထဲမှာ ဘယ်သူကမှ သကြားကို ထည့်မရေးကြတာ များပါတယ်။ ရေးလည်း လျှော့ရေးထားကြပါတယ်တဲ့။ တကယ်တမ်းကတော့ အစားအသောက် တော်တော်များများမှာ သကြားပမာဏက ဖော်ပြထားတဲ့ ပမာဏထက် ပိုပါနေကြောင်း တွေ့ရှိရပါတယ်။ နောက်ပြီး ဆီးချိုကြောက်သူတွေကို လှည့်စားချင်တာနဲ့ သကြားကို Sugar လို့ မရေးဘဲ Corn Syrup, High-fructose Corn Syrup နဲ့ White Grape Juice Con Centrate စသဖြင့် လှည့်စားရေးကြပါတယ်။ အချိုရှောင်လိုသူများ၊ အထူးသဖြင့် ဆီးချိုဝေဒနာရှင်များ ဒီစာသားတွေပါရင် မစားသင့်ပါ။

Serving Size (ပါဝင်သော ကယ်လိုရီ အချိုးအစား)
servingsize.jpg
ဒါနဲ့ ပတ်သက်ပြီး နားလည်လွယ်အောင်မရေးဘဲ လှည့်စားထားကြပါတယ်။ (ဧည့်သည်တစ်ယောက်အတွက် တစ်ခွက်စာကို Official Serving လို့ ခေါ်ပါတယ်) တစ်ပုလင်းတို့၊ တစ်ခွက်တို့ဆိုတဲ့ ရယ်ဒီမိတ် သောက်စရာတွေကလည်း တစ်ပုလင်း တစ်ခွက်စသဖြင့် 1 Serving လို့ပဲ အလွယ်သုံးပါတယ်။ ဒီတော့ ဥပမာပြောရရင် အချိုရည် ပုလင်းအချို့မှာပါတဲ့ ၂၀၀ Calorie Per Serving ဆိုတဲ့ စကားက တစ်ပုလင်းလုံးသောက်မှ ကယ်လိုရီ ၂၀၀ လို့ ထင်စရာရှိပါတယ်။ တကယ်တမ်းကတော့ သူက နှစ်ခွက်ခွဲစာပါလို့ 2.5 Serving ရှိလို့ တစ်ပုလင်းလုံးသောက်ရင် ကယ်လိုရီငါးရာ သောက်မိမှာ ဖြစ်ပါတယ်။ ဒါဟာလည်း လှည့်စားနည်းတစ်မျိုးပါပဲ။

Omega 3
omega3k.jpg
အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေဟာ မကောင်းတဲ့အဆီတွေကို လျှော့ချပေးတယ်၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေကို ကာကွယ်ပေးတယ် စတာတွေကြောင့် ကျန်းမာရေးအတွက် ကောင်းတယ်လို့ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အိုမီဂါသရီးတိုင်း မဟုတ်ပါဘူး။ အိုမီဂါသရီးမှာ ပါဝင်တဲ့ အစားအသောက်တွေကို FDA က ရောင်းချခွင့်ပြုထားပေမယ့်၊ အဲဒီအထဲက အိုမီဂါသရီး ဖက်တီးအက်ဆစ်နှစ်မျိုးဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ ကြော်ငြာထားပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တခြားသော ပြည့်ဝဆီများပါ နည်းနေတဲ့အတွက် မကောင်းဘူးလို့ ဆိုပါတယ်။ Omega 3 လို့ လေဘယ်လ်မှာပါတိုင်း နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ မဆိုနိုင်ပါဘူး။

Made With Real Fruit (သစ်သီးအစစ်များနှင့် ပြုလုပ်ထားသည်)
madewithrealfruit.jpg
ပါဝင်တဲ့ သစ်သီးဖတ်တွေကလည်း သကြားအနှစ်နဲ့ ပေါင်းထားတာတွေမို့ အချိုပါဝင်မှု များလွန်းပါတယ်။ ဒါကြောင့် အချိုရှောင်လိုသူတွေ အသီးအနှံ စားလိုသူတွေအနေနဲ့ အသီးစားချင်ရင် အသီးအစစ် လတ်လတ်ဆတ်ဆတ်သာ စားပါ။ သကြားလုံးစားချင်ရင် သကြားလုံးသတ်သတ် ၀ယ်စားပါလို့ အကြံပြုပါတယ်။

0 Trans Fat (ထရန့်ဆီများ လုံးဝမပါပါ)
zerotransfat.jpg
ဒီလေဘယ်လ်ကလည်း မှန်ပေမယ့် မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝမဟုတ်တဲ့ တီထွင်ဖော်စပ် ထုတ်လုပ်လိုက်တဲ့ အဆီပါစားစရာ အားလုံးနီးပါးဟာ အခြေခံသဘောအားဖြင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါ တကယ့်အမှန်တရား ဖြစ်ပါတယ်။ ဒီတော့ ထုတ်လုပ်သူတွေက မကောင်းတဲ့အချက်တွေကို အသေးဆုံးလေး တစ်ခုကိုပဲ ဖော်ထုတ်တဲ့အနေနဲ့ ထရန့်ဆီများ မပါဝင်ပါလို့ လေဘယ်လ်ထဲ ထည့်တာ ဖြစ်ပါတယ်။ နှလုံးအတွက် မသင့်တော်ဘူးလို့ ပညာရှင်များ ညွှန်ကြားထားပါတယ်။

Fiber (အမျှင်ဓာတ်)
ဈေးကွက်ထဲက အစားအသောက်တွေမှာပါတယ်လို့ လေဘယ်လ်ကပ်ထားတဲ့ အမျှင်ဆိုတာတွေက Insulin, Polydextrose နဲ့ Maltodextrin တို့သာ ဖြစ်ပါတယ်။ ဒါတွေဟာ သဘာဝကရတဲ့ အမျှင်ဓာတ်များ မဟုတ်တဲ့အတွက် သဘာဝအမျှင်တွေကို သွေးတွင်းသကြားနဲ့ ကိုလက်စထရောတွေကို မလျှော့ချပေးနိုင်ဘူးလို့ ပညာရှင်များက ထုတ်ဖော်ပြောကြားထားပါတယ်။

Tastes Like Medicine (ဆေးကဲ့သို့သော အာနိသင်ရှိသည်)
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA)က အစားအသောက်ထုတ်လုပ်သူများကို သူတို့ရဲ့ ပစ္စည်းတွေမှာ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့ အချက်တွေပါရင် ထည့်သွင်းကြော်ငြာခွင့် ပြုထားပါတယ်။ ဒါကို သူတို့ကလည်း ကောင်းကောင်း အခွင့်အရေး ယူပါတယ်။ သူတို့ရဲ့ အစားအစာဟာ သက်ရှည်ကျန်းမာ နုပျိုစေတယ်၊ ဘာရောဂါ ကာကွယ်တယ် စသဖြင့် အပီအပြင် ကြော်ငြာပါတယ်။ FDA ကတောင် အတည်မပြုရသေးဘဲ မီဒီယာမျိုးစုံကနေ စမဖြန့်ခင်ကတည်းက ကြော်ငြာပါတယ်။ နောက်ပိုင်း ပြန်စစ်ကြည့်မှ ကြော်ငြာထားသလောက် အစွမ်းမရှိတာ၊ လုံးဝကို မစွမ်းတာတွေကို တွေ့လာရလို့ FDA လည်း ပြန်ပြန် ကြော်ငြာနေရပြန်ပါတယ်။

The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၂၁)
စာမျက်နှာ - ၃၆

***************
ဂျာနယ်မှာပါတဲ့ဆောင်းပါးက စာတွေချည်းပဲပါတာပါ။ ဒီအတိုင်းဖတ်ရတာထက်စာရင် သက်ဆိုင်ရာ လေဘယ်လ်လေးတွေကို ကြည့်ပြီးဖတ်ရရင် ပိုကောင်းမယ်လို့ ယူဆတဲ့အတွက် Google ကနေ သက်ဆိုင်ရာ လေဘယ်လ်ဓာတ်ပုံလေးတွေရှာပြီး ထည့်ပေးထားတာပါ။ ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာပါတဲ့ အစားအသောက်တွေရဲ့ လေဘယ်လ်တွေဟာ လိမ်ပြီးရေးထားတာလို့ မဆိုလိုပါဘူး။ အဲဒီပုံတွေကို ထည့်ပေးထားရခြင်းရဲ့ ရည်ရွယ်ချက်က သက်ဆိုင်ရာလေဘယ်လ်တွေကိုပဲ သိစေချင်တာဖြစ်ပါတယ်။ -------------- [ကိုဉာဏ်]

No comments:

Post a Comment

 
Web Statistics