Tuesday, May 04, 2010

ပြည်သူလူထုက ကူညီပါ


ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအများစုအတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်အတွင်း ဒီမိုကရေစီရေးဆိုသည်မှာ ကြုံကြိုက်လျှင် ဆွေးနွေးရုံထက် ပိုမလုပ်သင့်သော အရာတစ်ခုဖြစ်ခဲ့သောကြောင့် ဒီမိုကရေစီရေးနှင့် ပတ်သက်၍ စောင့်စားနေခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် ပြီးခဲ့သောလများအတွင်း ထွက်ပေါ်လာခဲ့သော နိုင်ငံရေးပါတီဆိုင်ရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် အိပ်မောကျနေသော ပြည်သူများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်စေခဲ့သော်လည်း ပြည်သူတစ်ဦးချင်းသည် လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေဘောင်အတွင်းမှ လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံရေးကို လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေပြီး ဤနည်းလမ်းသည်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်မည့် ဘောင်ဝင် အန္တရာယ်ကင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ပြည်သူများအနေဖြင့် လုပ်သင့်လုပ်ထိုက်သောအလုပ်ကို မလုပ်ခဲ့၍ နောင်တရခဲ့လျှင် နောက်ထပ် ၂၀၁၅ ရွေးကောက်ပွဲတိုင် စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် ဥပဒေဘောင်အတွင်းမှ တစ်ဦးချင်းဆောင်ရွက်နိုင်သော နိုင်ငံရေးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်တွင် မိမိ မဲ့ထည့်လိုသည့် အမတ်အမျိုးအစား ၀င်ရောက်ယှဉ်ပြိုင်နေခြင်း ရှိ၊ မရှိ သိရှိအောင်လုပ်ခြင်း၊

၂။ မိမိ မဲထည့်ရမည့် မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပေါင်းသုံးဦး ၀င်ရောက်ယှဉ်ပြိုင်နေခြင်း ရှိ၊ မရှိ လေ့လာခြင်း၊

၃။ တစ်ဦးတည်း ပြိုင်ဘက်မရှိ ဖြစ်နေသောအခြေအနေမျိုး မဖြစ်စေရန် သင့်တော်သူများကို တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်စေရန် တိုက်တွန်းခြင်း၊ ကူညီခြင်း၊ ရန်ပုံငွေထူထောင်ပေးခြင်းများ ပြုလုပ်ခြင်း၊

၎။ လူတစ်ဦး ကျပ် (၁၀၀၀) ဖြင့် လူ (၅၀၀) စုလျှင် အမတ်တစ်ဦး မှတ်ပုံတင်ကြေးကို အလွယ်တကူ ရနိုင်သည်ဖြစ်၍ ၀ိုင်းဝန်းကူညီခြင်း၊

၅။ ရွေးကောက်ပွဲနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း၌ မဲရုံပေါင်း သိန်းနှင့်ချီ၍ ပေါ်ပေါက်မည်ဖြစ်ရာ (ဥပမာ- လူ ၃၀၀ လျှင် မဲရုံ ၁ ရုံ။) ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိ၏ မဲဆန္ဒနယ်အတွင်း လုံလောက်သော မဲရုံကိုယ်စားလှယ်များရရှိရေး အခက်အခဲရှိမည် ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များသည် မိမိနှစ်သက်ရာ အမတ်လောင်းအတွက် မဲရုံကိုယ်စားလှယ်အဖြစ် လုပ်အားပေးခြင်းဖြင့် ဥပဒေဘောင်းအတွင်း၌  အန္တရာယ်ကင်းသော နိုင်ငံရေးကို ပါဝင်ဆောင်ရွက်ပေးခြင်း၊

၆။ ရွေးကောက်ပွဲနေ့တွင် လူတိုင်း မဲရုံသို့သွား၍ နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်မည်ဟု ယုံကြည်သော အမတ်လောင်းတစ်ဦးကို သတ္တိရှိရှိ မဲပေးခြင်းသည် ဥပဒေနှင့် မညီသော လမ်းပေါ်ထွက်ဆန္ဒပြခြင်းမျိုးထက် ပို၍ထိရောက်သည့် နိုင်ငံရေးကို လုပ်ကိုင်ခြင်းဖြစ်သည်။

များစွာသေချာသည်မှာ ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်ဆိုသော အချက်ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်းအတွက် မိမိတို့၏ မိခင်နိုင်ငံအပေါ် ချစ်မြတ်နိုးကြောင်းနှင့် တာဝန်ကျေပွန်လိုကြောင်း သက်သေပြနိုင်ရန် အခွင့်အရေးဆိုသည်မှာ အမြဲတစေ ကြုံကြိုက်နေသည်မဟုတ်ပါ။ ယခုကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲမျိုးနှင့် ကြုံကြိုက်နေချိန်မျိုးတွင် နိုင်ငံသားတစ်ဦးချင်းက ထိုက်တန်သည့် အရည်အချင်းရှိသော အမတ်လောင်းများ လွှတ်တော်ပေါ်သို့ ရောက်ရှိရေးကို ၀ိုင်းဝန်းလုပ်ကိုင် ပေးလိုက်ကြမှသာလျှင် များစွာ ခေတ်နောက်ကျ ကျန်နေခဲ့သောနိုင်ငံကို အချိန်မီ ကယ်တင်နိုင်လိမ့်မည် ဖြစ်ပေသည်။

အယ်ဒီတာ (၇-၄-၂၀၁၀)
The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၂၅)၊ Monday, May 3 – 9 , 2010
အယ်ဒီတာ့အာဘော်
စာမျက်နှာ - ၎

No comments:

Post a Comment

 
Web Statistics