Tuesday, May 25, 2010

လူချွန်လူကောင်း


ရေးသူ - မြို့မငြိမ်း

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်၊ လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်၊ ရိတ်သိမ်းချိန်ဆိုပြန်လျှင်၊ ၀င်းမှည့် ရွှေစင်အိလို့ပင်၊ စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်။

မနက်ခင်းစိတ်ရွှင်၊ လန်းကြစေ ဆွဲငင်၊ ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်၊ လုပ်ငန်းကို ကိုယ်စီဝင်၊ စက်ရုံကြီးငယ် အရပ်ရပ်တွင်၊ ကြည်း ရေ တခွင်၊ ရောင်းဝယ် စုန်ဆန်သာစည်ပင်။

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်၊ မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်၊ ဗမာ့သားကောင်းများကို၊ အဆိုအတီးမှုနဲ့ပင်၊ ရိုသေခင်မင်၊ အားတက် အလေးပြုလျက်ပဲ အစဉ်။

ကစား ခုန်လွှား စွမ်းအားဖက်တွင်၊ စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်၊ သန်မြန် ယောက်ျား ဘသားလျှင်၊ လျှပ်စစ်အား အသုံးများတဲ့ပြင်၊ တွင်တွင်ကျယ်ကျယ် ထက်အောက်ပြေတခွင်၊ သစ်ပင်တွေ မြေတွင်းဓာတ်တွေ၊ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်၊ ကမ္ဘာမြေ ပထ၀ီဝင်၊ ကမ္ဘာ့သမိုင်း ရာဇ၀င်၊ သုံးသပ်လေ့လာသင်၊ အကြံဉာဏ်ဝေဖန် မြော်လို့မြင်၊ ငါတို့ ပြည်ထောင်စုတွင်၊ ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်၊ မြေပြင် လေပြင် နှံ့စပ်စုံလင်၊ တို့လူချွန် လူကောင်း အစုတွင်၊ ပါဝင် တစ်ယောက်ဆို တစ်အားပင်။

ဆရာဝန် ပညာတွေသင်၊ ခေတ်ရောရှေးမီ သမားကျော်များပင်၊ လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင် ရင်ဝယ်သား၊ ညွှန်ကြား ညွှန်ကြား၊ သန်ထွားကျန်းမာ ခံနိုင်အားအင်၊ ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင်၊ လူချွန်လူကောင်းလေးတွေဖြစ်အောင်၊ မြေတောင် မြှောက်ကာ မြှင့်တင်၊ ကစားခုန်လွှား ……………………… ပါဝင် တစ်ယောက်ဆို တစ်အားပင်။

***************
မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ သီချင်းလေးကို ပြန်ရေးပြီး တင်ပေးလိုက်တာပါ။ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ပြည့်ဝမှု၊ ကျစ်လျစ်မှု၊ ပြောလိုရင်းကို မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်မြင်လာအောင် ပြောဆိုနိုင်မှုတွေကို အထင်းသားမြင်နေရတဲ့ အံ့သြစရာ သီချင်းတစ်ပုဒ်ပါ။ ဘယ်အချိန်မှာပဲ ကြားလိုက်ကြားလိုက် ပါးစပ်ကနေ တိုးတိုးလေးဖြစ်ဖြစ် လိုက်မညည်းဘဲ မနေနိုင်တဲ့ သီချင်းတစ်ပုဒ်လို့ ကျွန်တော်ကမြင်မိပါတယ်။ သီချင်းရေးသူဟာ ဘယ်လိုဉာဏ်မျိုးနဲ့များ အဲဒီသီချင်းကို ရေးခဲ့ပါလိမ့်ဆိုတဲ့ မေးခွန်းကို တွေးရတာဟာ အင်မတန်မှကို စိတ်ဝင်စားစရာပါ။ တွေးမိတိုင်းလည်း ဆရာမြို့မငြိမ်းကို ကျေးဇူးတင်လို့မဆုံး၊ ချီးကျူးလို့မဆုံး၊ ကြည်ညိုလို့မဆုံးပါဘူး။ ကျွန်တော်အကြိုက်ဆုံး စာသားကတော့ "ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်" ဆိုတဲ့ စာသားတွေပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပညာရှင်ကြီးတစ်ဦးက မြန်မာလူမျိုးတွေကို ကမ္ဘာကြည့် ကြည့်မြင်ဖို့ တိုက်တွန်းနိုင်ခဲ့တယ်ဆိုတဲ့ အသိဟာ ဘယ်လောက်များ ဂုဏ်ယူဖို့ ကောင်းလိုက်ပါသလဲ။ ဘယ်လောက်များ မြန်မာတွေ ခေတ်ရှေ့ပြေးလိုက်ပါသလဲ။ အခုခေတ်မှာသာ အိုင်တီခေတ်၊ နည်းပညာခေတ်၊ ဘာခေတ်၊ ညာခေတ် စသည်ဖြင့် ပါးစပ်နဲ့မဆံ့အောင် အော်နေကြတာ။ ဆရာမြို့မငြိမ်းက လွန်ခဲ့တဲ့ကာလတစ်ခုကတည်းက အဲဒါတွေကို တိုက်တွန်းနေခဲ့ပြီးသားပါ။ ဒီနေ့လိုအချိန်အခါမှာ နွားခြေရာခွက်လေးကို မဟာသမုဒ္ဒရာကြီး ထင်မှတ်မှားပြီး ကျေနပ်သာနေကြသူတွေ၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေကြတဲ့ အတ္တကြည့်သမားတွေကို မြင်ရတဲ့အခါတိုင်း မြို့မငြိမ်းကို သတိရမိပြီး မဆီမဆိုင် မျက်နှာပူမိသေးတော့တယ်။

ဘယ်စာအုပ်ထဲက ကူးယူထားမိမှန်း မမှတ်မိတော့ပါဘူး။ စကားလုံးတွေ မှားယွင်းနေခဲ့ရင်၊ စာလုံးပေါင်းတွေလွဲနေခဲ့ရင် အမှားများကို ထောက်ပြပြင်ပေးကြပါဦး။

လူချွန်လူကောင်းသီချင်းကို အဆိုတော် (ဦး)သုမောင် သီဆိုထားတဲ့ ဗီစီဒီတစ်ခုကို You Tube မှာ တွေ့တဲ့အတွက် လင့်ခ်ထည့်ပေးလိုက်ပါတယ်။ နားထောင်လိုသူများ သွားရောက်နားဆင်နိုင်ပါတယ်။ မြန်မာပြည်တွင်းက စာဖတ်သူတွေအတွက်တော့ You Tube မှာ နားထောင်စရာ လိုမယ်မထင်ပါဘူး။ မြို့မ Live Show ခွေထဲမှာ အလွယ်တကူ နားထောင်နိုင်ကြမှာပါ။
သုမောင် - လူချွန်လူကောင်း (VCD)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၅ ရက်၊ အင်္ဂါနေ့။
နံနက် ၈ နာရီ ၂၇ မိနစ်။

1 comment:

  1. Anonymous4:18 PM

    ကိုအံ့ကြီး ဆိုထားတာလေးတွေ့လို့ပြန်တင်ပေးပါတယ်..။

    http://ifile.it/k9ix4wy

    ReplyDelete

 
Web Statistics