Monday, May 03, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁)

ဇာတ်ကားအမည် - သိုက်ဆက်
ဝတ္ထု - မင်းသစ္စာလှိုင် (ကဒုံကနိ)
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ပြေတီဦး၊ နန္ဒ၊ သက်မွန်မြင့်၊ ကိုပေါက်၊ ကေညီဦး၊ အေးသီတာ၊ ယွန်းရွှေရည်၊ ကြူကြူသင်း
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
နုနယ်သေးတဲ့ ကလေးငယ်တွေရဲ့စိတ်မှာ စွဲထင်သွားတဲ့ အစွဲအလန်းတစ်ခုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ၊ လူမှုရေးအခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရပုံကို ထိထိမိမိ တင်ပြထားပါတယ်။ ပြေတီဦးရဲ့ သရုပ်ဆောင်ပီပြင်မှု၊ သက်မွန်မြင့်ရဲ့ ခံစားချက်ပေါ်လွင်မှုတွေကြောင့် ဇာတ်လမ်းဟာ အတော်လေးကို စွဲဆောင်မှုကောင်းခဲ့ပါတယ်။ ဒီဇာတ်ကားအတွက် ကျွန်တော်အမှတ်ပြည့် ပေးမိသူတွေကတော့ ဇာတ်ပို့တွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိ ဇာတ်ကိုပို့သလဲဆိုရင် သူတို့တွေသာ မပါခဲ့ရင်ဆိုပြီး တွေးကြည့်လိုက်တဲ့အခါ ပေါ့ပျက်ပျက်ကြီး ဖြစ်သွားတဲ့အထိပါပဲ။ အေးသီတာ၊ ယွန်းရွှေရည်နဲ့ ကြူကြူသင်းတို့တွေ စကားတစ်ခွန်းပြောရင်တစ်ခွန်း၊ အမူအရာတစ်ချက်လုပ်ရင်တစ်ချက် ဆိုသလိုပဲ ကြည့်နေတဲ့ပရိသတ်တွေ တ၀ါးဝါးနဲ့ ပွဲကျရမှာပါ။ အပူရုပ် ပြေတီဦးနဲ့ အအေးရုပ် နန္ဒတို့ရဲ့ အားပြိုင်မှုကလည်း ထိထိမိမိရှိပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်သဘောမကျတာ တစ်ခုကတော့ ပြေတီဦးရဲ့အစွဲကို ချွတ်ပေးတဲ့သူအဖြစ် ဘိုးတော် (အဘ)တစ်ယောက်ကို ထည့်လိုက်တာပါပဲ။ ဘိုးတော်ကိုးကွယ်မှုဟာ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တောင် အမြစ်တွယ်နေပြီလဲဆိုတာကို ရင်လေးသွားမိပါတယ်။ နတ်ကတော်တစ်ယောက်က ပြောလိုက်တဲ့ အစွဲတစ်ခုကို မစွဲလန်းသင့်ကြောင်း ပညာပေးနေတာ ဟုတ်နေပါလျက်နဲ့ အဲဒီအစွဲကို ဘိုးတော်တစ်ယောက်နဲ့ ချွတ်တယ်၊ အဲဒီဘိုးတော်ကို လက်အုပ်တွေဘာတွေ ချီနေတာကို ပြလိုက်တာကတော့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ လိုသွားတဲ့အချက်လို့ ထောက်ပြချင်ပါတယ်။ တကယ်ဆိုရင် အဲဒီနေရာမှာ သံဃာတော်တစ်ပါးပါးကို ထည့်သွင်းရိုက်ပြမယ်ဆိုရင် အတော်လေးကို ပြည့်စုံသွားတဲ့ဇာတ်လမ်း ဖြစ်သွားမယ်ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အသေအချာ အားထည့်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကိုတော့ အသိအမှတ်ပြုပါတယ်။ အတင်းကလိမထိုးဘဲ ပရိသတ်တွေ ၀က်ဝက်ကွဲရယ်ရမယ့် အခန်းတွေ အများကြီးပါတာကိုလည်း အခမဲ့ လက်တို့လိုက်ကြောင်းပါနော်။

(၂)
ဇာတ်ကားအမည် - ဒုတိယမြောက် ဥယျာဉ်တော်
ဝတ္ထု - လရောင်ချို
ဇာတ်ညွှန်း - သီဟစိုး
ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - မြင့်မြတ်၊ ခိုင်သင်းကြည်၊ ဦးခိုင်တင်၊ ထူးသာ
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
အစွဲအလန်းတစ်ခုကြောင့် ဖြစ်ရတဲ့အကြောင်းအရာတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ အဲဒီရက်ပိုင်းက ကြည့်သမျှ ဇာတ်လမ်းတွေအကုန်လုံးက ဘယ်လိုဖြစ်ပြီး အခုလိုမျိုး အစွဲအလန်းတွေ၊ သိုက်နန်းတွေ ဖြစ်နေရသလဲဆိုတာကို အံ့သြမိသေးတယ်။ ၀တ္ထုထဲမှာတော့ ဖတ်လို့ကောင်းမယ်လို့ ယူဆရပေမယ့် ဇာတ်လမ်းအနေနဲ့ ခိုင်သင်းကြည် စွဲလန်းပုံမျိုးကို ကြည့်ရတဲ့အခါမှာတော့ အတော်လေးကို အမြီးအမောက်မတည့်တာ တွေ့ရပါတယ်။ အပြင်လောကမှာ အဲဒီလိုမျိုး ရှိမှရှိပါ့မလားလို့ တွေးယူရလောက်အောင် ဇဝေဇ၀ါ ဖြစ်ရပါတယ်။ အင်း... အချို့သော ဟာသခန်းတွေ ပါတဲ့အတွက် ကြည့်ပျော်တယ်ဆိုတာကလွဲရင် တအားကြီးတော့ စိတ်တိုင်းကျတဲ့ဇာတ်လမ်း မဟုတ်ကြောင်းပါ။

(၃)
ဇာတ်ကားအမည် - နှလုံးသားစစ်တုရင်
ဇာတ်လမ်းနှင့် ဇာတ်ညွှန်း - ညာလက်တော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်နန္ဒာ၊ ချောရတနာ၊ လူမုန်း၊ ဇော်ဝင်းနိုင်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ကြည့်သင့်တဲ့ အိမ်ထောင်ရေးဇာတ်လမ်း တစ်ခုပါ။ စိုးမြတ်နန္ဒာက ဘာမပြောညာမပြောနဲ့ အိမ်ပေါ်ကဆင်းသွားပြီး သူ့မှာကိုယ်ဝန် လွယ်သွားရတယ်ဆိုတာကတော့ အတော်ကြီးကို အံ့သြရတဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူတို့ကွဲတဲ့အကြောင်းကိုလည်း အခြားနည်းလမ်းတစ်ခုခုဆိုရင် ပိုပြီးများ အဆင်ပြေမလားလို့ပါ။ အခုတော့ ဇာတ်မနာ,နာအောင် တမင်ဖန်တီးပြီး ကွဲစေသတည်းလို့ လုပ်လိုက်သလို ဖြစ်သွားတယ်လို့ မြင်မိပါတယ်။ ချောရတနာကတော့ သူ့အပိုင်ဆုံးဇာတ်ရုပ်ဖြစ်တဲ့ မိန်းမနောက်ပိုးဇာတ်ကို အပီပြင်ဆုံး သရုပ်ဆောင်သွားပါတယ်။ စိုးမြတ်နန္ဒာကို မကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ရတာ အဆင်ပြေမယ်မထင်ပါဘူး။ မင်းသမီးဇာတ်ရုပ်တွေကို သူဘာကြောင့် ဆက်ရိုက်နေရသေးသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သူ့ဘော်ဒီ၊ သူ့မျက်နှာဟာ အတော်ကြီးကို ပြုပြင်သင့်နေပြီဖြစ်တဲ့ ပြစ်ချက်တွေပါပဲ။

(၄)
ဇာတ်ကားအမည် - စိန်ခေါ်ပွဲ
သြရသ ရေးတဲ့ ဇာတ်လမ်း
ဇာတ်ညွှန်း - သီဟစိုး
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - နိုင်းနိုင်း၊ မယ်လိုဒီ၊ လင်းလက်ဟိန်း၊ ကျော်ကျော်ပိုင်မှူး၊ အုန်းသီး၊ ဗေဒါ၊ ရဲမွန်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဟာသဇာတ်လမ်းတစ်ခုအနေနဲ့တော့ အတော်ကြီးကို ရယ်ရတဲ့ဇာတ်ကားပါ။ ဒါပေမယ့် အတင်းကလိထိုးနေတာတွေ များနေတာကိုတော့ သဘောမကျမိဘူး။ အပြင်မှာ အဲဒီလို တကယ်ဖြစ်နိုင်လားဆိုတာကို နည်းနည်းလောက် စဉ်းစားပြီးတော့မှ ဇာတ်ကွက်ဆင်သင့်တယ် ထင်တာပါပဲ။ နိုင်းနိုင်းကို သူ့သူငယ်ချင်းတွေ စွပ်စွဲတာမျိုးဆိုရင် အပြင်မှာရော အဲဒီလို ဖြစ်နိုင်ရဲ့လားဆိုတာကို တွေးမိတဲ့အခါ ခေါင်းတယမ်းယမ်း ဖြစ်စရာချည်းပါပဲ။ အဲဒီအချက်ကို ဘာမှမဟုတ်သလို ပေါ့ပေါ့လေး လုပ်ပြတာ၊ အဲဒီစွပ်စွဲချက်ပျောက်အောင် သက်သေပြမယ်ဆိုတဲ့ အချက်တွေဟာ အတော်ကြီးကို ကလေးကလားနိုင်တာကလွဲရင် ပေါ့ပေါ့ပါးပါးတော့ ရှိပါတယ်။ ဘယ်လောက်အထိ ပေါ့ပါးသလဲဆိုရင် ဗီဒီယိုကို ဗီဒီယိုအနေဖြင့်သာ ကြည့်ပါရန်လို့ စာတန်းထိုးပြီးမှ ပြသင့်တဲ့ဇာတ်ကားပါ။ အဲဒီဇာတ်ကားအတွက် အတန်ဆုံးကတော့ မယ်လိုဒီကို ကြည့်ရတာပါပဲ။ မယ်လိုဒီကို ကြိုက်တဲ့လူတွေ၊ သဘောကျတဲ့လူတွေကတော့ တံတွေးတမြိုမြိုနဲ့ ကြည့်ရမယ့်ဇာတ်ကားပါ။ အဲဒီဇာတ်ကားမှာ မယ်လိုဒီရဲ့ စကားပြောဟန်၊ မျက်နှာအမူအရာတွေဟာ ပုရိသတွေကို တောက်တခေါက်ခေါက်ဖြစ်အောင် လုပ်ပါလိမ့်မယ်။

(၅)
ဇာတ်ကားအမည် - ဒဏ်ရာရလိပ်ပြာ
ဇာတ်လမ်း - နီကိုရဲ
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - မြင့်မြတ်၊ စိုးမြတ်သူဇာ၊ တင်မောင်ဆန်းမင်းဝင်း၊ ခင်လေးနွယ်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုတွေကို ကျွန်တော်ကြိုက်ခဲပါတယ်။ သူရိုက်တဲ့ဇာတ်လမ်းလေးတွေက ကောင်းတဲ့အတွက်သာ ငှားကြည့်ဖြစ်တာ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ မြင့်မြတ်ကို အမှတ်ပြည့် ပေးမိပါတယ်။ နီကိုရဲရေးတဲ့ ဇာတ်လမ်းတွေထဲမှာ ပါဝင်နေကျဖြစ်တဲ့ မောင်ရဲဝင်းဆိုတဲ့ ဇာတ်ကောင်ဟာ ကျွန်တော်တို့တွေနဲ့ ရင်းနှီးနေပြီးသား ဖြစ်ပါတယ်။ အဲဒီမောင်ရဲဝင်းနဲ့ မြင့်မြတ် တစ်ထပ်တည်းကျနေတာကို ဒီဇာတ်ကားမှာ တွေ့လိုက်ရပါတယ်။ မြင့်မြတ်ကိုကြည့်နေရင်း နီကိုရဲလို့တောင် မြင်လာတဲ့အထိပါပဲ။ စိုးမြတ်သူဇာပါတဲ့ ဇာတ်လမ်းဆိုတော့လည်း သာမန်ပေါကြောင်ကြောင် မဟုတ်မှာကို သိနေလောက်ပါပြီ။ မောင်ရဲဝင်းကတော့ သိတယ်မလား။ ထုံးစံအတိုင်းပေါ့။ ငှားကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် ညွှန်းချင်ပါတယ်။

(၆)
ဇာတ်ကားအမည် - လက်(ဖ)ယူ လက်(ဖ)မီ Love You Love Me
ဇာတ်လမ်းကျောရိုး - စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ ဦးသုခ
ဇာတ်ညွှန်း - မင်းညီ ရင်နှင့်ရင်း၍ ရေးသည်။
ဒါရိုက်တာ - မိုးခြိမ်းညံ
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ နေအောင်၊ ချစ်သုဝေ၊ သတ္တိ၊ ဆုရွှန်းလဲ့၊ ပြည့်ဖူးခိုင်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ပထမဆုံး ဘာဖြစ်လို့ မင်းသမီးတွေအများကြီး သုံးထားရသလဲဆိုတာကို စဉ်းစားမိတယ်။ ကိုယ့်လက်ရာကို ကိုယ်မယုံလို့ မင်းသမီးတွေနဲ့ မြူဆွယ်တာလား။ ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့်လား။ ဆုရွှန်းလဲ့နဲ့ ပြည့်ဖူးခိုင်နေရာမှာ အခြားမင်းသမီးပေါက်စတွေ ထည့်လိုက်ရင်လည်း ဖြစ်နေတာပါပဲ။ ပြည့်ဖူးခိုင်ကတော့ ထားလိုက်ပါတော့။ လိုတယ်လို့ ပြောလို့ရပါသေးတယ်။ ဆုရွှန်းလဲ့ကိုတော့ ဘာဖြစ်လို့ ထည့်ထားရသလဲ ဆိုတာကို နားမလည်နိုင်လောက်အောင်ပါပဲ။ အရင်ပုံစံမဟုတ်ဘဲ ပုံပျက်နေတာကလည်း ကြည့်ရဆိုးစေတယ်။ သီချင်းတွေ အများကြီးတ၀ကြီး နားထောင်ရမယ်။ တနင့်နင့်ခံစားရမယ့် ဇာတ်ကွက်တွေအများကြီး ပါတဲ့အတွက် ဇာတ်လမ်းကောင်းကြိုက်သူတွေကတော့ သဘောကျမှာပါ။ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ။

(၇)
ဇာတ်ကားအမည် - ရူးအောင်ချစ်မယ့်လူ
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း နှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ နေယံ၊ စိုးပြည့်သဇင်၊ ရှက်တယ်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
မှားမှမှားတတ်ပါပေ့ဗျာလို့ အော်ရမယ့်ဇာတ်ကားပါပဲ။ အင်း... အဲဒီအမှားကပဲ ဇာတ်လမ်းတစ်ခုလုံးကို ဖြစ်စေတာဆိုတော့ အဲဒီအမှားကိုပဲ နားမလည်နိုင်အောင် ဖြစ်နေရတယ်။ ဟာသကားတွေမှာ အဲဒီလိုမှားတာတွေကို ကြည့်ဖူးပါတယ်။ ရယ်ရပါတယ်။ ဒါပေမယ့် ဒီလိုဇာတ်လမ်းမှာတော့ အဲဒီလို မှားတာကြီးက အဓိပ္ပါယ်မရှိသလိုကြီး ခံစားရတယ်။ အခြားတစ်ခုခုနဲ့ လှည့်လိုက်ရင် ပိုကောင်းမှာပဲလို့ တွေးနေမိတယ်။ သူပြောချင်တဲ့ ဇာတ်လမ်းရည်ရွယ်ချက်လေးက ကောင်းနေလို့ နှမြောမိခြင်းပါ။ စိုးမြတ်သူဇာရဲ့ တစ်ချက်တစ်ချက် အမူအရာတွေဟာ ပြောစရာဖြစ်စေပါတယ်။ ဘာကြောင့် စူပါဖြစ်နေသလဲဆိုတာ အဲဒီမှာ တွေ့ရတာပါပဲ။ စိုးပြည့်သဇင်ကလည်း တကယ့်ကို အပြစ်ကင်းတဲ့ ချစ်စရာကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်သွားနိုင်ပါတယ်။ ဇာတ်သိမ်းခန်းကတော့ ဒီဇာတ်ကားရဲ့ message ဆိုပါတော့။ ခန့်စည်သူတွေးနေတာတွေကို အရောင်တွေနဲ့ ပြတာကတော့ မဆိုးလှဘူးလို့ ပြောရမယ်။ ဒါပေမယ့် ပရိသတ်တိုင်း နားလည်သဘောပေါက်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်စေတယ်။ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၃ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics